Thursday, October 3, 2013

တစ်ချိန်တုန်းက ကျွန်တော်ချစ်ခဲ့ဖူးတယ်။
နှလုံးသားတစ်ခုရင်းပြီးပေါ့
ကျွန်တော့်ရဲ့ အချစ်ကြောင့် ကျွန်တော့်အနာဂတ်အားလုံးပျက်ဆီးခဲ့ရတယ်။
ကျွန်တော့်ရဲ့ အချစ်ကြောင့် ကျွန်တော့်အိပ်မက်တွေအကုန်ပျက်ဆီးခဲ့ရတယ်။
တစ်နေ့တော့ ကျွန်တော့်ရဲ့ နှလုံးသားကိုစွန့်လွှတ်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။
ကျွန်တော့်ရင်ထဲကနှလုံးသားကို စွန့်လွှတ်ဖို့ ကြိုးစားနေချိန်မှာ
နှလုံးသားကကျွန်တော့်ကိုပြောပါတယ်။
"ငါ့ကိုမလွှင့်ပစ်ပါနဲ့ မင်းအတွက်တစ်ခုခုပြန်ပေးနိုင်မှာပါလို့" ပြောတယ်။
သူ့ရဲ့ ဆန္ဒကိုလိုက်ရောတဲ့အနေနဲ့ ကျွန်တော့်နှလုံးသားကို အပေါင်ဆိုင်မှာ 
ပေါင်နှံဖို့ကျွန်တော်ထွက်လာခဲ့တယ်။
ဆိုင်ထဲရောက်တော့ ဆိုင်ရှင်က ကျွန်တော့်ကိုမေးတယ်။
ဘာပေါင်ချင်သလဲ ဘာနဲ့လဲမလဲ တဲ့။
ကျွန်တော်က အေးစက်တဲ့နှလုံးသားတစ်ခုကို အောင်မြင်မှုတွေ၊ရည်မှန်းချက်တွေနဲ့ လဲလှယ်ချင်ပါတယ်လို့ပြောတယ်
ဆိုင်ရှင်သဘောတူတာနဲ့ နှလုံးသားကို အပေါင်ဆိုင်ထားခဲ့ပြီး
အောင်မြင်မှုတွေ ရည်မှန်းချက်တွေနဲ့ လဲလှယ်ခဲ့တယ်။
ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝလာတဲ့အခါ
ကျွန်တော်လိုချင်တဲ့ အောင်မြင်မှုတွေရလာခဲ့အခါ
ကျွန်တော့်မှာ အထီးကျန်ခြင်းဆိုတဲ့အရာလေးကကပ်ပါလာခဲ့တယ်။
အထီးကျန်တဲ့နေ့ရက်တွေကြားမှာ ခြောက်သွေ့စွာဖြတ်သန်းရင်းနဲ့
အချစ်ကို ကျွန်တော်တောင့်တလာခဲ့တယ်။
ဒါနဲ့ပဲ အပေါင်ဆိုင်ကိုကျွန်တော်ပြန်သွားခဲ့တယ်။
ကျွန်တော့်ရဲ့ နှလုံးသားကို 
"ကျွန်တော့်ရဲ့ အနာဂါတ်၊မျှော်လင့်ချက်တွေနဲ့ လဲလှယ်ခဲ့တယ်။"
အခုတော့ ကျွန်တော့်ရင်ထဲမှာရှိနေတဲ့နှလုံးသားကြောင့် 
ချစ်ခြင်းမေတ္တာနဲ့ပေးဆပ်ခြင်း၊ရယူခြင်းဆိုတာကိုနားလည်လာခဲ့တယ်။
အတိုင်းအဆမရှိနက်နဲတဲ့ ချစ်ခြင်းမေတ္တာဆိုတာ နှလုံးသားကနေပေါက်ဖွားလာတဲ့အရာပါပဲ။
အိမ်အပြန်ရောက်တော့ နှလုံးသားကိုဖွင့်ကြည့်မိတယ်။
ကျွန်တော်သာ အသက်တွေကြီးလာခဲ့တယ်
ကျွန်တော့်နှလုံးသားက 
အရင်အတိုင်း လန်းဆန်းနေတုန်းပဲ တက်ကြွနေတုန်းပဲ။ နုပျိုနေဆဲပါပဲ။