Saturday, March 23, 2013

အသည်းကွဲတဲ့ရောဂါကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ....




အသည်းကွဲတယ်ဆိုတာနဲ့ လူတွေဟာဘာမှစိတ်မ၀င်စားတော့ဘဲ ၀မ်းနည်းစိတ်ကကြီးစိုးနေတတ်တယ်။
ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်တောင်ပေါက်လာတတ်ကြတယ်။လူဆိုတာ ခံစားချက်ရှိတဲ့သူတွေမို့ ဒါတွေကိုအပြစ်လို့ပြောမရပါဘူး။
အချစ်ကြီးရင်ကြီးသလို ခံစားရမှာပါပဲ။ဖြစ်လာပြီးမှတော့ ဘာမှမတတ်နိုင်ပါဘူး။အဆိုးထဲက အကောင်းကို ဆွဲထုတ်ယူပြီး
ဘ၀မှာ အဆင်ပြေပြေ ပျော်ရွှင်အောင်နေဖို့ နည်းလမ်းတွေရှာရတော့မှာပေါ့။လူ့ဘ၀ဆိုတဲ့ ခဏတာအချိန်လေးထဲမှာ
ဝမ်းနည်းပူဆွေးမှုတွေနဲ့ပဲ အချိန်တွေကုန်နေမယ်ဆိုရင် လူဖြစ်ရကျိုးလဲနပ်မှာမဟုတ်ပါဘူး။အသည်းကွဲတယ်ဆိုတဲ့ရောဂါဟာ
ကုသလို့မရတဲ့ရောဂါမဟုတ်ပါဘူး။ အချိန်ပေးပြီး ကုမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။တစ်ခါတစ်လေ တစ်ယောက်တည်းနေရတာ
ကောင်းပါတယ်။ကိုယ်လုပ်ချင်တာ ကိုယ်ဝါသနာပါတာလေးတွေကို ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်တစ်ယောက်တည်းလုပ်နေရတာဟာလဲ
ကြည်နူးစရာပါပဲ။အသည်းကွဲရောဂါကုဖို့က အဓိကက ကိုယ့်စိတ်တစ်ခုပါပဲ။ကဲ ဒီတော့အသည်းကွဲရောဂါကိုကုစားကြည့်ရအောင်ဗျာ..



အသည်းကွဲရောဂါကို မိမိဘာသာကုစားနည်း

-သူငယ်ချင်းများနဲ့တွေ့ဆုံပြီး ပျော်ပွဲရွှင်ပွဲလေး တစ်ခုခုဖန်တီးပါ။သူငယ်ချင်းတွေကိုယ့်အနားမှာရှိနေတာဟာ
 ကိုယ့်စိတ်ကို ပေါ့ပါးလွတ်လပ်စေပြီး ပျော်ရွှင်စေပါတယ်။

-အချစ်ဟောင်းနဲ့ပတ်သက်သမျှ စာ၊ပစ္စည်း ၊အမှတ်တရများ အာလုံးကို ဗူးတစ်ခုခုထဲထည့်ပါ။
 ကိုယ်မမြင်နိုင်တော့တဲ့ နေရာတစ်နေရာရာမှာ သွားစွန့်ပစ်လိုက်ပါ။အမှတ်တရ တွေကိုမမြင်တွေ့ရတော့
 သူနဲ့ ပတ်သက်သမျှအကြောင်းတွေ ဘာကိုမှမတွေးမိတော့ဘူးပေါ့။

-စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအားလုံးကို နေ့စဉ်ဒိုင်ယာရီစာအုပ်လေးထဲမှာ ရေးလိုက်ပါ။
 တစ်ခါတစ်ခါ ပေါ့ပေါ့ပါးပါးအတွေးလေးတွေက ရင်ထဲက၀မ်းနည်းမှုတွေကို ချေဖျက်နိုင်ပါတယ်။

-ဘာသာစကားသင်တန်းတစ်ခုခု၊ ကွန်ပျူတာသင်တန်းတစ်ခုခုတက်ပြီး တစ်ခုခုလေ့လာသင်ယူလိုက်ပါ။

-စိတ်ထဲမှာ ၀မ်းနည်းစိတ်၊ တမ်းတစိတ်တွေဖြစ်လာတဲ့အခါမျိုးမှာ စိတ်ဝင်းစားဖွယ်ကောင်းတဲ့ စာအုပ်တစ်အုပ် သို့မဟုတ်
 ရုပ်ရှင်ကားတစ်ကားနဲ့ အချိန်ကုန်လိုက်ပါ။

-အပြင်ထွက်ပြီး အနှစ်သက်ဆုံးအစားအစာတွေ သွားစားလိုက်ပါ။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဝင်ကြည့်ဖြစ်ရင် ပိုတောင်ကောင်းပါသေးတယ်။

-ချစ်သူနဲ့ အတူရှိနေခဲ့တဲ့အတူရှိစဉ်တုန်းက ကိုယ်ပြောဖူးတဲ့၊ကိုယ်ဖြစ်ချင်တဲ့ အလုပ်တစ်ခုခုကိုလုပ်လိုက်ပါ။

-ဇာတ်သိမ်းခန်းလှတဲ့ အချစ်ရုပ်ရှင်တွေကိုကြည့်ပါ။ ဒါမှလဲ အချစ်ဆိုတာ ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းခန်းရှိတယ်လို့ထင်မှာပေါ့။

-ကိုယ်ရဲ့ အိမ်ခန်း၊နေအိမ်လေးကို သန့်ရှင်းရေးလုပ်ပါ။မလိုအပ်တဲ့အမှိုက်တွေ လွှတ်ပစ်လိုက်ပါ။ကိုယ်နှစ်သက်တဲ့ ပန်းချီကား၊
 အလှပန်းအိုးလေးတွေနဲ့ အိမ်ကိုအလှဆင်လိုက်ရင် ကိုယ့်အတွက် နန်းတော်လေးဖြစ်သွားပြီပေါ့။

-ခရီးတိုလေးတစ်ခု ထွက်လိုက်ပါ။နေရာအသစ်အဆန်းလေးတစ်ခုက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေလို့ စွန့်ခွာသွားတဲ့
 အချစ်ဟောင်းကို သတိရဖို့တောင်တွေးမိမှာမဟုတ်ဘူး။

-သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာအချိန်ကုန်ဆုံးလိုက်ပါ။


 ကဲ အခုဆို ဘယ်မှာအသည်းကွဲဝေဒနာခံစားရဦးမှာလဲ။ ဘ၀ဟာပျော်စရာကောင်းသွားပြီပေါ့နော်....။


No comments: