Saturday, March 23, 2013

လိပ်ပြာရင်ကွဲ






တစ်ခါက တိတ်ဆိတ်ပြီးအေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာ နေ၀င်ချိန်ကနေ နေထွက်ချိန်အထိ အမြဲမခွာတတွဲတွဲပဲနေခဲ့ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်အရမ်းလဲသည်းခံနိုင် သစ္စာထားနိုင်လွန်းလို့
မြင်သူတကာတိုင်း အားကျရတဲ့စုံတွဲလေးပေါ့။

တစ်နေ့မှာ မတော်တစ်ဆမှုကြောင့် ကောင်မလေးအပြင်းအထန်ဒဏ်ရရပြီး ဆေးရုံမှာမေ့မျောနေခဲ့တယ်။
အိပ်ရာထဲမှာပဲနေ့ပေါင်းများစွာ ရက်ပေါင်းများစွာ လဲလျောင်းနေခဲ့တယ်။
နေ့ဘက်တွေဆို ကောင်လေးက ကောင်မလေးအနားမှာ ကောင်မလေးကြိုက်တဲ့ရောင်စုံပန်းလေးတွေယူပြီး
ရောက်ရောက်လာတတ်တယ်။နောက်ပြီး ပန်းလေးတွေကို ကောင်မလေးရဲ့ဆံကေသာထက်မှာပန်ဆင်ပေးတယ်။
လက်သည်းတွေရှည်လာတဲ့အခါ ကောင်လေးက ဂရုတစိုက်လက်သည်းညှပ်ပေးတယ်။
နောက်ပြီး ပန်းနုရောင်လက်သည်းဆိုးနီလေးတွေနဲ့အေးစက်တဲ့ကာင်မလေးရဲ့လက်သည်းလေးတွေကိုဆိုးပေးမယ်။
ကောင်မလေးရဲ့လက်ကလေးကို ဆုပ်ကိုင်ပြီးသူမရဲ့နာမည်ကိုတတွတ်တွတ်ရွတ်ဆိုနေတတ်တယ်။
ညဘက်ဆိုရင် ဘုရားသွားပြီး ကောင်မလေးကျန်းမာဖို့ ဆုတောင်းလေ့ရှိတယ်။
အချိန်တွေကုန်လာပြီးနောက်ပိုင်း ကောင်လေးမှာငိုရလွန်းလို့ မျက်ရည်တွေတောင်ခန်းလုနီးနေပြီပေါ့။
ဒါပေမယ့် ကောင်မလေးကမေ့မျောနေဆဲပဲ။ဒါပေမယ့်....ကောင်လေးလက်မလျှော့ဘူး။
အမြဲတမ်းဆုတောင်းမြဲဆုတောင်းတယ်။
ဒီလိုနဲ့....တစ်နေ့မှာ နတ်မင်းကြီးတစ်ပါးက ကောင်လေးရဲ့မလျှော့တဲ့ဇွဲနဲ့ ကောင်မလေးအပေါ်ထားရှိတဲ့
သစ္စာတရားသူ့အပေါ် သနားသက်ဝင်လာခဲ့တယ်။နတ်မင်းကြီးက" ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့
လဲနိုင်မလား"လို့မေးတယ်။
ကောင်လေးက လဲနိုင်ကြောင်းချက်ခြင်းပြန်ဖြေတယ်။
"ဒါဆိုရင် ကောင်မလေးအမြန်နိုးထလာဖို့ လိပ်ပြာလေးဘ၀နဲ့တစ်သက်လုံးနေသွားရမယ် သဘောတူလား"လို့ ကောင်လေးကိုမေးတယ်။
ကောင်လေးက သဘောတူကြောင်းချက်ခြင်းပဲပြန်ဖြေတယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ လိပ်ပြာလေးအသွင်ပြောင်းသွားခဲ့တယ်။
လိပ်ပြာလေးဟာ ဆေးရုံဆီကိုအမြန်ပျံလာခဲ့တယ်။
အခန်းထဲရောက်တော့ ကောင်မလေးက နိုးနေပြီး သူ့မိဘတွေနဲ့စကားပြောနေတာကိုတွေ့ရတယ်။
သူတို့ပြောနေတာတွေကို လိပ်ပြာလေးမကြားရပါဘူး။
တစ်ပတ်လောက်ကြာတော့ ကောင်မလေးဆေးရုံပေါ်ကဆင်းသွားခဲ့တယ်။
ဒါပေမယ့် ကောင်မလေးမပျော်နိုင်ဘူး နေရာအနှံ့ ကောင်လေးကိုလိုက်ရှာခဲ့တယ်။
ကောင်လေးက လိပ်ပြာလေးအသွင်နဲ့ ကောင်မလေးဘေးမှာပျံသန်းနေပေမယ့် ကောင်မလေးကိုသူခေါ်လို့မရဘူး။
ကောင်မလေးကို ငေးစိုက်ကြည့်နေခဲ့ရတယ်။
နွေမိုးဆောင်း ဥတုတွေပြောင်းလာခဲ့တယ်။သစ်ရွက်တွေကြွေလိုက် ရွက်သစ်တွေဝေလိုက်နဲ့ အချိန်တွေကုန်လာခဲ့တယ်။ 
လိပ်ပြာလေး ကောင်မလေးအနားမှာအမြဲရှိပေမယ့် ကောင်မလေးကလိပ်ပြာလေးကိုသိမှမသိခဲ့တာ။
ကောင်မလေးလဲ ကောင်လေးအကြောင်းလိုက်စုံစမ်းပေမယ့်။ဘယ်မှာမှန်းမသိခဲ့ပါဘူး။
အချိန်ကြာလာလို့ နှစ်တွေပြောင်းလာတဲ့အခါ ကောင်မလေးအနားကိုကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်။
လွတ်နေတဲ့ကွက်လပ်လေးကိုဖြည့်တယ်လို့သူယူဆပေမယ့်....
တကယ်တော့ လိပ်ပြာလေးဟာ သူ့ချစ်သူဆိုတာ ကောင်မလေးမသိခဲ့တာပါ။
အချိန်ကာလတွေတိုက်စားလာတဲ့အခါ လိပ်ပြာလေးဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။
သူနားနေကျကောင်မလေးပခုံးကို ကောင်လေးတစ်ယောက်က တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတယ်။
သူ့တောင်ပံနဲ့ထိနေကျ ကောင်မလေးပါးပြင်ကိုလဲ ကောင်လေးတစ်ယောက်က တယုတယနမ်းနေတယ်။
လိပ်ပြာလေးတစ်ကောင်က သူတို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောကြည်နူးနေတဲ့ သူတို့နှစ်ယောက်
သတိထားမိမှာမဟုတ်ဘူး။ကောင်မလေးက အတိတ်ဆိုတာကိုလုံးဝမေ့သွားခဲ့ပြီလေ...။


ကောင်မလေးရေ....
လိပ်ပြာလေးက နင်အရမ်းချစ်ပါတယ်ဆိုတဲ့ ကောင်လေးပါ။
နင့်အသက်ကို သူ့ဘ၀နဲ့လဲပြီးတော့ချစ်တဲ့ ကောင်လေးပါ။
နင့်ကိုချစ်လွန်းလို့ လိပ်ပြာလေးဘ၀နဲ့နေသွားမယ့်သူပါ။
နင့်အပြင်ချစ်ရမယ့်သူ လိပ်ပြာလေးဘ၀မှာရှိမှာမဟုတ်တော့ပါဘူးကောင်မလေးရယ်။
ကောင်မလေးရယ် တစ်ခုတော့ နားလည်ပေးပါ
နင်နဲ့ငါ ချစ်ခဲ့ကြာအိပ်မက်တွေမဟုတ်ပါဘူး
နင်နဲ့ငါ တစ်သက်လုံးအတူနေသွားကြမယ်လို့ ကတိတွေလဲပေးခဲ့ကြတယ်။
နင်နဲ့ငါ တစ်ဘ၀လုံးအတူလျှောက်လမ်းမယ်လို့ ဘုရားမှာသက်သေပြုခဲ့ကြတယ်။
အခု နင့်အနားမှာမသိမသာလေး ပျံဝဲနေတဲ့ လိပ်ပြာလေးက ငါပါ ငါပါပဲ...ကောင်မလေးရယ်....။

လိပ်ပြာလေးဟာ ရင်ထဲကဝေဒနာကိုကြိတ်မှိတ်ခံစားရင်း ဒီနှစ်နွေဟာ ခါတိုင်းနွေထက်ပိုရှည်နေတယ်လို့ထင်မိတယ်။
ကောင်မလေးအနားမှာပျံသန်းဖို့ ခွန်အားတွေယုတ်လျော့နေတယ်။
လိပ်ပြာလေးဟာ အလွမ်းရက်ရှည်တွေကြားမှာ ရင်ကွဲပက်လက်စီးမျောနေရင်းနဲ့
တောင်ပံတွေဖြန့်ပြီး ပျံသန်းဖို့အားမရှိတော့ပါဘူး။
လိပ်ပြာလေးကပြောတယ် သူမငိုဘူးတဲ့။ဘယ်လောက်ပဲသူခံစားရလို့
ဘယ်လောက်ပဲ ရင်တွေကွဲအက်ပါစေ သူမငိုဘူးတဲ့...။
တကယ်တော့ ဒီစကားက မျက်ရည်တွေသုတ်ပြီး သူနောက်ဆုံးပြောခဲ့တဲ့စကားတစ်ခွန်းပါ...
သူဘယ်တော့မှမငိုတော့ပါဘူး.....

တချို့ကံတရားတွေက လက်လွှတ်ဆုံးရှုံးရဖို့ စီရင်ပြီးသားပါ။
တချို့ကပေါင်းစပ်ဖို့ ကံပါမလားဘူး။
လူတစ်ယောက်ကိုချစ်တာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။
ဒါပေမယ့် လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်းတန်ဖိုးထားချစ်တတ်ရမယ်။

သင့်အနားမှာရော လိပ်ပြာလေးတစ်ကောင် နားခဲ့ဖူးသလား....

No comments: