Saturday, December 31, 2011
ကျွန်တော်ဖတ်ဖို့ (၁)
ရည်မှန်းချက်ထားပါ။
အိပ်မက်ကြီးကြီးမက်ပါ။
ရည်ရွယ်ချက်ကြီးကြီးထားပါ။
အလုပ်မှန်သမျှစူးစမ်းလေ့လာပါ။
စနစ်တကျလုပ်ဆောင်ပါ။
စိတ်ရှည်ပါ။
သည်းခံပါ။
ဇွဲရှိပါ။
အလုပ်တစ်ခုကို အာရုံစူးစိုက်၍ ရေရှည်လုပ်ကိုင်ပါ။
လူတန်းစားမရွှေး ဖော်ရွှေစွာ ပေါင်းသင်းဆက်ဆံပါ။
အချိန်ကို တန်ဖိုးရှိစွာ အသုံးချကုန်လွန်ပါစေ။
အချိန်ကို  အကျိုးမဲ့ အချီးအနှီး မကုန်လွန်ပါစေနှင့်
အချိန်ပိုနေသည်  ထင်ပါက အတတ်ပညာ တစ်ခုခုကို  သင်ယူပါ။
အချိန်ပိုနေသည်  ထင်ပါက  အသိပညာ  တစ်ခုခုကို  လေ့လာပါ။
ယခု ရှိသောအချိန်ကို တန်ဖိုးရှိစွာ  အသုံးချတတ်ပါစေ။
ကုန်လွန်သွားသော အချိန်ကိုပြန်ယူ၍ မရနိုင်သလို  မရောက်သေးသော  အချိန်ကို မမျှော်
မှန်းပါနှင့် လက်ရှိအချိန်သည်  သင့်အတွက်  အဖိုးတန်ဆုံး  အချိန်ဖြစ်သည်။ ယခု ရှိနေ
သောအချိန်သည် သင့်အတွက် တန်ဖိုးရှိသောအချိန်ဖြစ်၍ တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။
အလုပ် လုပ်နေသော သူသည် အမှားမကင်းနိုင်ပါ။မည်သည့်အလုပ်မျှ  မလုပ်သောသူသည်
မည်သည့်အမှားမျှ  မရှိနိုင်ပါ။ အခက်အခဲမှန်သမျှ  ကြုံတွေ့လာလျှင် စိတ်ဓါတ်မကျပဲ
ကြံကြံခိုင်  ရင်ဆိုင်နိုင်မှ လောကတွင် အောင်မြင်နိုင်သည်။ မည်သည့်  အခက်အခဲမဆို
ကျော်လွှား  ဖြတ်သန်းနိုင်အောင်ကြိုးစားပါ။ သူတပါးကို အပြစ်ပြောဆိုခြင်းကို တတ်နိုင်
သမျှရှောင်ပါ။မိမိကိုယ်ကိုသာ ဝေဖန်စမ်းစစ်ပါ။
အလုပ် လုပ်နေသောသူကို  အလုပ် မလုပ်သော သူကပြစ်တင်  ဝေဖန်တတ်ပါသည်။ မိမိ
ကောင်းကျိုးကိုရှေ့ရှု ဆောင်ရွက်တတ်သလို ..လောက၊ သူတပါး၏ ကောင်းကျိုးကို လည်း
ဆောင်ရွက်ပါ။တစ်နေ့တာပြုမူဆောင်ရွက်  ပြောဆို လုပ်ကိုင်ချက်များသည်  မိမိအကျိုး
သူတပါးအကျိုး သံသရာအကျိုး ရရှိမှသာ လူဘ၀တွင်လူဖြစ်ရကျိုးနပ်၍  အောင်မြင်သော
လူသားတစ်ဦးဖြစ်နိုင်သည်။
မိမိ အတ္တသာရှေ့ရှု၍   မိမိကောင်းကျိုးသာ သိသောသူသည် ကျင့်သောသူသည် စည်းစိမ
ဥစ္စာမည်မျှရှိနေစေ  ရာထူးဂုဏ်ထူး မည်မျှရှိနေစေ    ပညာမည်မျှတတ်နေစေ ထိုသူသည်
လူသားစင်စစ်ဧကံ ဖြစ်နေသော်လည်း  လူဖြစ်ရှုံးနေသောလူသား တစ်ဦးသာဖြစ်မည် ။
ထိုသို့သောလူအား  အောင်မြင်သည်ဟု  မမြင်ထိုက်ပါ။
လူသားအခြင်းခြင်း  ကူညီစောင့်ရှောက် ဖေးမကြင်နာ  သနားငဲ့ငြာတတ်မှသာသင်သည်
လူ့ဘ၀တွင်  လူဖြစ်ရကျိုးနပ်၍   အောင်မြင်သောလူသားစင်စစ် ဧကံဖြစ်ပေလိမ့်မည်။
အောင်မြင်သောလုပ်ရပ်ကို  လုပ်ဆောင်ပြုမူနေသော  ထူးချွန်ထက်မြက်သည့် လူဟုခေါ်
ဆိုအပ်သော  လူဖြစ်ပေလိမ့်မည်။
သင်သည်တစ်နေ့ တစ်ချိန်တွင် မုချအောင်မြင်နိုင်ပါသည်။
အောင်မြင်မှုသည်  သင်၏ လက်တစ်ကမ်းမှာ ရှိသည်။
ကိလေသာတဏှာ  ကမ္ဘာ
အတ္တ  မိုးလောက်
မာန  တံခွန်ထူ
လောဘ  တောင်တန်း
ဒေါသ   လျှပ်စီးလက်
သောက  မြစ်ပြင်ကျယ်
သမုဒ္ဒရာ  လှေငယ်တစ်စီးပေါ်မှာ
သံယောဇဉ်   လူသားတစ်ဦး
မေတ္တာ  တရား
လက်မှာ  ကိုင်၍
ဘ၀ ကိုလှော်ခတ်နေတယ်။
ဘ၀ ရည်မှန်းချက်
မေးခွန်းတကာတို.တွင် အရေးအကြီးဆုံးမေးခွန်းသည် ဘ၀ ရည်မှန်းချက်ပင်ဖြစ်သည်။ ဤကမ္ဘာမြေပေါ်မှာ ကျွန်ုပ်တို.ဘာလုပ် နေကြသလဲ။ ဘယ်ဆီက ကျွန်ုပ်တို.လာခဲ.ကြသလဲ။ ဘယ်ဆီသို. ကျွန်ုပ်တို. သွားနေကြသလဲ။
ဘ၀၏ အဓိပ္ပယ် ဆိုတာ ဘာလဲ။ ကျွန်ုပ်တို.၏ဘ၀ကံကြမ္မာက ဘာလဲ။
ဤမေးခွန်းများသည် အမှန်တကယ်ပင် အလွန်အရေးကြီးကြသည်။ ဤမေးခွန်းများကို ဖြေကြားရန်လိုသည်။ သို.သော် ဤမေးခွန်းတို.သည် ဒဿနိကဗေဒပညာရှင်များကို ခေတ်အဆက်ဆက် စိတ်ရှုပ်ထွေးစေခဲ.သည်။
ဘာထရန်ရတ်ဆယ်နှင်. လီယိုတော်စတွိုင်ကဲ.သို.သော ခေတ်သစ်တွေးခေါ်ရှင်ကြီးများကပင်လျှင် အဖြေရှာမရကြောင်းဝန်ခံကြရသည်။
လူသည် ဤကမ္ဘာမြေပေါ်တွင် အသိဥာဏ်အမြင်.ဆုံးနှင်. ဆင်ခြင်တွေးခေါ်တတ်သော သတ္တ၀ါဖြစ်သည်။ အဆင်.ဆင်. တိုးတက်ပြောင်းလဲ မှုဖြစ်စဉ်ဟူသောသစ်ပင်ပေါ်တွင် အမြင်.ဆုံးနေရာကိုယူထားသူလည်းဖြစ်သည်။ ထို.ကြောင်. လူသားတစ်ဦးတည်းကသာ လျှင်သဘာဝ၌ ရှိသော သူ၏ အနေအထားကို သိမြင်ပြီး သူ.ဘ၀၏ အဓိပ္ပယ်နှင်. ရည်မှန်းချက်တို.ကို သိနားလည်ဖို.ရှိသည်။
မြို.တွင်း၌ ရည်ရွယ်ချက်မရှိဘဲ ခြေဦးတည်.ရာ လျှောက်သွားနေလျှင် မည်သည်.အကျိုးကျေးဇူးကိုမျှ ရရှိမည်မဟုတ်ချေ။ရည်မှန်းချက်ပန်းတိုင်မရှိဘဲဘ၀ခရီးကိုနှင်သူသည် ပင်လယ်ပြင်ကျယ်တွင်လှေငယ်ပေါ်ထိုင်နေသည်.အရပ်မျက်နှာအမှတ်အသားအားလုံးပျောက်ဆုံးပြီး မည်သည်.အရပ်ကို လှော်ရမှန်းမသိသောသူနှင်.တူနေလိမ်.မည်။
ဘ၀ပြဿနာက အလွန်အမင်းခက်ခဲသည်ဟု ထင်ရသောအခါ လူများစွာတို.သည် မိမိတို.၏ဘ၀ကံကြမ္မာအကြောင်းနှင်.ထိုက်တန်ကောင်းမွန်သည်. ဘ၀ရည်မှန်းချက်တစ်ခုချမှတ်ရေးအကြောင်း
နှင်.ထိုက်တန်ကောင်းမွန်သည်.ဘ၀ရည်မှန်းချက်တစ်ခုချမှတ်ရေးအကြောင်းတို.ကို စိတ်ရှုပ်ခံ၍ မစဉ်းစားကြတော.ချေ။ လူတို.၏ အာရုံကို အများဆုံး ဆွဲဆောင်သောလက်ငင်းပြဿနာများကိုသာအလေးထားကြတော.သည်။
လူပီသသောသူသည်မိမိဘ၀အကြောင်းကိုအလေးအနက်စဉ်းစားဆင်ခြင်ပြီးလျှင် အကောင်းဆုံးပန်တိုင်နှင်.ဘ၀လမ်းစဉ်တစ်ခုကိုချမှတ်ရမည်။ဤသို.မချမှတ်နိုင်လျှင်သူသည် ဘ၀၏အဓိပ္ပာယ်ကင်းမဲ.မှုကြောင်. စိတ်ပျက်ပူဆွေးမှုနှင်. လွှမ်းမိုးဝါးမျိုခြင်းကိုခံရလိမ်.မည်။
ကျွန်ုပ်တို.၏ နေထိုင်ပုံသည် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများနှင်. လူ.အဖွဲ.အစည်းအတွက် ကောင်းကျိုးများကို
ဖြစ်ထွန်းစေသင်.သည်။ အချိန်တို စီစဉ်မှုများအပြင် ဘ၀တစ်သက်တာပတ်လုံး ကြိုးပမ်းဆောင်ရွက်ရမည်.မြင်.မြတ်သော ဘ၀ရည်မှန်းချက်တစ်ခုကိုလည်း ကျွန်ုပ်တို.ချမှတ်သင်.ကြသည်။
ဒေါက်တာ မင်းတင်မွန်၏ THE PURPOSE AND THE GOAL OF LIFT (ဘ၀ကိစ္စ နှင်. ဘ၀ပန်းတိုင် ) စာအုပ်မှ ပြန်လည်ကောက်နှုတ်ဖော်ပြထားပါသည်။
မြစ်ဆုံ မှ ကူးယူတင်ပြပါသည်။
နှင်းခိုတဲ့ငှက်
ညကလှတယ်။လကလဲသာနေတယ်။ညမွှေးပန်းလေးတွေရဲ့ ရနံ့လေးက တစ်လမ်းလုံးသင်းနေတယ်။
ဒီဇင်ဘာနှင်းမှုန်တွေကြားမှာ မြက်ခင်းစိမ်းလေးတွေပေါ်မှာနားခိုနေတဲ့ နှင်းစက်လေးတွေကိုကြည့်ရင်း
တစ်ဆောင်းသစ်ပြန်ပြီနော်။အခုဆို ဆောင်းငှက်လေးတွေရဲ့ တွန်ကျူးသံတွေကြားရတော့မယ်။
ရိုးပြတ်တောကြီးရဲ့ အလယ်မှာ စိမ်းလမ်းတဲ့ စိုက်ခင်းတွေ၊လမ်းတစ်ဖက်တစ်ချက်က ချောင်းရေစီးသံတွေနဲ့
သာယာတဲ့ညနေခင်းတွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းလာပြီနော်။တကယ်ဆို နှင်းမကွဲတဲ့ နံနက်ခင်းအလင်းမှုန်ပြပြမှာ
လမ်းလျှောက်ထွက်လာကြတဲ့ အရွယ်စုံ အားကစားသမားတွေရယ်၊ပြည်သူ့ရင်ပြင်ထဲမှာ သွေးပူလေ့ကျင့်ခန်းဆင်းနေကြတဲ့ သူတွေရယ်၊
သူတို့အားလုံးဟာ ဆောင်းရာသီရဲ့ အလှကို အပြည့်အ၀ခံစားနေကြလေရဲ့။ကျွန်တော်လဲ ဒီနေ့အစောကြီးနိုးနေတာနဲ့
တစ်ယောက်တည်းလမ်းလျှောက်ထွက်လာတာပေါ့။တစ်လမ်းဝင်တစ်လမ်းထွက်လျှောက်နေရင်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့
ကျွန်တော်ခဏနားပြီး ရေနွေးပူပူလေးသောက်ကြည့်တယ်။နေနတ်သားလေးနိုးထလာတဲ့အချိန်မို့ လောကကြီးကသာယာလိုက်တာ။
ဒီလိုဆောင်းနံနက်ခင်းတွေကုန်ဆုံးမှာကိုတော့ နှမျောမိတယ်ဗျာ။ဘာလိုလိုနဲ့ အခုဆို ဒီဇင်ဘာနေ့ရက်တွေကုန်ဆုံးတော့မယ်။
မကြာခင်နှစ်တစ်နှစ်ဆီကိုကူးပြောင်းကြတော့မယ်။နေ့၊လ၊ရက်တွေ ပြောင်းလို့ ဟောင်းနွမ်းကုန်တဲ့ အတိတ်နေ့ရက်တွေလဲ
အခုဆိုလွမ်းနေရပြီပေါ့။ကျွန်တော်ဆောင်းငှက်လေးတစ်ကောင်ဖြစ်ချင်တယ်။ဆောင်းရာသီမှာ နယ်ပြောင်းလာကြတဲ့ဆောင်းငှက်လေးကို
သဘောကျတယ်ဗျာ။ဒီဇင်ဘာရဲ့ အအေးဒဏ်ကိုသူတို့ ခံနိုင်ရည်ရှိကြတယ်။မြက်ခင်းတွေပေါ်မှာ တွဲလဲခိုနေတဲ့ နှင်းရည်လေးတွေကို သူတို့သောက်သုံးကြတယ်။
ထွက်သစ်စအဖူးအညွန့်လေးတွေကိုသူတို့ စားသုံးကြတယ်။ညရောက်တော့ ညမွှေးပန်းပင်ပေါ်မှာ သူတို့အိပ်စက်ကြတယ်။
ချယ်ရီပန်း၊စပယ်ပန်းတွေပွင့်တဲ့ ဆောင်းမှာ ကျွန်တော်ခရေပန်းလေးကိုပိုကြိုက်တယ်။အနံ့လေးကသင်းတယ်။နောက်ပြီး ခရေပန်းလေးတွေကောက်ရတာကိုသဘောကျတယ်။
ကျွန်တော်ငယ်ငယ်ကဆိုရင် ညီတွေ၊ညီမတွေနဲ့ မနက်တိုင်း ဘုန်းကြီးကျောင်းထဲမှာ ခရေပန်းသွားကောက်ကြတဲ့အချိန်လေးတွေကိုသတိရလိုက်တာ။
ခရေပင်းကြီးအောက်ရောက်နေတဲ့အခိုက်မှာ ကျွန်တော်ပြန်ငယ်သွားသလိုခံစားရတယ်။ဒါပေမယ့် အခုတော့ ကျွန်တော့်အနားမှာ ခရေပန်းလေးတွေလဲမရှိတော့ဘူး။
ခရေပင်ကြီးတွေလဲမတွေ့တော့ဘူး။ကျွန်တော့်ဘေးမှာရှိနေတာကတော့ အလွမ်းတွေ၊အဆွေးတွေပဲရှိတော့တယ်။
ဘ၀ရထားကြီးစီးရင်းနဲ့ တစ်ဘူတာပြီး၊တစ်ဘူတာ ဆိုက်တဲ့အခိုက် တစ်ချို့က လက်ပြနှုတ်ဆက်လို့နေခဲ့ကြတယ်။
တချို့က ရထားပြောင်းစီးကြတယ်။တချို့က အခန်းတွဲတွေပြောင်းစီးကြတယ်။အခုတော့ အချိန်ရထားကြီးခုတ်မောင်းလို့
ကြေမွခဲ့တဲ့နှလုံးသား ဆောင်းညတွေမှာဆွေးလို့နေပါပြီ။အိမ်ပြန်ချင်တဲ့အတွေးလေးရင်ဝယ်ပိုက်လို့ အမေ့မျက်နှာမြင်ယောင်ရင်းနဲ့ အလွမ်းတွေကိုမျိုသိပ်နေရပြီပေါ့။
လူပိုလို့ သတ်မှတ်ကြတဲ့ ကျွန်တော့်ကို လမ်းဘေးက လက်ဖက်ရည်ဆိုင်တွေ၊ဘီယာဆိုင်တွေက မျက်စပစ်နေကြတယ်။
အဖေကပြောတယ် ကျောင်းပြီးရင် အလုပ်လုပ်ပါတဲ့။ကျောင်းတုန်းကပျော်စရာလေးတွေပြန်တွေးလို့ မျက်ရည်တွေဝဲနေတဲ့အခိုက်
ဘ၀သံသရာသီချင်းလေးက ကျွန်တော့်ကို အားသစ်တွေပေးခဲ့တယ်။ မျှော်လင့်ချက်တွေကုန်ဆုံးနေချိန်မှာ ကဗျာတွေက အဖော်လုပ်ပေးတယ်။
ကျွန်တော်နေမကောင်းလို့ အိပ်ရာထဲမှာ လဲနေတဲ့အခိုက် ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့မိတ်ကောင်းဆွေကောင်းစာအုပ်လေးတွေက ကျွန်တော့်ကိုအားအင်တွေပေးစွမ်းတယ်။
နေရိပ်ညိုတဲ့ ဆည်းဆာချိန်ရောက်ပြန်တော့ ငှက်ကလေးတွေအိပ်တန်းတက်နေတာငေးရင်း ကျွန်တော့်ရဲ့ အပျင်းတွေကိုပြေစေတာပေါ့။
မနက်မိုးသောက်အလင်းရောက်လို့ အပြင်ထွက်ပြန်တော့ ခိုလေးတွေအစာကျွေးနေတဲ့ကျောင်းသားလေးတွေကိုငေးရင်း ကျွန်တော်လဲ သူတို့လိုပဲကျောင်းသားလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ
ကျွန်တော်သတိရသွားပြန်တယ်။ကားဂိတ်မှာ ဘတ်စ်ကားအလာစောင့်နေတုန်း မျှော်လင့်မထားတဲ့ ငယ်သူငယ်ချင်းတွေနဲ့တွေ့တော့ ပျော်လိုက်တာ အရမ်းပဲ။
လက်ဖက်ရည်ဆိုင်ထဲမှာ အားရပါးရ စကားတွေပြောရင်း အလုပ်သွားချိန်ရောက်တော့ လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့တဲ့ ကျွန်တော့်ကို သူတို့အားပေးစကားတွေပြောသွားသေးတယ်။
လူကြပ်ကြပ်ဘတ်စ်ကားပေါ်မှာ တန်းလေးကိုမနည်းတွယ်ထားရင်းနဲ့ ငယ်ငယ်က စက်ဘီးအတူတူစီးခဲ့တဲ့ သူငယ်ချင်းတွေကို မယောင်မလည် သတိရမိသွားသေးတယ်။
အချိန်ကုန် လူပန်းလို့ နေ့တစ်နေ့ ကုန်ခါနီးအဆုံးမှာ မြူမှုန်လေးတွေကိုငေးမောရင်းအိမ်ပြန်ချိန် ရောက်ပြန်ပြီပေါ့။ကျွန်တော်အိမ်ပြန်တော့မယ်ဗျာ။
အိမ်ရောက်ရင် ဆောင်းငှက်လေးတွေဝရန်တာမှာ ကျွန်တော်လာတာကိုစောင့်နေရောပေါ့။အေးစက်တဲ့ နှင်းစက်တွေကြားမှာ နိုးထလာရဦးမယ့်
အာရုံဦးနေ့သစ်တွေ နောက်ထပ်နောက်ထပ်ဖြတ်သန်းချင်သေးတယ်။ကျွန်တော်ပြန်တော့မယ်။ငှက်ကလေးတွေလဲ အိပ်တန်းတက်ကြတော့မယ်။
အမှောင်ထုကြီးက ဖုံးလွှမ်းသွားလို့ ကြယ်တွေ၊လတွေတောင် အထက်ကောင်းကင်ယံမှာ နေရာယူနေကြပြီ။အိပ်တန်းတက်ဖို့ ဆောင်းငှက်လေးတွေလဲ
နေရာဦးနေကြပြီ။ဘတ်စ်ကားပေါ်ရောက်တော့ လွတ်နေတဲ့နေရာလေးမှာ ၀င်ထိုင်ရင်း ကုန်လွန်သွားပြန်ပြီ။ကုန်ဆုံးသွားပြန်ပြီ တစ်နေ့။
တစ်နေ့....ပြီးတော့ နောက်တစ်နေ့...ဒီလိုနဲ့ နှင်းခိုတဲ့ဆောင်းငှက်လေးတွေ...နေရပ်ကိုပြန်ဖို့နီးကပ်လာပြီနော်။
သူတို့အပြန် ကျွန်တော်နှုတ်ဆက်ချင်ပါသေးတယ်။နောင်နှစ်ဆောင်းမှာ ဆုံကြပါဦးစို့.....
ရည်းစားစာ(၂)
ငါတို့နှစ်ယောက် စာမေးပွဲတွေနီးလာတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်မတွေ့ဖြစ်ကြတော့ဘူး။
ငါကတော့မနေနဲ့နိုင်လို့ ညနေခင်းတိုင်း နင်ရှိမဲ့နေရာကို ရောက်ရောက်လာခဲ့တာပေါ့။
ဒါကိုပဲ နင်အထင်သေးလွန်းနေမလားမသိဘူးနော်။အခြေအနေတွေပြောင်းလဲလာတယ်ဆိုတာ ငါသတိထားမိပါတယ်။
နင်ငါ့ကို အရင်လိုဂရုစိုက်မှုတွေမပေးနိုင်တာကိုလဲ ငါနားလည်ပါတယ်။ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုးတွေမက်တဲ့အခါတိုင်း
နင့်နာမည်လေးကိုယောင်ယောင်ပြီးခေါ်နေမိတာပါ။နင့်ကိုအရမ်းသတိတရဖြစ်နေတဲ့သူပေါ့။
ဝေးရတော့မယ်ဆိုတာသိတော့ ခွဲရမှာကြောက်တယ်လို့နင်ပြောခဲ့သေးတယ်။
တကယ်တမ်းတစ်နယ်ဆီဝေးရတော့ လွမ်းရသူဟာငါပါဟာ။
ပန်းလေးတွေပွင့်တိုင်း လွမ်းတယ်လို့နင်ပြောခဲ့ပေမယ့် ပန်းပွင့်လေးတွေရှေ့ရောက်တော့ နင့်ကိုသတိရနေသူပါ။
ညတိုင်းအလွမ်းပြေ နင်ပေးခဲ့တဲ့စာလေးတွေဖတ်ရင်း အလွမ်းဖြေနေရတာပေါ့။
လွမ်းတယ်။လွမ်းတယ်။လွမ်းတာပဲငါသိတော့တယ်။နင်နဲ့တွေ့ဖို့ အချိန်တွေစောင့်ရတာ ရင်တွေမောလိုက်တာ။
အဆောင်ရောက်ရောက်ခြင်း နင်များရောက်နေမလားဆိုပြီး အပြေးအလွှားသွားခဲ့တာငါပါ။
ဒါပေမယ့် နင့်ပုံစံတွေပြောင်းနေတာကို သိလိုက်ရတော့ ငါဝမ်းနည်းသွားတယ်။
ငါထင်ထားတဲ့ နင်မဟုတ်တော့ဘူးနော်။နင်အရမ်းအပြောင်းအလဲမြန်တယ်။
ငါ့မှာ နင့်ကိုမျက်နှာချင်းဆိုင်ဖို့ အားတင်းပြီး နင့်အဆောင်ရှေ့ကိုလာခဲ့ရတာပေါ့။
ငါလာတာနင်သိပေမယ့် နင်ထွက်မလာဘူးနော်။အတော်လေးကြာမှ နင်ထွက်လာတယ်။
နင်မျက်နှာကြည့်ရုံနဲ့ နင်ဘာဖြစ်နေပြီဆိုတာ ငါချက်ချင်းသိလိုက်ရတယ်။ဒါပေမယ့်....
သံယောဇဉ်ဆိုတာ လွယ်လွယ်နဲ့ဖြတ်လို့ရမယ်လို့ နင်ထင်ခဲ့တာလား။ဒါမှမဟုတ်....
ငါ့ကို တကယ်ပဲသံယောဇဉ်မရှိတာလား။နင်ပြောခဲ့တဲ့စကားတွေ အခုတော့နင်မေ့သွားပြီနော်။
ကြည့်စမ်းပါ နင်နေနိုင်လိုက်တာ။နင်နေတတ်တာကိုကြည့်ပြီး ငါမနေနိုင်တော့ဘူး။
ငါ့ရင်မှာ မီးတွေလောင်ကုန်ပြီ။ငါမေးတာတွေ နင်တစ်ခုမှမဖြေဘဲ နှုတ်ဆိတ်နေတယ်နော်။
ငါသိဖူးတဲ့ နင်မှဟုတ် ရဲ့လား။ဝေခွဲရခက်နေတဲ့ငါ့ကို နင်ကစကားလေးတစ်ခွန်းထဲနဲ့ လှောင်ပြောင်သွားတာပါ။
ငါသိလိုက်ပါပြီ။အခုတော့ ဒါတွေအားလုံးကို ငါနားလည်ပေးနိုင်ပါပြီ။နင်တော်ပါတယ်။နင်ညဏ်ကောင်းလွန်းပါတယ်။
အခုဆိုဘာလိုလိုနဲ့ ရက်တွေလတွေနှစ်တွေတောင် အတော်ကြာငြောင်းခဲ့ပြီနော်။
နင်ပြောဖူးတဲ့ စကားသံလေးတွေ အခုထိတစ်နေ့မှမမေ့ခဲ့ပါဘူး။နင်နေတတ်နေပါပြီ။
ငါလဲနေတတ်အောင် ကြိုးစားခဲ့ပြီးပါပြီ။တော်ပြီတော်ပြီ။နင့်အကြောင်းမတွေးတော့တာပဲကောင်းမယ်။
နင့်ကိုမုန်းလို့မဟုတ်ပါဘူး။ငါ့ကိုယ်ငါ သနားသွားလို့ပါ။အချိန်တန်ရင် နင့်အတွက်ကံကောင်းခြင်းတွေလာသလို
ငါ့အတွက် ကံဆိုခြင်းတွေလာဦးမှာပါ။ဒါပေမယ့် ငါမကြောက်ပါဘူး။နင်မရှိပေမယ့် ငါမကြောက်ပါဘူး။
နင့်အချစ်ကိုမရတော့ပေမယ့် ငါမျှော်လင့်ခဲ့မိတာတွေကို ငါနောင်တရတယ်။
နောင်တ...နောင်တ....
ကြာခဲ့ပြီဆိုပေမယ့် အမှန်ကိုမမြင်နိုင်သေးပါဘူး။ငါပြောပြချင်သေးတယ်။နောက်ဆုံးအနေနဲ့ တစ်ခွန်းလောက်တော့ပြောပြချင်သေးတယ်။
"ဘာပဲဖြစ်ဖြစ် နင့်ကိုချစ်ပါတယ်။"
ဒီစာလေးတွေနင်ဖတ်ပြီး ငိုမနေနဲ့နော်။ငိုနေတာထက် ကြိုနေမယ်ဆိုရင်ပိုကောင်းမယ်။ငါနောက်ထပ် နင့်ရင်ထဲကိုခိုလှုံချင်သေးတယ်။
တမ်းတခြင်း၏ အခြားတစ်ဖက်
ဆောင်းဦးရွက်ကြွေချိန်မို့လားမသိဘူး ရွက်ခြောက်တွေကြွေနေတာကိုငေးနေရင်း
တမ်းတမိတဲ့ အတိတ်နေ့ရက်တွေလဲ ရွက်ခြောက်တွေနဲ့အတူမျောလွင့်ရပြီပေါ့။
တစ်နေ့လုံးစိတ်တွေလေနေလို့ မြက်ခင်းပြင်ပေါ်ခဏလောက်လှဲပစ်မိလိုက်တယ်။
အတွေးထဲမှာ စီးဝင်လာတဲ့ အရင်ချိန်က ရယ်သံတွေ၊စကားပြောသံတွေကိုပြန်ကြားမိလာတယ်။
ပြန်တွေးကြည့်လိုက်တော့လဲ အရာအားလုံးဟာမနေ့တစ်နေ့ကလိုပါလား။
အရင်တုန်းကလဲ သစ်ရွက်ခြောက်တွေငေးကြည့်ခဲ့ဖူးတယ်။အခုလဲ သစ်ရွက်ခြောက်တွေငေးကြည့်နေမိတယ်။
ကုန်ဆုံးသွားတဲ့နေ့တွေပြန်မရနိုင်မှန်းတော့ ကျွန်တော်သိတာပေါ့။
အချိုးအကွေ့များတဲ့ဘ၀ရဲ့ ဆန်းကြယ်မှုတွေကိုလဲကျွန်တော်သိတာပေါ့။
ဒါပေမယ့် ကျွန်တော်မသိတာတစ်ခုပဲရှိတယ်။ဘာ့ကြောင့် အတိတ်ကိုလွမ်းရတာလဲ။
ဘာ့ကြောင့်အတိတ်တွေကိုပြန်လိုချင်မိတာလဲ။အဲဒါကိုကျွန်တော်မသိတာ။
ပြန်တမ်းတတော့လွမ်းလိုက်ရတာ။လွမ်းဆွတ်မိတော့လဲ သတိရလိုက်တာ။
ဒါပေမယ့် အချိန်တန်တော့ သစ်ရွက်ခြောက်တွေလို မြေကိုခစမြဲပဲ။
အရမ်းလွမ်းနေတဲ့နေ့က ကျွန်တော်တစ်ယောက်တည်း စိတ်ကူးတွေယဉ်နေမိတယ်။
စိတ်ကူးတွေထဲမှာတော့ ကျွန်တော်ဟာမင်းသားလေးတစ်ပါးပဲပေါ့။
အိပ်မက်တွေထဲမှာ ကဗျာတွေရေးကြည့်တယ်။စိတ်ကူးတွေနဲ့စာတွေစီကြည့်တယ်။
တကယ်တမ်းရေးမိတော့ ခံစားချက်တွေကလွဲရင် ကျွန်တော်မရေးတတ်တော့ဘူး။
ဒီလိုအိပ်မရတဲ့ညတွေမှာဆို ပိုဆိုးတယ်။အိပ်ရာဝင်ချိန်မှာနဖူးပေါ်လက်တင်ပြီး ကဗျာတွေအကြောင်းကိုတွေးကြည့်တယ်။
နောက်ပြီး သီချင်းတွေဆိုကြည့်တယ်။ အိပ်ရေးမ၀တဲ့နေ့တွေမှာဆို ကျွန်တော်မလန်းဆန်းတော့ဘူး။
စိတ်ကူးတွေမလန်းဆန်းဘူး။နောက်ပြီး အဲဒီနေ့က ကဗျာမဆန်တော့ဘူး။အားလုံးအလွဲလွဲအချော်ချော်တွေဖြစ်ကုန်တယ်။
ဒါ့ကြောင့် ကျွန်တော်အိပ်ရမှာကိုတောင်ကြောက်လာတယ်။အိပ်မက်ဆိုးတွေမက်မှာကိုလဲကြောက်တယ်။
အိပ်မပျော်မှာကိုလဲကျွန်တော်ကြောက်တယ်။ဒီဇင်ဘာနှင်းတွေကျတဲ့ဆောင်းညတွေမှာဆို အေးလွန်းလို့ အိပ်ရမှာကိုကြောက်နေမိတယ်။
အိပ်ပျော်သွားပြန်တော့လဲ ပြန်နိုးလာမှာကိုကျွန်တော်ကြောက်တယ်။အခုတော့လဲ စာတွေရေးရင်းနဲ့ အိပ်ပျော်အောင်ကျွန်တော်ကြိုးစားဦးမယ်။
တမ်းတတယ်။လွမ်းရတယ်။ဆောင်းညရယ်။
တိမ်တွေပြောတဲ့ မြူခိုးဝေတဲ့ဆောင်းညရှည်တွေထဲမှာ နာကျင်စရာတွေကိုထားခဲ့တော့မယ်။
စိတ်ညစ်စရာတွေကိုလွင့်ပစ်လိုက်တော့မယ်။နောက်ပြီးအေးအေးဆေးဆေး အိပ်စက်တော့မယ်။
တမ်းတခြင်းရဲ့ အခြားတစ်ဖက်မှာဘာတွေရှိဦးမယ်။မျှော်လင့်ခြင်းရဲ့ အစွန်းမှာ ဆောင်းငှက်တွေရဲ့ သီဆိုသံတွေကြားနိုင်ပါဦးမလား။
သွားတော့မယ်။ကျွန်တော်တစ်ယောက်တည်းသွားတော့မယ်။ မနက်ဖြန်ရောက်ရင် ကျွန်တော်စိတ်သစ်လူသစ်ဖြစ်နေမှာသေချာတယ်။
သွားတော့မယ်ဗျာ ကျွန်တော်သွားတော့မယ်........................
Sunday, December 25, 2011
ကုန်လွန်ခဲ့သောမွေးနေ့ များအကြောင်း...
"မွေးနေ့" ဆိုတဲ့စာလုံးဟာ ငယ်ငယ်ကတည်းက ကျွန်တော့်အဖို့တော့ အစိမ်းသက်သက်ဖြစ်နေခဲ့တယ် ။
သူများ ကလေးတွေလို မွေးနေ့ကိတ်ကလေးတွေလှီး Happy Birthday To You ဆိုတဲ့ သံပြိုင်အော်ဟစ် သံလေးတွေဟာ စာအုပ်တွေထဲမှာ ရုပ်ရှင်ဇတ်လမ်းတွေထဲမှာ ပဲ နေသားတကျဖြစ်နေခဲ့တယ် ။
ကျွန်တော် ဟာ မွေးနေ့ ဆိုတာကို မွေးတဲ့တစ်ရက်ကလွဲလို့
ကျန်တဲ့ရက်တွေဟာ အသက် တစ်နှစ်ကြီးမြင့် လွန်မြောက်ခြင်းဆိုတဲ့ သတ်မှတ်ချက်လေး တစ်ခု တိုးလာယုံကလွဲလို့ ဘာမှ ထူးထူးခြားခြားမရှိပါဘူးလို့ရိုးရိုးသားသား ထင်မှတ်ထား တဲ့ကောင်ပါ ။
ဒါပေမယ့် အခု ၂၂ နှစ်အတွင်းမှာ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံး ပြန်ပြီးငဲ့ကြည့် လိုက်တော့ ကျွန်တော်ပိုင်ဆိုင်ခဲ့ရတာတွေရှိသလို ဆုံးရှုံးခဲ့ရတာတွေလည်း အများကြီးရှိခဲ့တယ် ။
ရယ်မောခဲ့ တာတွေရှိသလို ငိုကြွေးခဲ့ရတာတွေလည်းရှိခဲ့တယ်
ကျွန်တော့်ဘ၀အတွက် ကဗျာလေးတွေဟာ စစ်မှန်သောနားခိုရာဖြစ်ခဲ့တယ် ။
ကျွန်တော်ကိုယ်တိုင်တောင်မေ့နေတဲ့ မွေးနေ့ဆိုတဲ့ တစ်ရက်ကို အမှတ်တရ တခုတ်တရ ဆုတောင်းမေတ္တာတွေပို့သပေးကြတဲ့ သူငယ်ချင်း မောင်နှမ မိတ်ဆွေ များ အားလုံး ကို ကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာ ။ ကျွန်တော့်ဖက်ကပြန်လည်ပေးဆပ်စရာဆိုလို့ စာတွေကို ဒီထက် ပိုပြီး ကောင်းအောင်ရေ့းသားသွားပါ့မယ် လို့ ကတိပေးစရာတစ်ခုပဲရှိပါတယ် ။
၂၂ နှစ်ပြည့်ပြီးနောက်ရက်တွေမှာ ကျွန်တော်ဟာ မအားလပ်တာတွေများလာတဲ့အတွက် ပို့စ်တင်တွေကျဲသွားခဲ့ပါတယ် ။ ဒါကြောင့်သည်းခံခွင့်လွှတ်ပေးကြပါဦး ။
အားလုံးပဲ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ။ လိုတာမရ ရတာမလို လူ့လောက အိုမှာ အသိတရားနဲ့အရှိတရားကို ညီမျှခြင်းချလို့ လူပီသအောင်နေနိုင်ကြပါစေ ။ လူ့လောကအကျိုးသယ်ပိုးလို့ အဓိပ္ပါယ်ပြည့်ဝသော ခရီးတစ်ခုကို ဖြတ်သန်းနိုင်ကြပါစေလို့
လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။
“ကျွန်တော် ဒီနေ့ သေခြင်းတရားအကြောင်း စဉ်းစားမိတယ်"
ပတ်ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ သေပုံသေနည်း အမျိုးမျိုးနဲ့ မရိုးအောင် သေနေကြတော့ ကျွန်တော်လည်း သေခြင်းတရားအကြောင် တွေးတောမိလာတယ်။ မြန်မာလိုကတော့ သေခြင်းကို အမျိုးအစားခွဲပြီး ခေါ်ကြတယ်။ ဘုန်ကြီးသေရင် ပျံလွန်တော်မူတယ်။ လူသေရင်တော့ အနိစ္စရောက်တယ်။ ဒါတင်မက မရဏနန်းစံမြန်းတယ်၊ ကြွသွားတယ်၊ ဂန့်တယ်၊ ဆုံးတယ်၊ ရှောဘရားသားဖြစ်တယ် ခရစ်တော်၌ အိပ်ပျော်တယ် စသည်ဖြင့် အမျိုးမျိုး သုံးနှုန်းကြတယ်။ ရှင်ဘုရင်ကျတော့ နတ်ရွာစံတယ်။ ရဟန္တာကျတော့ အရဟတ္တဗိုလ်ဆိုက်တယ်။ ဘုရားကျတော့ ပရိနိဗ္ဗာန်စံတယ် အမျိုးမျိုးပါပဲ။ အင်္ဂလိပ်တွေပဲ ကောင်းတယ်။ တစ်မျိုးတည်း die တဲ့။ ဘာလာလာ...ဒါပဲ အေးရော။
အဲ...သေခြင်းရဲ့ နာမည်မှာတင် မနည်းလျှာရှည်ပြီး တွေးမိပါရောလား။ ထပ်စဉ်းစားအုံးမှ။ သေခြင်းတရားဆိုတာ လာဘ်ထိုးထိန်းလို့ မရဘူးတဲ့။ ဒီစကား ကြားမိတော့ ကျွန်တော် တွေးမိတယ်။ တချို့လည်း သေခြင်းကို ပိုက်ဆံနဲ့ ညှိယူနေကျသော လူနာတွေကို တွေ့မြင်နေရတယ်လေ။ အဲဒီလူနာမျိုးကြတော့ သေအံမူးမူအချိန်လို့ပဲ ခေါ်ရမလား။ အဲ့ဒါကျတော့ သေခြင်းတရားကို ပိုက်ဆံနဲ့ လာဘ်ထိုးလို့မရပေမဲ့ နည်းနည်းတော့ အချိန်ဆွဲလို့ ရပါလားဆိုတာ ထင်မိတယ်။
ကျွန်တော် သေခြင်းတရားအကြောင်းပြောတော့ တချို့တွေက နမိတ်မရှိ နမမရှိလို့ ပြောကြအုံးမယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ ဒီဘူတာကို လူတိုင်းက ဆိုက်ရမှာပဲလေ။ ရှောင်လွဲလို့မှ မရတာ။ ဘာကြောက်စရာရှိလို့လဲ။ မသေခင် လူလောကအတွက် ကိုယ်ဘာအသုံးကျခဲ့လဲဆိုတာသာ ဆင်ခြင်သင့်တာ။ သေချာတွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း သချိင်္ူင်းတစ်ခုပဲဆိုတာ မိတ်ဆွေတို့ စဉ်းစားမိရဲ့လား။ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာထဲမှာ အကောင်သေများစွာလည်း ရောနှောနေတယ်လေ။ ဒီတော့ ကျွန်တော်တို့ရဲ့ ကိုယ်ဟာ တရိစ္ဆာန်တို့ရဲ့ သုသာန်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပေါ့။ ပြီးတော့ သေခြင်းတရားကို အမြဲဆင်ခြင်ဖို့ ဘုရားကတောင် ဆုံးမထားသေးတာ။ ဘယ်လောက်စဉ်းစားဖို့ကောင်းတဲ့ သေခြင်းတရားလဲလို့။ သူ့အကြောင်းတွေမယ်ဆိုရင် ဘုရားဟောအရကြည့်လိုက်မယ်ဆို မင်္ဂလာတောင်ရှိသေး။
ဒါနဲ့ ပတ်သတ်ပြီး ကြားဖူးနားဝ အရှင်ဘုရားနဲ့ ပတ်သက်ပြီး သာဓက ထုတ်ပြရအုံးမယ်။ ကျွန်တော်တို့ မြတ်စွာဘုရားဟာ အခါတစ်ပါးက ရဟန်းသုံးပါးကို သေခြင်းတရားနဲ့ ပတ်သက်ပြီး မရဏနုသတိပွားခိုင်းထားတယ်။ တစ်နေ့တော့ အရှင်ဘုရားဟာ မရဏနုသတိပွားပုံနဲ့ ပတ်သက်ပြီး ဆွမ်းစားချိန်မှာ အသုံးချ၊ မချ ဤရဟန်းသုံးပါးကို မေးတယ်။ ပထမရဟန်းက ဆွမ်းစားပြီးချိန်မှာ သေခြင်းတရားက ကျရောက်နိုင်ပါတယ်လို့ ဆင်ခြင်ကြောင်း ပြောတယ်။ ဒုတိယ ရဟန်းကတော့ ဆွမ်းတစ်လုပ်သွင်းပြီးတိုင်း သေခြင်းတရားက နီးကပ်စွာ ကျရောက်ကြောင်း ဆင်ခြင်ပုံကို ပြောတယ်။ တတိယ ရဟန်းလည်းကျရော ဆွမ်းယူလိုက်ချိန်တည်းကစပြီး ပါးစပ်ထဲ မရောက်ခင်အထိ အသေးစိတ် သေခြင်းတရားရဲ့နီးကပ်ပုံကို ဆင်ခြင်ကြောင်း မြတ်စွာဘုရားကို ပြန်ကြားသတဲ့။ အဲဒီပြန်ကြားချက်ကို ဘုရားက ရဟန်းသုံးပါထဲကမှ နောက်ဆုံးရဟန်းရဲ့ သေခြင်းတရားဆင်ခြင်ပုံက ပို၍ကောင်းကြောင်း ချီးကျူးခဲ့သတဲ့။ ဒါကြောင့် ကျွန်တော်တို့အတွက် ကွေးသောလက်မဆန့်ခင် ဆန့်သောလက် မကွေးခင် စကားတွေ ပေါ်ပေါက်လာတယ် ထင်ပါရဲ့။
သေခြင်းတရားအကြောင်း ကျွန်တော်ပြောတော့ မိတ်ဆွေတို့က သေတာကတော့ ဟုတ်ပါပြီ။ ဒါဆို မသေခင် ဘာလုပ်ရမှလဲလို့ အမေးရှိလာပြန်ရော။ ဒီတော့ ကျွန်တော် စဉ်းစားရပြန်ပြီ။ လောကီသဘောအရတော့ မသေခင်ဆောင်ရွက်မှာက နေ့စဉ် ဥစ္စာ၊ ပညာ၊ ကုသိုလ် တစ်ခုခုတော့ ရအောင်ယူတဲ့။ အဲဒီတော့ ကျွန်တော်တွေးတောမိတယ်။ ပညာတွေ ဥစ္စာပစ္စည်းတွေကတော့ လောကီလူဘုံ နေတုန်းထိုင်တုန်းတော့ အသုံးဝင်ပါတယ်။ တကယ်သေခြင်းတရားနဲ့ တွေ့လာရင်တော့ အရေးကြီးဆုံး ရအောင်ယူထားသင့်တာက ကုသိုလ်ပဲလို့ ထင်မိတယ်။ ဒီကုသိုလ်ရှိမှ နောက်သံသရာဆက်မဲ့ ဘ၀မှာ ကျွန်တော်တို့အတွက် အမှန်တကယ် အသုံးဝင်မှာ မဟုတ်လား။ ကျန်နှစ်ခုကတော့ ကျွန်တော်တို့ သေရင် ပစ္စည်းဥစ္စာတွေ ပညာတွေက ချန်ထားခဲ့ရမှာပဲလေ။ ဆည်းပူးထားတဲ့ ပညာကတော့ အနည်းအကျဉ်း ပါရမီအဖြစ်တော့ အသုံးဝင်လိမ့်မယ်။ ဒါပေမဲ့ တကယ့် ကုသိုလ်လောက်တော့ သူတို့ဟာ တန်ဖိုးမဲ့လွန်းပါတယ်။
ဒါကြောင့် လောကီမှာ လုပ်သင့်တဲ့ သုံးခုထဲကမှ ကုသိုလ်ကို လက်ရှိဘ၀မှာ အသုံးမ၀င်ဘူးဆိုပြီး ပစ်မထားသင့်ကြောင်းပြောချင်ပါတယ်။ တကယ်လို့ သေခြင်းတရားနဲ့ ကြုံတွေ့လို့ နောက်ဆုံးမှာ သင်ဆုံးပါးသွားမယ်ဆိုရင် ကုသိုလ်တစ်ခုခုမှ အခံရှိရင် သင်အကျနာလိမ့်မယ်။ ဒါကြောင့် သင်ကျခဲ့မယ်ဆိုရင်တောင် အကျမနာနိုင်ဖို့ ကုသိုလ်ကို အသက်ရှင်နေတုန်း မလုပ်မဖြစ် လုပ်ကြပါဟု တိုင်းတွန်းရင်း သေခြင်းတရားကို တွေးတောတာ အဆုံးသတ်လိုက်ပါတယ်။
စေပိုင်ထွဋ်(ပုသိမ်)
စကားသည် အချစ်ဆေးတစ်ပါး
စကားသည် မည်သည့်အလုပ်၌မဆို လိုအပ်၏။
စကားပြောအတတ်ကို ကြီးပွားချမ်းသာလိုသူ၊
တိုးတက်လိုသူမှန်သမျှ လေ့ကျင့်သင်၏၊
အပြောအဟောကောင်းသူ၊ ပြောတတ်သူများသာ
လူရာဝင်၏၊ အများအထင်ကြီးလေးစားမှုကို ခံရ၏။
အပြောကောင်းသူ၊ အလိမ်ကောင်းသည်ဟူသော စကားကို ကျွန်တော်ဘ၀င်မကျပါ။ အဘယ့်ကြောင့်ဆိုသော် အ ပြောကောင်းသူတိုင်း အလိမ်ကောင်းကြသည်မဟုတ်သောကြောင့်တည်း။
လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ညာဖြန်းခြင်း စသည်တို့သည် လုပ်ဆောင်သူ၏ ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည် ဟု ထင်သည်။
လိမ္မာမှစကားတတ်သည်၊ ပြောမတတ်တော့ဆဲဟူသော စကားစုနှစ်ခုသည် စကားပြောခြင်းနှင့်ဆိုင်သော ဆုံးမစ ကားများဖြစ်ပါ၏။
လူတစ်ယောက်တွင် အရည်အချင်းမည်မျှရှိသည်ကို သိလိုလျှင် ထိုသူပြောဆိုသော စကားသွား စကားလာကို လေ့ လာခြင်းဖြင့် သိနိုင်၏။
ရှေးလူကြီးသူမများက-
ပညာရှိဟု သိအပ်ခြင်းရာ၊ လက္ခဏကား၊ ကောင်းစွာအကြံ၊ ကောင်းမှုစကား၊ ကောင်းသောအမှု၊ ဤသုံးခုကိုပြုဘိမှ သာ၊ ပညာရှိဟု၊ သတိချပ်ရ၊ လွယ်နိုင်မျှ ဟူ၍ သွန်သင်ညွှန်ပြထားလေသည်။
အထက်ပါဆုံးမစကားကို ဆန်းစစ်လျှင် လူတစ်ယောက်၏ အကြံအစည်၊ သူပြောပြသောစကား၊ သူလုပ်သောအလုပ် ဤသုံးခုကိုကြည့်ခြင်းဖြင့် ပညာရှိဟုတ်၊ မဟုတ် အကဲခတ်ဆုံးဖြတ်နိုင် သိရှိနိုင်ပါ၏။
စကားသည် အချစ်ဆေးတစ်ပါးဖြစ်၏။ စကားကို သူတစ်ပါးနားဝင်ချိုအောင် မေတ္တာဓာတ်ခံနှင့်ပြောတတ်လျှင် ရန်သူ ပင်စိတ်ပြေ၍ မိတ်ဆွေဘ၀သို့ ကူးပြောင်းရောက်ရှိနိုင်သည်ဟု အဆိုရှိသည်။ မိတ်ဆွေဖြစ်ပြီးသူများကိုမူကား ပို၍ပျော်ရွှင်ချမ်း မြေ့နှစ်သိမ့်ကြည်နူးစေနိုင်ပေလိမ့်မည်။
စကားပြောကောင်းခြင်းသည် ပြောသူကို လူအများ လက်ငင်းချက်ချင်း အထင်ကြီးစေသည်။ မိမိအလိုသို့ လိုက်ပါလာ အောင် စည်းရုံးသိမ်းသွင်းနိုင်၏။ အခြားအရည်အချင်းများ မည်မျှရှိစေကာမူ တဖြည်းဖြည်းမှသာ ထိုအရည်အချင်းများပေါ်နိုင် ၏။ ချက်ချင်းလက်ငင်း အကျိုးမပြနိုင်ပေ။ စကားပြောကောင်းသူအဖို့ အကျိုးကျေးဇူးကို အလျင်အမြန်ခံစားရလေ့ရှိ၏။
စကားသည် မည်သည့်အလုပ်၌မဆို လိုအပ်၏။ စကားပြောအတတ်ကို ကြီးပွားချမ်းသာလိုသူ၊ တိုးတက်လိုသူမှန်သ မျှ လေ့ကျင့်သင့်၏။ အပြောအဟောကောင်းသူ၊ ပြောတတ်သူများသာ လူရာဝင်၏။ အများအထင်ကြီးလေးစားမှုကို ခံရ၏။
စကားပြောကောင်းခြင်းသည် မိမိအားရောက်လိုသော အခြေအနေ၊ ဖြစ်စေချင်သော ရည်မှန်းချက်၊ မျှော်မှန်းသည့် ပန်းတိုင်သို့ လျင်စွာပို့ဆောင်ပေးပေလိမ့်မည်။
စကားပြောကောင်းမှ ခေါင်းဆောင်ကောင်းဖြစ်နိုင်၏။ စကားသည် လူ့ဦးနှောက်ကထွက်သော ဥာဏ်လက်နက်၏ တံခွန်ဖြစ်သည်။ လေကဲ့သို့ပေါ့သော်လည်း မိုးကြိုးကဲ့သို့ ထစ်ချုန်းနိုင်သည်ဟု ဆိုစမှတ်ပြုကြ၏။
ကွယ်လွန်သူ အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းသည် ကျေးတောသားတစ်ဦးဖြစ်ပြီး မိဘများမှာ လွန်စွာ ဆင်းရဲသည်။ ၄င်းသည် ရှေ့ နေများ၊ နိုင်ငံရေးသမားများကို အားကျ၏။ သူတို့လို ကြီးပွားတိုးတက်အောင်မြင်ချင်သည်။ သူတို့ တွင်ရှိသော အရည်အချင်းမျိုး သူ့တွင်ရှိလာအောင် ကြိုးစားသည်။ ထိုအရည်အချင်းမှာ စကားပြောကောင်းသူဖြစ်ရန် လိုအပ် ကြောင်း သူကောင်းကောင်းသိမြင်သည်။ ဤသို့ဖြင့် သူသည် စကားပြောကောင်းသူဖြစ်ရန် အပြင်းအထန်လေ့ကျင့်၏။ စကား ပြောကောင်းသူဖြစ်ရန် အာဝဇ္ဇန်းရွှင်ဖို့လိုသည်။ စကားလုံးပြောင်မြောက်ဖို့လိုသည်။ ချက်ကျလက်ကျပြောတတ်ဖို့လိုသည်။ ထို့အပြင် ပညာအဆင့်အတန်းရှိသော ပရိသတ်ရှေ့ တွင် စကားပြောဆိုသည့်အခါ စကားလုံးအသုံးအနှုန်းများ အံဝင်ခွင်ကျဖြစ် ရန် အရေးကြီးသည်။ သဒ္ဒါဝါကျမှန်ကန်စွာ သုံးစွဲရန် လိုအပ်သည်။
ဤမျှနှင့် မလုံလောက်သေး၊ လင်ကွန်းသည် စာကြီးပေကြီးများကို ရှာဖွေဖတ်ရှုသည်။ ခါခမ်၏ သဒ္ဒါကျမ်းကို လေ့လာ ဖတ်ရှုသည်။ နားမလည်သောအပိုင်းများကို တတ်ကျွမ်းသူထံ မေးမြန်းပြီး ဆည်းပူးသင်ယူသည်။ စာသားများကို အလွတ် ကျက်မှတ်သည်။ လင်ကွန်းသည် အဘိဓာန်များ၊ ရေးထုံးကျမ်းများ ဥပဒေကျမ်း၊ နိုင်ငံရေးကျမ်းများစွာကို ကျေညက်အောင် ဖတ်ရှုလေ့လာသည်။ နောင်အခါတွင် လင်ကွန်းသည် စာတတ်ပေတတ်၊ ပညာတတ်ကြီးများ၏ လေးစားမှုကိုခံရပြီး ပညာဗဟု သုတပြည့်ဝသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။
စကားပြောကောင်းသူတစ်ဦးဖြစ်ရန် စာများများဖတ်ခြင်း၊ စကားပြောကောင်းသူတို့၏ ဟောပြောချက်ကို နားထောင် ခြင်း၊ မိမိကိုယ်တိုင်ပြောနိုင်၊ ဆိုနိုင်အောင် လေ့ကျင့်ခြင်းဖြင့် စကားပြောကောင်းသူတစ်ဦးဖြစ်လာရန် ပျိုးထောင်ရပေမည်။
စာရေးဆရာကြီးများသည် အများအားဖြင့် စကားပြောကောင်းကြသည်။ ၄င်းတို့၏ စဉ်ဆက်မပြတ်စာပေရေးသား ခြင်း၊ စာဖတ်ခြင်းအလေ့အကျင့်သည် စကားပြောရာတွင် လွန်စွာအထောက်အကူရစေသည်။ နေရာ၊ ဒေသအလိုက်၊ ပရိ သတ်အမျိုးအစားအလိုက်ပြောဆိုရန် ဝေါဟာရစကားလုံးများ၊ အသုံးအနှုန်းများ ထိုစာရေးဆရာကြီးတွင် အသင့်ရှိနေသည်။ စကား၏ပြောသည့်အခါ ဝေါဟာရစကားလုံးများ၊ အသုံးအနှုန်းများ ထိုစာရေးဆရာကြီးတွင် အသင့်ရှိနေသည်။ စကားပြော သည့်အခါ ဝေါဟာရစကားလုံးများ အစီအရီထွက်လာသည်။ ပုံတိုပတ်စပြောဖို့လိုလျှင် ပြောရသည်။ ဟာသပြောသင့်က ပြော ရ၏။ နားထောင်သူပရိသတ် မငြီးငွေ့စေရန် ဟန်ပန်မူရာ၊ လေယူလေသိမ်းမှအစ သတိထား၍ လှုပ်ရှားပြောဆိုရ၏။
စကားပြောဆိုရာတွင်ဖြစ်စေ၊ ပရိသတ်ရှေ့ ဟောပြောရာတွင်ဖြစ်စေ မိမိကိုယ်စွမ်းကို ယုံကြည်စွာနှင့် ရဲရင့်စွာပြောဆို နိုင်ရန် အရေးကြီးသည်။ မကြောက်မရွံ့  ရဲဝံ့စွာပြောဆိုဖို့လိုသည်။ ထိုသို့ပြောဆိုနိုင်ရန် ကြိုတင်ပြင်ဆင်မှုကို ပြည့်စုံအောင် ပြု လုပ်ထားသင့်သည်။
(၁)    မိမိပြောဆိုမည့် အကြောင်းအရာသည် မိမိအတွက် စိတ်အားထက်သန်သည့် အကြောင်းအရာဖြစ်ရမည်။
(၂)     အကြောင်းအရာ အချက်အလက်ကို အစမှအဆုံး သေချာစွာနားလည်ထားပြီး ပရိသတ်ထဲမှ တစ်စုံတစ် ယောက်က ထ၍မေးလျှင် ရှင်းပြနိုင်ရမည်။
(၃)    စကားပြောဆိုရာတွင်ဖြစ်စေ၊ ဟောပြောရာတွင်ဖြစ်စေ အသံ၏ ကောင်းခြင်းရှိရန်လိုသဖြင့် အသံကောင်း အောင် ထိန်းသိမ်လေ့ကျင့်ထားရမည်။ (မှတ်ချက်- အသံချဲ့ စက်ကို အသုံးပြုမည်ဆိုလျှင် စက်ကောင်းမ ကောင်း ဦးစွာ စစ်ဆေးကြည့်ရန်)
ကျွန်တော်နှင့်အတူ စာပေဟောပြောပွဲတစ်ခုတွင် ပါဝင်ပြောဆိုဖူးသော စာရေးဆရာကြီးတစ်ဦးဆိုလျှင် လွန်စွာစေ့စပ် သူဖြစ်သည်။ စကားပြောစင်၏ အနိမ့်အမြင့်ကိုလည်းကောင်း၊ အသံချဲ့ စက်၏ အခြေအနေကိုလည်းကောင်း ၄င်းကိုယ်တိုင် စစ်ဆေးပြီးကျေနပ်မှသာ ဟောပြောသည်။ ပထမတွင် ကျွန်တော်သည် ၄င်းအား ကြီးကျယ်သည်ဟု ထင်မိခဲ့သော်လည်း ကိုယ်ကိုယ်တိုင်ဟောပြောသည့် အလုပ်ကိုလုပ်ရသည့်အခါ ကြိုတင်လေ့လာစစ်ဆေးထားခြင်းမရှိသဖြင့် အဆင်မပြေမှုနှင့် ကြုံခဲ့ရဖူးလေသည်။
မည်သည့်အလုပ်ကို လုပ်သူပင်ဖြစ်စေ စကားနှင့်ကင်း၍ မရနိုင်ပေ။ ပညာတတ်ချင်း၊ အလုပ်ကောင်းချင်းတူသူနှစ် ယောက်တွင် အခြားအရည်အချင်းများတူနေကြလျှင် တစ်ယောက်ကစကားပြောကောင်း၍ တစ်ယောက်က စကားပြောမ တတ်လျှင် ပထမလူသည် ဒုတိယလူထက် အဆင့်အတန်းမြင့်လာရမည်မှာ သေချာသည်။
ထို့ကြောင့် ကျွန်တော်တို့သည် စကားပြောကောင်းသူဖြစ်ရန် ကြိုးစားခြင်းဖြင့် မိမိဘ၀၏ အောင်မြင်တိုးတက်မှုကို ရယူပိုင်ဆိုင်နိုင်ကြစေရန် အကြံပြုရပါ၏။
မူရင်း-ညချစ်သူ
Saturday, December 17, 2011
ရည်းစားစာ (၁)
ဘ၀နဲ့ရင်းပြီး ချစ်တယ်လို့ပြောရင် နင့်အတွက်နားလည်ရခက်မှာကို ငါကြောက်တယ်။
မိုးတွေရွာတဲ့နေ့က မိုးရေထဲမှာ ငါတစ်ယောက်တည်းလမ်းလျှောက်နေရင်း ထီးလေးစောင်းလာတဲ့ နင့်ကိုမြင်တော့
ငါရင်တွေခုန်လိုက်တာ။တုန်ခါသွားတဲ့ ငါ့နှလုံးသားကို နင်မမြင်အောင်သိုဝှက်ထားရင်း မျက်လုံးလေးစောင်းငဲ့ပြီးကြည့်သွားတဲ့နင့်အကြည့်လေးကို
ငါအရမ်းချစ်မိခဲ့တာပါ။ခရေပင်ကြီးအောက်မှာ နင်နဲ့ငါပြန်ဆုံရတော့ ငါပြောပြချင်လိုက်တာ။နင့်ကိုချစ်တယ်လို့ ရင်တွေကွဲအောင်ပြောချင်လိုက်တာ။
ဒါပေမယ့် ငါနှုတ်က မရဲတော့ နင်အနေရခက်မှာကိုလဲစိုးရပြန်တယ်။တော်ပါပြီ မပြောတော့ပါဘူး။
ကျောင်းတံခါးရှေ့မှာ နင်အလာစောင့်ရင်းနဲ့ လက်ထဲကရည်းစားစာလေးကိုကြည့်ရင် ငါလေကြည်နူးလိုက်တာ။
ဟိုးရှေ့မှာ နင်ကိုမြင်ကတည်းက ငါ့ရင်တွေခုန်လာပြန်တယ်။ငါကြောက်လိုက်တာ။ဘာကိုကြောက်တယ်ဆိုတာမသိအောင် ကြောက်သွားတာ။
နင့်ရှေ့မှာ ငါဟာ အရူးတစ်ယောက်လိုဖြစ်နေမှာကို ငါကြောက်တယ်။နင်စိတ်ဆိုးသွားမှာကိုလဲ ငါကြောက်တယ်။
နင်ကတော့အပြုံးမပျက်နေတတ်လိုက်တာ။နင့်နောက်မှာ ငါရှိနေတယ်ဆိုတာကို နင်သိပုံမပေါ်ဘူး။
ဒီလိုနဲ့ ခဲလေသမျှသဲရေကျရပြန်ပြီပေါ့။နောက်နေ့မှာ ကောင်လေးတစ်ယောက်နဲ့ စကားပြောနေတာကိုငါမြင်တော့
ငါလေ ကြက်သီးတွေထလိုက်တာ။အလိုလိုနေရင်းအဲဒီကောင်ကိုကြည့်မရဖြစ်လာတယ်။
ညရောက်တော့ နင့်အဆောင်ရှေ့မှာ ဂစ်တာတီးရင်း အလွမ်းသီချင်းလေးတွေနဲ့ နင့်ကိုချစ်တယ်ပြောဖို့ကြိုးစားကြည့်တယ်။
ဒါပေမယ့် နင်မမှု့ဘူးမို့လား။ငါ့လိုကောင်ကို နင်အရေးမစိုက်ဘူးဆိုတာ ငါသိလိုက်ရတော့ ငါလေ၀မ်းနည်းလိုက်တာ။
အဲဒီညက သတိရလွန်းလို့အိပ်လို့တောင်မပျော်ဘူးပေါ့။
အချိန်တိုင်းမှာ နင်ပျော်နေတာကြည့်ပြီး ငါဝမ်းနည်းလိုက်တာ။နင်ကတော့ အပြုံးမပျက်နေနိုင်လိုက်တာ။
ငါ့ကိုတောင် နည်းနည်းလေးမှအရေးမလုပ်ဘူးနော်။နင်နဲ့ငါသူငယ်ချင်းတွေပါလို့ နင်ပြောတုန်းက ငါခံစားရခက်လိုက်တာ။
တကယ်ဆို ငါ့အချစ်က သူငယ်ချင်းသံယောဇဉ်ထက်တော့ပိုပါတယ်။နင်မသိလို့ပြောရက်တာပါ။တစ်နေ့နေ့နင်နားလည်လာမှာပါ။
ဒီလို ငါစောင့်စားနေရင်းနဲ့ ငါ့အတွက် မျှော်လင့်ချက်လေးတစ်ခုနင်ဖန်ဆင်းပေးခဲ့တယ်။အဲဒီနေ့က သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ထွက်လာရင်း
နင်နဲ့ငါနှစ်ယောက်တည်း စကားတွေပြောခဲ့ကြတယ်။အစပိုင်းမှာတော့ ငါပြောမထွက်ဘူး။ငါ့နှုတ်ကဆွံ့အနေလိုက်တာ။
ဒါကိုသိနေတဲ့ နင်ကစကားလမ်းကြောင်းတွေလွှဲပြီးပြောတော့တာပဲ။မရပါဘူး နောက်ဆုံးတော့ ချစ်တယ်လို့ ငါမရဲတရဲပြောထွက်သွားတယ်။
ခဏနေတော့ နင့်ဘက်ကနှုတ်ဆိတ်သွားတယ်။ဘာမှလဲငါ့ကိုပြန်မပြောတော့ဘူး။နင်နေရက်တယ်နော်။နင်နေတတ်လိုက်တာနော်။
Monday, December 12, 2011
နေရာတကာမှာ သ၀န်တိုမှုတွေနဲ့
စိတ်ကောက်လွယ်တဲ့
ကျွန်တော့်ကို
မချစ်ဘူးဆိုတဲ့
စကားတစ်ခွန်းနဲ့
သူ.......
ဖြေသိမ့်ပေးခဲ့တာပါ။
မှောင်မိုက်သောအခါ...
ညတွေဟာတိတ်ဆိတ်လွန်းတယ်။မှောင်လွန်းတဲ့ညတွေရောက်ရင် တိတ်တဆိတ်တိုးဝင်လာတတ်တဲ့ လေညင်းရနံ့လေးကအဖော်လုပ်ပေးတယ်။
တစ်ယောက်တည်းလျှောက်နေရင်း ရုတ်တရက်နားထဲတိုးဝင်လာတဲ့ ခွေးအူသံတွေ၊ လမ်းမထက်ကကားဟွန်းတီးသံတွေက ဒီညကိုပိုပြီးအသက်ဝင်စေတယ်။
ဒီလိုနဲ့ အခန်းထဲကိုဝင်လာခဲ့တယ်။အခန်းထဲမှာ မှောင်မည်းနေတယ်။အားလုံးအိပ်စက်အနားယူနေကြလို့ လောကကြီးကတိတ်ဆိတ်လွန်းပါတယ်။
ဒါပေမယ့်ကျွန်တော်ကတော့ အသက်ဝင်နေဆဲပဲပေါ့။အိပ်ရာဘေးရောက်တော့ လွယ်အိတ်ကိုအသာကျပြီး ကုတင်ပေါ်ပစ်လှဲလိုက်တယ်။
ဟူး....ဒီနေ့ တစ်နေ့ကုန်ပြန်တော့မယ်။မကြာခင်နေ့သစ်ကူးတော့မယ်။မဖြစ်သေးပါဘူး စာရေးခုံပေါ်က နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၁နာရီခွဲနေပြီ။
စာကြည့်မီးလေးအသာဖွင့်ပြီး စာရေးဖို့ပြင်ပါတော့တယ်။ စိတ်ကူးတွေဟာ မလတ်ဆတ်တော့ဘူး။ရေးသမျှကဗျာတွေမှာ ကာရံတွေမရှိဘူး။
စက္ကူတွေဆုတ်ဗြဲပြီး တံခါးဘေးလွှင့်ပစ်လိုက်တယ်။ ဒီနေ့တစ်နေ့လုံး စိတ်ကျေနပ်မှုတစ်ခုမှမရှိခဲ့ဘူး။အခုလဲ စိတ်ကညစ်နေပြန်တယ်။
ဆုတ်ပြဲနေတဲ့ ဒိုင်ယာရီစာအုပ်လေးကောက်ကိုင်ပြီး တစ်ရွက်ပြီးတစ်ရွက်ဖတ်ကြည့်နေလိုက်တယ်။ ခဏနေတော့ မျက်လုံးတွေစင်းလာတယ်။
အိပ်ချင်စိတ်တွေဖြစ်လာလို့ မီးပြန်ပိတ်ပြီး ကုတင်ပေါ်လှဲလိုက်တယ်။ အခန်းတံခါးပေါက်လေးကနေ အပြင်ကလမင်းကြီးကိုမြင်နေရတယ်။
မှောင်မိုက်တဲ့ညတွေဟာ အထီးကျန်တဲ့ညတွေပေါ့။ဒီလိုညမျိုးမှာ ဘယ်လိုအိပ်လို့ပျော်နိုင်မှာလဲ။
အခုတော့ တစ်ယောက်တည်း လွမ်းဆွတ်တမ်းတခြင်းတွေနဲ့ သာယာတဲ့အတိတ်နေ့ရက်တွေကို သတိရနေတယ်။
ကြာခဲ့ပြီဆိုပေမယ့် အားလုံးဟာ မနေ့တစ်နေ့ကိုလိုပါလား။ အမိမြေကနေခွဲခွါခဲ့ရတာကြာပြီဆိုပေမယ့် တစ်နေ့မှမမေ့သေးပါဘူး။
တွေးလက်စအတွေးတွေအသာမေ့ပြီး မျက်လုံးလေးအသာပြန်မှိတ်လိုက်တယ်။ နောက်တော့ အိပ်ပျော်သွားတော့တယ်။
ခဏနေတော့ အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးသွားပြန်တယ်။သွားပြန်ပါပြီ။ ဒီညလဲရှုံးရပြန်ပြီ။
အိပ်လို့မရတော့မှန်းသိလို့ အိပ်ရာကနေပြန်ထလိုက်တယ်။ ခဏနေတော့ ကြမ်းပြင်ပေါ်လဲကျသွားပြန်တယ်။
ကိုယ့်ကိုယ်ကိုမနည်းပြန်ထယူရတယ်။ခြေထောက်ကိုထိသွားလို့ ထော့နဲ့ထော့နဲ့ နဲ့လျှောက်ပြီး အိပ်ခန်းကနေအပြင်ဘက်ဝရန်တာကိုထွက်လိုက်တယ်။
အခုတော့ အေးချမ်းတဲ့ညအလှကိုငေးမောရင်း မှောင်မိုက်ခြင်းကို ခံစားနေလိုက်တယ်။ မျက်လုံးတွေကမှန်ဝါးဝါးဖြစ်နေပြီ အခန်းထဲပြန်ရောက်တော့
အိပ်ရာပေါ်လှဲချလိုက်တော့တယ်။ကျွန်တော်စိတ်ကူးတွေယဉ်၊ အိပ်မက်တွေမက်လို့ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားတော့တယ်။
ကဲအခုတော့ လောကကြီးကမှောင်သွားပြီနော်။မှောင်မိုက်တဲ့ညတွေမှာ ယောင်ယောင်ပြီးဆိုမိတဲ့ အသည်းကွဲသီချင်းလေးတွေဆိုညဉ်းရတဲ့အခိုက်
ပျော်နေမိတယ်။အခုတော့မျှော်နေမိပြန်တယ်။တမ်းတတယ် အလွမ်းညရယ်။အိပ်စက်နေတဲ့ငါ့ကို အိပ်မက်ကနေနိုးအောင်နှိုးပါတော့။
ငါမငိုချင်ဘူး။မငြိုငြင်တော့ဘူးနော်။အသည်းကွဲပန်းချီကားတွေရေးဆွဲလို့ ဆုံခွင့်ရတဲ့နေ့ရက်တွေကို ငါမှန်းကြည့်တယ်
မှောင်သွားပြီ။ငါ့အတွက်မှောင်သွားခဲ့ပြီ။မှောင်လွန်းတဲ့ညက အိပ်မက်တွေပေးသွားသေးတယ်။
သူကျွန်တော့်ကိုပြောခဲ့တယ် "လောကကြီးက မှောင်သွားပြန်ပြီ"။
မှောင်မိုက်ခြင်းအဆုံးရောက်တော့ တစ်ခါထပ်ပြောတယ် မှောင်နေတဲ့ဘ၀ထဲကိုမလာချင်တော့ဘူးတဲ့။
အခုဆို ကျွန်တော့်ဘ၀မှောင်မဲနေတာကြာပါပြီ။ အတိတ်နေ့ရက်တွေ ကွဲကြေဖို့ အလွမ်းသီချင်းတွေလဲဆိုနေဦးမယ်။
မျှော်နေဦးမဲ့မနက်ဖြန်ရယ် နေခဲ့ဦးပေါ့။နှုတ်ဆိတ်တဲ့အပြုံးတွေနဲ့ တိုးတိုးတိတ်တိတ် မင်းထွက်သွားပါတော့ "ငါဘ၀ကမှောင်နေပြီ"။
Tuesday, December 6, 2011
ထိပ်ဆုံးသို့
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတစ်လေတကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိတောပေါ့
တစ်နေ့တော့ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းကိုအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား ........
ငယ်ငယ်ကစာသင်ခန်းထဲမှာ သင်ခဲ့ရတဲ့ကဗျာလေးက အခုလောကလမ်းတွေပေါ်ရောက်တော့မှ နားလည်သွားတော့တယ်
Friday, December 2, 2011
ကျွန်တော်ရေးတဲ့ ကဗျာ
ကျွန်တော်ကလေးတစ်ယောက်ဖြစ်ခဲ့တုန်းက
ကလေးတစ်ယောက်လိုပြောတယ်။
ကလေးတစ်ယောက်လိုနားလည်တယ်။
ကလေးတစ်ယောက်လို တွေးတယ်။
ဒါပေမယ့် ကျွန်တော်အရွယ်ရောက်လာတဲ့အခါ
အဲဒီကလေးဆန်ခဲ့တဲ့ အကြောင်းတွေကို မေ့ပစ်လိုက်တယ်။
မူပိုင်ခွင့်များအကြောင်း
လူတစ်ဦးတစ်ယောက်ဟာ သူ့အတွက်အခက်အခဲလည်း မရှိဘူး။တခြား
သူတွေကိုလည်း အရမ်းသိစေချင်ရင် ပုံတစ်ပုံကိုပဲဖြစ်ဖြစ်၊ သတင်းတစ်ပုဒ်ပုဒ်ကိုပဲဖြစ်ဖြစ်
ဖြန့်ဝေမိမှာ အမှန်ပဲ။ဒါဟာ ဖြန့်ဝေလိုက်တဲ့နောက်ဆက်တွဲအကြောင်းအရာတွေကိုမသိလို့ပဲဖြစ်ပါလိမ့်မယ်။
ဘာ့ကြောင့်လဲဆိုတော့ သူဟာတစ်ခြားသူတစ်ယောက်သိစေလိုတဲ့ ရည်ရွယ်ချက်သာရှိပြီး မူပိုင်ခွင့်ဥပေဒေကို
မသိလိုက်လို့ပါပဲ။ နိုင်ငံတစ်ကာ အသိုင်းအ၀န်းမှာတော့ မူပိုင်ခွင့်ကိုအတော်လေး အရေးထားကြတယ်။
သတင်းတစ်ပုဒ်ပဲဖြစ်ဖြစ် ၊ ပုံတစ်ပုံကိုပဲဖြစ်ဖြစ် ပြန်လည်ဖြန့်ဝေမယ်ဆိုရင် မူလပြုလုပ်ထားသူရဲ့
နာမည်ကိုရေးသားထည့်သွင်းပေးလိုက်ဖို့ပဲလိုပါတယ်။ အဲလိုမှ မလုပ်ဘူးဆိုရင်လည်း ရှင်းပါတယ်။
ဒီလူဟာ မူပိုင်ခွင့် ဥပဒေကို ချိုးဖောက်တာနဲ့ အတူတူပါပဲ။လူတစ်ယောက် ဒါမှမဟုတ် မီဒီယာတစ်ခုဟာ သတင်းတစ်ပုဒ်၊
ပုံပြင်တစ်ပုဒ်ဖြစ်လာစေဖို့အတွက် အချိန်များစွာ အားထုတ်ကြိုးပမ်းခဲ့ရတဲ့ အတွက်ကြောင့်ပါပဲ။ အဲဒီအတွက် သူ့ဆီကနေ ကူးယူမယ်ဆိုရင်တော့
ယခင်တင်ပြထားသူရဲ့ နာမည်ကိုထည့်သွင်းပေလိုက်မှသာလျှင် ၀ိနည်းလွတ်ဖြစ်သွားပါလိမ့်မယ်။ တချို့သော ၀က်ဆိုဒ်ကြည့်သူတွေအတွက်
လည်း ထင်ယောင်ထင်မှားဖြစ်သွားစေနိုင်ပါတယ်။ နာမည်ကြီး ၀က်ဆိုဒ်တစ်ခုမှာ တင်ထားတဲ့ သတင်းလေးကို မထင်မရှား ဘလော့တစ်မှာပါ
ထပ်မံတွေ့ရှိရမယ်ဆိုရင် ဘယ်သူအမှန်လဲဆိုတဲ့ အတွေးလေးဝင်သွားနိုင်ပါတယ်။ အဲဒီအတွက် ဘယ်သူကပဲပြန်လည်ဖော်ပြသည်ဖြစ်စေ
မူလပိုင်ရှင်ရဲ့ နာမည်လေးသာထည့်ပေးလိုက်ပါ။ ကိစ္စရှင်းသွားပါလိမ့်မယ်။ ဒါဆို သူ့အတွက် အကျိုးမယုတ်တော့သလို ကိုယ့်မှာလည်း
အမှန်တကယ်ဖြန့်ဝေချင်တဲ့ ဆန္ဒလေးပြည့်ဝသွားပါလိမ့်မယ်။တကယ်လို့ မူလပိုင်ရှင်ရဲ့ နာမည်ကိုသာ ထည့်ပေးလိုက်မယ်ဆိုရင်
မလိုလားအပ်တဲ့ ပြဿာနာတွေကနေကင်းဝေးသွားမှာပါ။ဒီတော့ မိမိလည်းအကျိုးရှိ မူလရေးသူုလည်း အကျိုးရှိသွားမှာပါပဲ။
စေတနာဖြင့်....
မျှော်...
ကျွန်တော့်ဘ၀မှာမျှော်လင့်စောင့်ဆိုင်းနေရတဲ့ အချိန်တွေကများလွန်းပါတယ်။
ကျွန်တော် အဝေးကြီးကိုလည်းမျှော်နေတတ်တယ်။ နီးနီးလေးကိုလည်း မျှော်နေတတ်တယ်။
ဘာပဲဖြစ်ဖြစ် မျှော်ရတဲ့အလုပ်မှန်သမျှဟာပင်ပန်းလွန်းပါတယ်။ကားဂိတ်မှာ ကားထွက်မယ့်အချိန်ကိုမျှော်ရတာတစ်မျိုး
နေ၀င်ရီဝိုးတ၀ါးမှာ သူ....လာမယ့်အချိန်ကို မျှော်ရတာကတစ်မျိုး မရိုးနိုင်အောင်မျှော်နေမိခဲ့တာပေါ့။
ချစ်တယ်ပြောဖို့ အချိန်တွေမျှော်လင့်ခဲ့ရတာတစ်မျိုး "ချစ်ပါတယ်" ဆိုတဲ့ သူရဲ့အဖြေကိုမျှော်ရတာကတစ်မျိုး။
မျှော်လင့်ချက်တွေထားခဲ့မိတဲ့ ကျွန်တော့်အတွက်တော့ မျှော်ရတယ်ဆိုတာ အဆင်းရဲဆုံးဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်... သူ့နဲ့ နီးစပ်လာပြန်တော့လည်း ကျွန်တော်အများကြီးမျှော်လင့်မိပြန်တယ်။
ကျောင်းသွားတိုင်း သူလာမယ့်လမ်းကိုမျှော်နေရင်းနဲ့ ကျွန်တော်လေ အရမ်းပဲပျော်နေခဲ့တယ်။
စာသင်ခန်းထဲမှာ သူ့ကိုခိုးခိုးကြည့်ရင်း သူပြန်ကြည့်မယ့်အချိန်ကိုမျှော်နေမိပြန်တယ်။
ဒါနဲ့ ကျောင်းဆင်းတော့ သူ့ပြန်နေကျလမ်းထဲအထိလိုက်ပြီး သူ့ရဲ့ အရိပ်လေးလိုတကောက်ကောက် လိုက်မျှော်နေရပြန်တယ်။
ရေဒီယိုညပိုင်းပြီးတဲ့အချိန်ရောက်ရင် သူ့အဆောင်ရှေ့မှာ ဂစ်တာလေးတီးရင်း သူထွက်လာမယ့်အချိန်ကိုမျှော်နေမိပြန်တယ်။
အပြုံးမပျက်ပဲ ပျော်နေတဲ့သူ့မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည်းရင်း ညတွေကုန်လွန်လာတာကိုမေ့နေမိလေရဲ့။
အတွေးကကဗျာရေးလို့ မိုးလင်းတဲ့အထိ ကဗျာစာသားတွေသီဖွဲ့ရင်း သူနဲ့ဝေးမှာကို ကျွန်တော်စိုးထိတ်လာရပြန်တယ်။
ကျောင်းကြီးပိတ်လို့ အိမ်ပြန်ချိန်ရောက်တော့ အနားတိုးပြီး တိုးတိုးလေးပြောသွားတယ် "တစ်နေ့မှမမေ့နိုင်ဘူး" တဲ့။
နွေရက်ရှည်တွေရဲ့ ခြောက်သွေ့တဲ့လမ်းတွေပေါ်မှာ ကျွန်တော်လွမ်းလွန်းလို့ သူ့ကိုမျှော်နေမိခဲ့တယ်။
တစ်ရက်မှလဲ မေ့မရခဲ့ပါဘူး။တစ်မှေးမှအိပ်မရအောင် ရင်ခုံသံတွေကမြန်နေလွန်းပါတယ်။
နိုးတစ်ဝက် အိပ်မက်တွေနဲ့ သူ့ကို ကျွန်တော်အများကြီးမျှော်လင့်ထားမိတယ်။
တစ်ရက်ပြီးတစ်ရက်လက်ချိုးရေလို့ ပြန်ဆုံမယ့်နေ့ရောက်ဖို့တော့ မျှော်လင့်ချက်ကခိုင်မာနေပြန်တယ်။
အချိန်ပြည့်လို့ ပြန်ဆုံရအောင် အဆောင်ရှေ့မှာချိန်းပြန်တော့ သူထွက်မလာတော့ဘူး။
ပြောနေကျစကားလေးပြောဖို့ အချိန်တွေအကြာကြီးကျွန်တော်စောင့်နေပေမယ့် သူမလာချင်ဘူး။
ဝေးရတဲ့နေ့တွေကုန်လွန်သွားပေမယ့် နီးစပ်ဖို့တော့မလွယ်သေးပါလား။ ဒါပေမယ့် ကျွန်တော်မျှော်နေမိတယ်......
ဟော သူထွက်လာပါပြီ သူ့မျက်နှာမှာ အပြုံးတွေအစား အမုန်းတွေအစားထိုးလာတာကို ကျွန်တော်သိနေလို့
ခပ်အေးအေးပဲ ကျွန်တော်ပြောလိုက်ပါတယ်။ "သိပ်ချစ်ပါတယ်" ။
သူ့ဆီက နှုတ်ဆိတ်နေတာကို ပထမဆုံးမြင်လိုက်ရပေမယ့် ကျွန်တော့်ရင်ထဲမှာ အရင်လို ရင်တွေလဲခုန်စဲပါ။
ဒါပေမယ့် သူရက်စက်တယ်။ သူ့ ကျွန်တော့်ကို တစ်ကယ်ရက်စက်ခဲ့တာပါ။
အကြောင်းပြချက်လေးတစ်ခုတောင်မပေးဘဲ သူနေနိုင်ခဲ့တယ်။
သူနေနိုင်တာကိုကြည့်ပြီး ကျွန်တော်အံသြလိုက်တာ။ သူမှဟုတ်ရဲ့လား။
နေ့တွေ ညတွေ တစ်ရွေ့ရွေ့ ကူးပြောင်းလာပေမယ့် မပြောင်းလဲတဲ့ ဒီရင်ဘတ်ကြီးက သူ့ကိုတစ်စာစာမျှော်နေမိပြန်တယ်။
ကျွန်တော်ကံဆိုးလွန်းပါတယ်။ တစ်ကယ်တော့ မချစ်တတ်တဲ့သူကိုမှ ချစ်ခဲ့တဲ့အဖြစ်က မနှစ်ကနဲ့တောင်မတူတော့ပါဘူး။
ရာသီစက်ဝန်း အချိန်ချိန်ပြောင်းလဲလာပေမယ့် ကံကြမ္မာကိုမျှော်နေမိတော့ ကျွန်တော်ပြောပြချင်တယ်။
သူ့ကိုမျှော်ရတဲ့ အဖြစ်က မဖြစ်နိုင်မှန်းသိလျှက်နဲ့ ကျွန်တော်မျှော်နေမိခဲ့တယ်။
အခုတော့ ဒါတွေဟာ...ကြာခဲ့ပါပြီ။ဝေးခဲ့ရပါပြီ။ သူ့အသံလေးလည်း မကြားရတော့တာကြာပါပြီ။
သူ့မျက်ဝန်းလေးနဲ့ မဆုံရတာလည်းကြာပါပြီ။
ညတွေဟာ မှောင်လွန်းတယ်
လမင်းကြီးကရော ဘယ်မှာသာနေမလဲ။
အခုတော့လည်း တိတ်ဆိတ်တဲ့မြက်ခင်းတွေပေါ်မှာ
လမ်းတွေလျှောက်ရင်း ဆွေးရတဲ့အဖြစ်က
ဆိုးလွန်းလှပါတယ်။
ဒါပေမယ့်....
ကျွန်တော် သူ့ကို...
သိပ်ချစ်ပါတယ်။.....။မျှော်နေပါတယ် ရောက်အောင်သာလာခဲ့ပါ................................
..............................................................................................................
ဘ၀ရဲ့စေရာ
ဖြစ်ချင်တာများဖြစ်ခွင့်ရရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်ပြောလေ့ရှိတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်ချင်တာဖြစ်ဖို့က ခဲယဉ်းနေပြန်တယ်။ဒါနဲ့...
အားလျှော့မယ်ကြံလိုက်တော့ လောကကြီးကကျွန်တော့်ကိုပြောပြန်တယ် ကြိုးစားပါဦးတဲ့။
တကယ်ဗျာ ကြုံရတဲ့ လောကဓံတွေကြားမှာ ကျွန်တော်ဟာ နိမ့်လိုက်မြင့်လိုက် တက်လိုက်ဆင်းလိုက်နဲ့ပဲ အချိန်တွေကုန်လာတာကိုသတိထားမိတယ်။
ကျွန်တော့်ဘ၀မှာ အာမခံချက်ဆိုတာလဲ မရှိဘူး။အနာဂါတ်ကိုမှန်းကြည့်ပြန်တော့လဲ မှုန်ဝါးဝါးပဲရှိတယ်။
အော် တွေးလိုက်တိုင်း ကဗျာမဆန်တဲ့ဘ၀ကို ဘာလို့များတပ်မက်နေပါလိမ့်။ကျွန်တော်ဘာ့ကြောင့် အောင်မြင်မှုတွေကိုလိုချင်နေရတာလဲ။
ပြန်ပြီးစဉ်းစားကြည့်ပြန်တော့ ကျွန်တော်ဟာ မြက်ပင်လေးတစ်ပင်လိုပါပဲ။
ကြမ်းတမ်းတဲ့မြေပြင်မှာ ရှင်သန်ရတဲ့ အရိုင်းမြက်ပင်လေးလိုပါလား။
ဒီလိုကျပြန်တော့ ကိုယ့်ဘ၀ကိုသနားမိသွားတယ်။ကျွန်တော်တကယ်ပဲကျရှုံးနေပြီလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ဖူးတယ်။
တကယ်လို့ ဘ၀ဆိုတာ ရှင်သန်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ရင် ဘာအတွက်ရှင်သန်နေမှာလဲလို့မေးလိုက်ချင်တယ်။
လက်ထဲမှာသုံးဖို့ရှိနေတဲ့ အကြွေတစ်ချို့နဲ့ ကိုယ့်ကိုယ်ကို ဟားတိုက်ရယ်ချင်လိုက်တာ။အလွမ်းသင့်ငှက်ငယ်လေးလောက်တောင်
တန်ဖိုးမရှိမှတော့ တော်ပါပြီ ကျွန်တော်မလိုချင်တော့ပါဘူး။မမျှော်ချင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာသာဖြစ် ရင်ဆိုင်ပစ်လိုက်ချင်တော့တယ်။
ဘ၀ဆိုတာ တခါတခါ စိတ်ဓာတ်တွေတက်ကြွနေတဲ့အခါရှိတယ်။တခါတခါ စိတ်ညစ်နေရတဲ့အခါလဲရှိနေတယ်။
ဒီနှစ်မျိုးကြားမှာ ဗျာများနေတဲ့စိတ်ကကြီးစိုးနေပြန်တယ်။ အသည်းနာဖို့ကောင်းလောက်အောင် လောကလမ်းတွေကြမ်းတမ်းလာရင်
ကျွန်တော်တစ်ယောက်တည်းကြိတ်ခံစားလိုက်တော့မယ်။ရင်ဖွင့်ရအောင်ကလဲ ဘေးနားမှာ တစ်ယောက်မှမရှိ။
ငိုကြွေးရအောင်လဲ သတ္တိကမရှိ။ အတော်ဆိုးတဲ့ ငါပါလား။
စေလိုစေနေရတဲ့ ဘ၀မျိုးထဲမှာ ကျွန်တော်သာယာနေမိတယ်။ ပျော်ရွှင်နေမိတယ်။
ခဏနေတော့ လောကဓံကလာရိုက်ပြန်တယ်။ကျွန်တော်လဲကျသွားတာကှိုကြည့်ပြီး သူတို့ဟားတိုက်ကြသေးတယ်။
ဒါပေမယ့်မမှုတော့ပါဘူး။ဒါတွေဟာ အဆန်းမဟုတ်လေတော့ တစ်ကိုယ်တည်းလဲနေတတ်ရမှာပေါ့။
ဘာပဲဖြစ်ဖြစ်မျှော်လင့်ချက်ဆိုတာရှိနေသရွေ့ ကျွန်တော်မရှုံးသေးပါဘူး။
မျှော်လင့်ချက်တွေ မျှော်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေရှိနေပါသေးတယ်။ သွားတော့မယ်....
ကျွန်တော်အဝေးကြီးကို တစ်ယောက်တည်းသွားတော့မယ်ဗျာ။ကျွန်တော့်ကိုမတားပါနဲ့တော့။
ကျွန်တော်လေလွင့်နေပါရစေ။တကယ်လို့ ကျွန်တော်လဲကျသွားရင် စိတ်မပူပါနဲ့။ ကျွန်တော်ပြန်ထဦးမှာပါ။
ကျွန်တော်အမြင့်ကိုရောက်သွားရင်လဲ မကဲ့ရဲ့ပါနဲ့ ကျွန်တော်စိတ်ကောင်းလေးတွေထားပြီး အများအကျိုးအတွက်တတ်နိုင်သလောက်တော့
ပေးဆပ်မှာပါ။ကျွန်တော်ရှင်သန်နေပါရစေ။လောကကြီးရေ....တစ်ခုတည်းပဲတောင်းဆိုချင်တာပါ....
နောက်ထပ်...ဆက်ပြီးရှင်သန်ခွင့်လေးတော့ပေးပါ။ဘာမှမရတော့ရင်လဲနေပါစေ။ရှိတာနဲ့ဖြစ်ပါစေ။
ကျွန်တော့်ကိုရှေ့ဆက်သွားခွင့်လေးတော့ပေးပါ။ ကျွန်တော့်ကိုပျော်ရွှင်ခွင့်လေးတော့ပေးပါ။
ကျွန်တော်နေတတ်သလိုသာ နေပါရစေ။