Monday, September 10, 2012
ကောင်မလေး
ကောင်မလေးက စကားတွေပြောတတ်တယ်။
ကောင်မလေးက စိတ်ကောက်လွယ်တယ်။
ကောင်မလေးက အတ္တကြီးတယ်။
ကောင်မလေးက မေ့တတ်တယ်။
ကောင်မလေးက ခင်ဖို့အရမ်းကောင်းတယ်။
Friday, July 20, 2012
ကျွန်တော်ပေးချင်ခဲ့သော ပန်းလေးတစ်ပွင့်...
နင်နဲ့ငါနဲ့ ဆုံတွေ့ခဲ့ခြင်းဟာ အိပ်မက်လေးတစ်ခုဖြစ်ခဲ့ကြရင် သိပ်ကောင်းမှာပဲ။
ငါ့မှာတော့ အဲဒီအိပ်မက်လေးကို တွယ်ငြိမိလို့ နှလုံးသားလေးတစ်ခု
အရည်ပျော်သွားခဲ့ရတယ်။
တကယ်လဲ အိပ်မက်လေးက ဆန်းကြယ်လှပါတယ်။
မထင်မှတ်တဲ့ တစ်နေ့မှာ နင်နဲ့ငါ ဆုံဆည်းခဲ့ကြတယ်။
ခင်မင်ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး ငါချစ်မိသွားတာမဟုတ်ပါဘူး။
နင်က ပြောတယ်။ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတဲ့။
သူငယ်ချင်းထက်ပိုလို့မရတဲ့ နင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ အစပိုင်းမှာ
ခင်ခဲ့တာပါ။
ဒါပေမယ့် ဘာ့ကြောင့်လဲ .... ကံကြမ္မာက ဆန်းကြယ်တယ်။
အချိန်တိုလေး တစ်ခုအတွင်းမှာ ဖြတ်မရအောင် ငါနင့်ကိုစွဲလမ်းသွားခဲ့တယ်။
တကယ်တော့ အိပ်မက်လေးက မလှသေးပါဘူး။
အိပ်မက်လေးက မပြီးဆုံးသေးပါဘူး။
ဒါပေမယ့် အဲဒီအိပ်မက်ကိုတွေ ငါတန်ဖိုးထားတယ်။
အိပ်မက်တွေရှိရာဆီကို ငါလာချင်ခဲ့တယ်။
ကောင်မလေးရေ....
တစ်ခုတည်းပါ။ သတိရရင်လဲ ရလိုက်ပါ။
မုန်းချင်တယ်ဆိုရင်လဲ မုန်းလိုက်ပါ။
ငါကတော့ ငါရှို့ခဲ့တဲ့ မီးတွေနဲ့ လောင်ကျွမ်းနေပါပြီ။
အချစ်မှာ ကန့်သတ်ချက်မရှိဘူးဆိုတာ နင်မသိတာလား။
အချစ်မှာ တန်ခိုးရှိတယ်ဆိုတာ နင်မယုံကြည်တာလား။
ထားလိုက်ပါ နင်ကအချစ်ကိုမှ မခံစားတတ်တာ။
နင်က အချစ်ကိုမှ တန်ဖိုးမထားတတ်တာ။
အတင်းကြီး မတိုက်တွန်းချင်ပါဘူး။
ဒါပေမယ့် မြို့ပြရဲ့ လမ်းတွေထက်မှာ ကောင်လေးတစ်ယောက်
ကောင်မလေးတစ်ယောက်ကို လွမ်းနေလို့ မိုးတွေရွာနေတာတောင် မေ့နေခဲ့တယ်။
တစ်ခုတည်းပါ ကောင်မလေး....
နင်ကငါ့ရဲ့ အိပ်မက်လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ငါက အိပ်မက်ထဲက လမင်းလေးဖြစ်ပါရစေ။
ကြယ်ကြွေတာမြင်တိုင်း နင်နဲ့နီးဖို့ ဆုတွေတောင်းနေပေမယ့်
ငါမျှော်လင့်တဲ့ ပန်းတိုင်ကတော့ အခုထိရောက်မလာသေးဘူး။
ကောင်မလေးက ပြောတယ်....
ကောင်မလေးက ငါ့ကိုအထင်သေးနေတယ်။
ဒါပေမယ့် ....
ငါက နင်ထင်သလို အခွင့်အရေးယူတတ်တဲ့သူမဟုတ်ပါဘူး။
ငါက နင်ထင်သလို လွယ်လွယ်ရမယ်ဆိုပြီး ကြံစည်ခဲ့တာလဲမဟုတ်ပါဘူး။
ငါမျှော်နေတာ တစ်ခုတည်းပါ။
ငါနင့်ကို ချစ်ရုံလေးပဲချစ်ချင်တာပါ။
ချစ်ခွင့်ရရုံလေးပဲ ငါမျှော်နေခဲ့တာပါ။
နင်သိပါစေ။
နင်နားလည်ပါစေ။
ပန်းဆိုတာ ပန်းပန်တဲ့သူဆီမှာပဲ ပန်းရဲ့တန်ဖိုးကတက်လာတာပါ။
ပန်းပျိုးသူကြောင့် ပန်းရဲ့တန်ဖိုးတက်ခဲ့တာမဟုတ်ပါဘူး။
ငါဆိုတဲ့ကောင်က ပန်းလေးတစ်ပွင့် စိုက်ပျိုးခဲ့တဲ့သူပါ။
ပန်းလေးကိုစောင့်ရှောက်နေတဲ့သူပါ။
ပန်းပန်တဲ့သူလက်ထဲကို ပန်းလေးပေးချင်ရုံလေးပါ။
မပန်ချင်ရင်လဲ တစ်နေ့ကျရင် ပန်းလေးကညှိုးသွားရမှာပါပဲ။
နင်မလိုချင်တဲ့ ပန်းမို့ တန်ဖိုးမထားဘူးဆိုတာ ငါသိပါတယ်။
ဒါပေမယ့် ပန်းလေးရဲ့ ရနံ့ကတော့ ညှိုးငယ်သွားတဲ့အထိ သင်းပျံ့နေဦးမှာပါ။
တစ်နေ့ပန်းလေး ခြောက်သွေ့သွားခဲ့ရင် မြေမှာခရမှာပါပဲ။
ငါသိပါတယ်....
အချစ်...သံယောဇဉ်ဆိုတာ ဘယ်တော့မှမမြဲဘူးလို့ ငါသိနေပါတယ်။
တစ်နေ့ကျရင်...လူတွေအားလုံး .... တစ်နေ့ကျရင်....
ခွဲခွာသွားကြရမယ်။စွန့်လွှတ်ထားခဲ့ရမယ်။
ကိုယ်ပိုင်ဆိုင်တဲ့အရာ ဘာမှမရှိပါဘူး။
ကံဆိုတဲ့ အရာလေးတစ်ခုတည်းသာ ပိုင်ဆိုင်ရတာပါ။
အဲဒီကံဆိုတဲ့ အရာလေးကြောင့် နင်နဲ့တွေ့ဆုံခဲ့တာပါ။
အဲဒီကံဆိုတဲ့ နတ်ဆိုးလေးကြောင့် ငါနင့်ကိုချစ်မိခဲ့တာပါ။
ဖန်ဆင်းရှင်ကြောင့် ငါချစ်ခဲ့တာမဟုတ်ဘူး။
နင့်ကိုချစ်ဖို့လဲ ဘယ်သူမှငါ့ကိုမတိုက်တွန်းပါဘူး။
သဘာဝအတိုင်း ဖူးပွင့်လာတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ။
အဲဒီပန်းလေးရဲ့ ခံစားချက်ကို နင်နားလည်ပါစေ။
အဲဒီပန်းလေးရဲ့ ရနံ့ကို နင်ခံစားနိုင်ပါစေ။
မိုးဖွဲတွေကြားမှာ ဖူးပွင့်လာတဲ့ ပန်းလေး...
မိုးကြိုး၊မုန်တိုင်းတွေကို အံတုရင်း ပွင့်လာရတဲ့ ပန်းလေးပါ။
ပန်းလေးရဲ့ဘ၀ဟာ မဖြောင့်ဖြူးပါဘူး။
ပန်းကောင်းပန်ချင်တဲ့သူဟာ ပန်းပျိုးသူမဟုတ်ပါဘူး။
ပန်းကောင်းပန်ချင်တဲ့သူဟာ ပန်းကိုတန်ဖိုးထားပြီးမှပန်တာပါ။
ငါ့ရဲ့ ပန်းလေးတစ်ပွင့်ကို နင်တန်ဖိုးထားနိုင်မှပန်ပါ။
ငါ့ရဲ့ ပန်းလေးတစ်ပွင့်ကို မြတ်နိုးတတ်မှပန်ပါ။
တကယ်တော့ ...
ငါက အချစ်ပန်းလေးတစ်ပွင့် လက်ဆောင်ပေးတဲ့ ပန်းပျိုးခဲ့သူတစ်ယောက်ပါ။
Tuesday, July 17, 2012
မရှုံးချင်ဘူး....
အရှုံသမားမဖြစ်ချင်ပါဘူး။
ဒါပေမယ့်....
ငါရှုံးနေရတယ်။
နင့်ကိုချစ်တဲ့စိတ်ကြောင့်
နေ့တိုင်းရှုံးနေရတယ်။
နင်သိအောင်ပြောချင်ပေမယ့်
ပြောခွင့်မှမရခဲ့တာ။
ငါတန်ဖိုးထားတဲ့ နင့်ကို...
ဘယ်တော့မှ စိတ်မညစ်စေချင်ဘူး။
ငါသိပ်ချစ်တဲ့နင့်ကို...
ငါဘယ်တော့မှ အနိုင်မယူပါဘူး။
နင်မလိုတဲ့အချိန်၊ နင်မလာစေချင်တဲ့အချိန်
ဒါပေမယ့်...
နင့်အနားမှာနေချင်တာပါ။
နင့်စကားတွေကြားချင်တာပါ။
မျှော်လင့်ချက် ငါ့မှာမရှိရဘူးလား
ငါသိပ်ချစ်တဲ့ နင့်ကို ဒီအတိုင်း အလှကြည့်နေရမှာလား။
ဒါပေမယ့်....
ငါကျေနပ်ပါတယ်။
နင့်ကိုချစ်တဲ့ ငါ့ရဲ့အချစ်တွေကြောင့်
နင့်ကိုအကောင်းဆုံး နားလည်ပေးနိုင်ခဲ့တာပါ။
ငါနင့်ကို အကောင်းမမြင်တာမဟုတ်ဘူး။
ချစ်လွန်းလို့ စိုးရိမ်မိတာပါ။
ငါနင့်ကို သ၀န်တိုနေတာမဟုတ်ဘူး။
ချစ်လွန်းလို့ ဇီဇာကြောင်ခဲ့တာပါ။
ငါနင့်ကို လှည့်မကြည့်ခဲ့တာမဟုတ်ဘူး။
ချစ်လွန်းလို့ ခေါင်းငိုက်စိုက်သွားတာပါ။
ငါနင့်ကို မတားချင်ခဲ့ချင်လို့မဟုတ်ဘူး။
ချစ်လွန်းလို့ လွတ်လပ်စေချင်တာပါ။
Friday, July 13, 2012
ဘ၀ကချိုရင် အချစ်ကလည်းချိုနေတတ်ပါတယ်။
ဘ၀ကခါးလာရင်တော.အချစ်က ချိုနေနိုင်ပါဦးမလား။
ဘာပဲ ဖြစ်ဖြစ် အချစ်ဆိုတာ လူတိုင်းရဲ့ စိတ်ကိုသိမ်မွေ့စေတယ်...
ပြောင်းလဲစေတယ်...
အများအားဖြင့် အချစ်ဆိုတာကို တွေ့ရှိသွားတဲ့လူတိုင်းဟာ... ပျော်ရွှင်နေတာပဲ...
နင်နဲ့ပတ်သက်ပြီး မခံစားခဲ့ရလို့မဟုတ်ဘူး။
နင်နဲ့ အထင်အမြင်တွေလွဲခဲ့ရတာကို စိတ်နာမိတာပါ။
နင်နဲ့ ပတ်သက်ပြီး နောင်တမရခဲ့တာမဟုတ်ဘူး။
နင်နဲ့ ဝေးသွားတဲ့နောက် အမှောင်ထဲမှာ နေခဲ့ရလို့ပါ။
နင်နဲ့ ပတ်သက်ပြီး စိတ်ညစ်စရာဆိုလို့
ငါ့မှာ...
"လမ်းခွဲခဲ့ရတာလေး" တစ်ခုတည်းပါ။
အချစ်မှာ စွမ်းအားရှိတယ်ဆိုရင်
အဲဒီစွမ်းအားကို အသုံးချပြီး အမြင့်ကိုတက်ကြမယ်။
အချစ်မှာ စွမ်းအားရှိတယ်ဆိုရင်
အဲဒီစွမ်းအားနဲ့ ဒုက္ခတွေကို ရင်ဆိုင်ကြမယ်။
အချစ်မှာ စွမ်းအားရှိတယ်ဆိုရင်
အဲဒီစွမ်းအားနဲ့ ဘ၀တစ်ခုတည်ထောင်ကြမယ်။
အချစ်မှာ စွမ်းအားရှိတယ်ဆိုရင်
ငါ ဘာပဲဖြစ်ဖြစ်ခဲ့ဖြစ်ခဲ့
မင်း ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
ခွင့်လွှတ်ပေးကြမယ်။
အချစ်မှာ စွမ်းအားရှိတယ်ဆိုရင်
အချိန်က ငါတို့အချစ်ကို စမ်းစစ်ပေးသွားမှာပါ။
Sunday, May 6, 2012
ချစ်သူဆီသို့ လွင့်ပျံလာသော မိုးစက်လေးများ...
ကြယ်လေးတွေက ကောင်းကင်မှာလင်းလက်လို့
နံနက်မိုးသောက်ရင် လွင့်လွင့်လေးပြန်သွားတယ်။
ငါ့မှာ တစ်ယောက်တည်း
ကြေကြွယ်တစ်ပွင့်ကို ကိုင်ရပ်လို့
... မိုးလေးဖွဲတဲ့နေ့တစ်နေ့ကရခဲ့တဲ့
အသစ်စက်စက် အလွမ်းပုံပြင်လေးတစ်ခုပေါ့။
နေ့တွေ၊ ညတွေ
မေ့ပျောက်နေတဲ့ ငါ့ကို
အဲဒီကြယ်လေးတွေတောင် သနားနေကြတယ်။
ငါမသိတဲ့ နေ့တစ်နေ့မှာ
ငါ့ဆီ ချစ်သူတစ်ယောက်ရောက်လာခဲ့တယ်။
အဲဒီနေ့က နွေဦးရောက်စဆိုပေမယ့်
မိုးလေးက ခပ်ဖွဲဖွဲရွာနေခဲ့တယ်။
xxxx
အဲဒီမိုးလေးဖွဲဖွဲရွာနေတဲ့ နေ့ကို ငါအမှတ်ရနေဆဲပါပဲ။
ပိုးပိုပေါက်ပေါက်ကျနေတဲ့ မိုးစက်လေးတွေရဲ့ အငွေ့အသက်ကြောင့် ပတ်ဝန်းကျင်ဟာ အေးစိမ့်စိမ့်နဲ့။
နေကလည်း ပေါ်မလာတော့ အခန်းထဲပေမယ့် အေးတာပါပဲ။
အဲဒီနေ့က ကောင်းကင်တစ်ခုလုံး မိုးတိမ်တွေနဲ့...ညိုလို့...။
ငါကမင်းရှိရာ ရောက်လာပြီး မင်းမျက်ဝန်းလေးနဲ့စကားတွေအများကြီးပြောခဲ့ကြတယ်လေ။
အခိုက်အတန့်လေးအတွင်းမှာ တစ်ခုခုကို ငါခံစားမိလိုက်ပါတယ်။ ငါ့ရဲ့ခံစားချက်ကိုဘေးထားပြီး
မင်းကို ငေးကြည့်နေမိတယ်။ မင်းက ငါ့ကို သတိမထားမိဘူးထင်ပါရဲ့။ ငါကညောင်းလို့ ထိုင်နေရာကနေ ထရပ်လိုက်တော့
မင်းက ငါ့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ခပ်ရေးရေး ငေးကြည့်ရင်းနဲ့ပေါ့။
ငါကမင်းကို မလှုပ်မယှက်နဲ့ ငေးကြည့်ပြီး တိတ်တိတ်လေးခေါင်းပြန်ညိမ့်ပြသွားတဲ့ နင့်ရဲ့ ပုံရိပ်ဟာ
ငါမှတ်မိသမျှထဲမှာ အတမ်းတဆုံးတစ်ခုဖြစ်ခဲ့လေရဲ့။ မင်းထွက်သွားတော့ ငါ့မှာ ကတုန်ကယင်ဖြစ်ပြီး ရင်ခုံသံနဲ့မောနေခဲ့တယ်။
ငါ့ရင်ထဲမှာ လှိုင်းတွေစီးကျပြီး ငါ့ရဲ့ခံစားကို ဦးနှောက်ကသိအောင် နှလုံးသွေးကြောတွေက အချက်ပေးနေရင်းနဲ့ ငါ့စိတ်ထဲမှာ
အသံတစ်ခုကြားလိုက်မိသလိုပဲ။ မင်းကိုချစ်မိခဲ့ပြီတဲ့လေ။ အဲဒီနောက် မင်းထွက်သွားရာဘက်ကို မျက်စိတစ်ဆုံး လိုက်ကြည့်မိခဲ့တယ်။
မင်းကို တွေ့နေ၊ မြင်နေရဦးမယ်ဆိုရင် ဘယ်အချိန်မဆို ငါကကြည့်ချင်နေခဲ့ပြီလေ။ ငါကတော့ ကံကောင်းရင်
မင်းလှည့်ကြည့်တာနဲ့ ဆုံမှာပဲလို့ ထင်နေခဲ့သေးတယ်လေ..။ဒါပေမယ့်လည်းလေ.....။
အဲဒီနေ့....နောက်နေ့.....နေ့ပေါင်းများစွာကြာအောင် မင်းရောက်လာလိမ့်မယ်လို့
ငါမျှော်လင့်နေခဲ့ပေမယ့် မင်ဟာရောက်မလာခဲ့သေးဘူး။ ငါ့ရင်ထဲမှာ စီးဝင်နေတဲ့ မျှော်လင့်ချက်လေးတစ်ခုကတော့
မင်းလာချင်လာဦးမှာလို့ တွေးထင်နေတာပါပဲ။အဲဒီ အချိန်က ကြာတော့ကြာလောက်ပါပြီ။ ခုဆိုအဲဒီနေ့ကရွာတဲ့
မိုးဖွဲလေးတွေလဲ မြောက်ပြန်လေတစ်ခုနဲ့ ပြန်လွင့်သွားခဲ့ပြီးပြီပေါ့။
ဒါပေမယ့်....ငါ့မှာ ကောင်းကင်ကြီးကိုညိုတာကိုမြင်တိုင်း မင်းကိုတမ်းတ သတိရနေတတ်ပြီလေ။
ပြီးတော့....မိုးဖွဲဖွဲလေးရွာနေတိုင်းမင်းကို လွမ်းနေတတ်တယ်။
နောက်ဆုံးမျှော်လင့်ခြင်းတွေနဲ့လည်း စောင့်မျှော်နေသေးရဲ့....။ဒါပေမယ့်လည်းလေ...။
မင်းကအခုထိရောက်မလာနိုင်ခဲ့ဘူး။
xxxx
အခုဆို မျှော်နေခဲ့တာ ကြာပြီဆိုပေမယ့်
မင်းမရှိတဲ့ နေရာလေး....
မင်းမလာနိုင်တဲ့ နေရာလေးမှာ...
ငါ....တစ်ယောက်တည်း
မိုးဖွဲဖွဲလေးကျတိုင်း
စောင့်နေဦးမယ်။...။
Wednesday, April 25, 2012
ခွင့်မလွှတ်နဲ့ကောင်မလေး....
    မှားမှန်းသိသိနဲ့ ငါဟာမှားခဲ့တာပါ။ အမှားအတွက်နဲ့ နောင်တရမယ်ဆိုတာ ငါသိပြီးသားပါ။ ငါ့ကြောင့်....
ကောင်မလေးခံစားရတယ် မဟုတ်လား။ သိတယ်၊ စာနာတယ်၊ နားလည်ပါတယ် ကောင်မလေးရေ။
တကယ်တော့ ဘ၀မှာ ငါဟာအမှားကို မိုက်မဲစွာကျူးလွန်ခဲ့မှန်း ရင်နာစွာနဲ့သိလိုက်ရတယ်။ ငါ့သမိုင်းရိုင်းခဲ့တယ်။
ငါ့ကံကြမ္မာကို ငါဖန်တီးခြင်းပါ။
    စာနာပါတယ် ကောင်မလေးရေ....
    ငါ့ကြောင့် ကောင်မလေးခံစားနေရတယ်။ မျက်ရည်တွေကျရတယ်။ပူဆွေးခဲ့ရတယ်။
သိက္ခာတွေ ပေးဆပ်ခဲ့ရတယ်။ အရှက်တရားတွေ ရခဲ့တယ်။ အချစ်နာခဲ့ရတယ်။ ခွင့်မလွှတ်ပါနဲ့ နော်...
ငါဆိုတဲ့ကောင့် ခွင့်လွှတ်လိုက်ဖို့ မကြိုးစားပါနဲ့ ကောင်မလေးရေ....။
xxxx
    အတိတ်ကိုပြန်တွေးကြည့်တော့လဲ လွမ်းပါရဲ့....။ဒီလိုပြောလိုက်လို့  ရယ်ချင်ရယ်လိုက်ပါ။
ဟိုအရင်တစ်ချိန်ချိန်ကပေါ့.....။ပေးဆပ်သူနဲ့ ရယူသူတို့ရဲ့ တုန့်ပြန်မေတ္တာ။နှလုံးသားတွေ လှခဲ့ကြတယ်။ ရင်ခုံသံတွေလှခဲ့တယ်။
အပြုံးတွေကလဲ ချိုမြခဲ့တယ်။စကားလုံးတွေလဲ အသံလွင့်ခဲ့တယ်။ အသံသာသာ ကျေးငှက်သံတွေကြားနေရတယ်။
နားထဲမှာ ချိုမြစီးဆင်းလှပခြင်းတွေလေ.....။
    ကာရန်ညီတဲ့ ကဗျာတစ်ပုဒ်ဟာ ခံစာချက်စိတ်အလျဉ်နဲ့ လှပလို့နေတယ်။မြို့လေးရဲ့ အိပ်ရာဘေးကနေ
စီးဆင်သွားတဲ့ မြစ်ငယ်လေးရဲ့ ရေစီးသံတွေက ကြည်လင်အေးမြမှုကိုပေးလေရဲ့။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့
လမင်းသာနေတယ်။ နံဘေးမှာ ကြယ်စင်တွေကခစားလို့ ပန်းချီရှုံးလောက်တဲ့ အလှဆုံးမြင်ကွင်းလေးတွေပေါ့။
    ကောင်မလေးနဲ့ပတ်သက်ပြီး ကဗျာလှလှလေးတွေရေးဖွဲ့တယ်။ ကောင်းမလေးဖတ်ဖို့....။
စကားပြေ နွဲ့နွဲ့လေးတွေ ရသမြောက်နေတယ်။ အိပ်မက်တွေသော်မှ လတ်ဆတ်လို့ ခဏခဏ မက်နေတယ်။
    ရှေ့မှာ အတားအဆီးရှိရင်လဲရင်ဆိုင်မယ်တဲ့။ စိတ်ကူးယဉ်မဟုတ်တဲ့ ခိုင်မာတဲ့ သတ္တိတွေနဲ့ပေါ့ ကောင်မလေးရေ...။
    ခရီးလမ်းမှာ တကယ်လည်း အခက်အခဲဆိုတာ မရှိခဲ့ဘူးနော်။ ကောင်မလေးက ရင်ဖွင့်တယ်။ ချစ်တယ်။ လှသော၊
မရိုးမသားစကားစု။ရှက်ဖွယ်နီးမြန်းသွားတဲ့ မျက်နှာလေးတစ်ခုကိုတွေ့ရတယ်။ ရှက်ရွံ့ခြင်းမှာ လျှို့ဝှက်ချက်တွေရှိနေတယ်။
    ဒီအချိန်တုန်းကတော့ ရင်ထဲမှာ ကောင်မလေးကစိုးမိုးနေတယ်။ နှလုံးသားထဲမှာ ကောင်မလေး။ မျက်ဝန်းထဲမှာ
ကောင်မလေး။ အပြုံးမှာလည်း ကောင်မလေး။ ငါ့အိပ်မက်ထဲမှာလည်း .....။ အားလုံးထဲမှာ ကောင်မလေး။
    ကောင်မလေးက ပျော်ခဲ့တယ်။ အနာဂါတ် စိတ်ကူးတွေ လှနေလိုက်တာ ကောင်းမလေးရေ။ အပျော်အပြုံးတွေ
ပေါင်းကူးယှက်နွယ်လို့ နံနက်ခင်းတိုင်းဟာ ကြည်နူးဖွယ် အလှပန်းချီကားတစ်ချပ်ပေါ့။
xxxx
    ကောင်မလေးရယ်....
    မင်းဟာ ငါ့ထက်ငယ်တယ်ဆိုပေမယ့် ငါ့ထက်အများကြီးရင့်ကျပ်ကြပ်တယ်။ ငါ့ထက်ပိုပြီး စဉ်းစားတတ်တယ်။
အဲဒီအကြောင်းအရာတွေကြောင့် တစ်နေ့နေ့မှာ ငါ့လွင့်သွားရတော့မယ်ဆိုတာ ကြိုတင်သိလိုက်ရတယ်။ ဒါပေမယ့်.....
ငါဆိုတဲ့ ခပ်နုံ့နုံ့ ကောင်တစ်ယောက်က ရှုံးနိမ့်မှုဆိုတဲ့ အရာထဲမှာ ကျင့်သားကျနေပြီးသားပါကွယ်။
xxxx
    တစ်နေ့.....
    အဲဒီတစ်နေ့ကပေါ့။
    ငါတို့နှစ်ယောက် အချစ်တွေ ပုပ်သိုးခဲ့တာ။
    အဲဒီနေ့ကပေါ့၊ ငါ့အိပ်မက်တွေ ဆိတ်သုဉ်းခဲ့တာ။
    ပြီးတော့ အိမ်ပြန်ချိန် လမ်းပျောက်ခဲ့ရတာ။
    ကောင်မလေးရေ.....
    မင်းမှန်ပါတယ်။
    မင်းဘ၀အတွက်၊ မင်းအတ္တအတွက်၊ လူတွေရဲ့ ဝေဖန်တဲ့စကားလုံးတွေ အတွက်
    ဒီလို ဆုံးဖြတ်သင့်ပါတယ်လေ....။
    ဒါပေမယ့်....ငါ့ရဲ့ မပြည့်စုံမှု၊ အားနည်းမှုတွေများတဲ့အတွက် ငါ့အတ္တနဲ့နှလုံးသားကို စတေးခံလိုက်ရတာ
    ငါ့မျှော်လင့်ချက်တချို့ကို ငါသနားမိပါတယ်။
    ကောင်မလေးက ငိုတယ်။ မျက်ရည်ကျတယ်။
    ကောင်မလေးငါ့ကို အမုန်းကြီးမုန်းသွားပြီ။
    နားကြည်းသွားပြီ။
    ခွင့်မလွှတ်နဲ့ ကောင်မလေး။ ငါမှားခဲ့တယ်။
    ဒီဘ၀တင်မက နောင်ဘ၀အထိ ကောင်မလေး ငါ့ကိုမုန်းတီးနေတယ်။
    နာကြည်းနေမယ်ဆိုတာ နားလည်ပါတယ်။
    ခွင့်မလွှတ်နဲ့နော်....။
    ကောင်မလေးရေ....
    တစ်ခုတည်းပါပဲ.....
    သတိရရင်လဲ သတိရလိုက်ပါ။
    မေ့ချင်ရင်လဲ မေ့ထားလိုက်ပါ။
    ဒါပေမယ့်....နံနက်ခင်းလေးတွေကိုတော့ ပြုံးပြနှုတ်ဆက်လိုက်ပါနော်။
    ငါကတော့ မြို့ပြရဲ့နေ့ရက်တွေထဲမှာ   
    မင်းပျိုးခဲ့တဲ့ ပန်းခင်းတွေကို ပြန်ရုပ်သိမ်းရဦးမယ်။
xxxx
ချစ်သူကိုမြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုး စောင့်ရှောက်ချင်ခဲ့တဲ့သူ...
ခု...ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။
တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ထဲ ထည့်ပြီး
ရာဇ၀င်ထဲမှာ ခရီးဆက်ဦးမယ်...
သူငယ်ချင်းတွေနဲ့ နေရင်း
စကားတွေပြောရင်း...
သီချင်းတွေဆိုရင်း...
...နင်...ငါ့ကို...
တစ်နေ့နေ့ကျရင်
မေ့သွားမှာပါ။...။
Friday, March 30, 2012
စိတ်အားဖြည့်ခွန်းအားများ....
-အောင်မြင်ရန် ကုန်ကျစရိတ်သည် ဆုံးရှုံးမှုစရိတ်များထက် သက်သာနိုင်သည်။
-မိမိကိုယ်ကိုယ်မိမိ အတတ်နိုင်ဆုံးကောင်းအောင်လုပ်နိုင်မှသာ မိမိဝန်းကျင်ကိုကောင်းအောင်လုပ်နိုင်မည်။
-ရပ်မနေပါနှင့်။ခရီးမဆုံးမချင်း မရပ်လိုက်ပါနှင့်။ပန်းတိုင်ရောက်မှ အောင်မြင်မှုတွေထွေးပိုက်ပြီး အနားယူလိုက်ပါ။
-အရာရာတိုင်းသည် သူ့သဘောသူဆောင်နေသည်။သူ့သဘောနှင့်သူ့သဘာဝကို မည်သူမျှမဖျက်ဆီးနိုင်။
-အောင်မြင်မှုသည် တန်ခိုးဖြစ်သည်။
ကျွန်တော့်ချစ်သူ...
မိဘကိုသိပ်ကြောက်တဲ့
ကျွန်တော့်ချစ်သူ...
ကျွန်တော့်ကိုပစ်ခွါပြီး
ဘ၀သစ်မှာ နေပျော်တဲ့
ကျွန်တော့်ချစ်သူ...
ရွှင်ပြုံးပျော်ရွှင်စွာနဲ့
တည်ကြည်လွန်းတာ
ကျွန်တော့်ချစ်သူ...
ဂစ်တာတီးလာရင်
သီချင်းတွေအကျယ်ကြီးဖွင့်တာ
ကျွန်တော့်ချစ်သူ...
လမ်းတွေ့ရင် နှုတ်မဆက်နိုင်ခဲ့တာ
ကျွန်တော့်ချစ်သူ...
သံသယ မျက်လုံးတွေနဲ့
စိမ်းကားရက်စက်စွာ ညှို့နိုင်လွန်းတာ
ကျွန်တော့်ချစ်သူပါ။
ချစ်တယ်ပြောတာလဲ သူပါ
မချစ်ဘူးပြောတာလဲ   သူပါ
မခွဲဘူးပြောတာလဲ      သူပါ
ခွဲသွားတာလဲ     သူပါ...။
မမြဲပါလား....
မမျှော်လင့်ဘဲ တွေ့ခဲ့ကြတယ်။
ကြာလာတော့ လက်တွေမြဲသွားတယ်
အချိန်တန်တော့ ခွဲရပြန်တယ်
ငါလည်းပဲ တမ်းတမိတယ်။
ပြန်မဆုံနိုင်တော့မှန်း သိခဲ့ကြတယ်
ပြန်ဆုံရတော့ ပျော်သွားပြန်တယ်
အချိန်တန်တော့လည်း ခွဲရဦးမယ်။
မမြဲတဲ့ တရား ပါပဲလား။
သူ........
နေရာတကာမှာ သ၀န်တိုမှုတွေနဲ့
စိတ်ကောက်လွယ်တဲ့
ကျွန်တော့်ကို
မချစ်ဘူးဆိုတဲ့
စကားတစ်ခွန်းနဲ့
သူ.......
ဖြေသိမ့်ပေးခဲ့တာပါ။
Monday, March 19, 2012
ဘ၀မြင်ကွင်းကျယ်...
ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှသမရိုးကျအလုပ်တွေလုပ်နေရတာကို ညည်းငွေ့တတ်ကြတယ်။
တစ်ခါတစ်ခါ စိတ်ဖိစီးမှုတွေ၊စိတ်ဆင်းရဲမှုတွေနဲ့ကြုံရတဲ့အခါ အကြောင်းပြချက်တွေပေးပြီး ကိုယ်ဆင်းရဲစိတ်ဆင်းရဲခံကြတယ်။
တကယ်လို့သာ...
ဖြစ်ဖြစ်သမျှအကြောင်းမဟုတ်ပါဘူးလို့ သဘောထားနိုင်ရင် အဲဒီစိတ်ဆင်းရဲမှုတွေကနေသက်သာရာရကြမှာ အမှန်ပါပဲ။
တကယ်တော့....
လောကကြီးမှာ
ကြုံတွေ့ရမယ့်    အခက်အခဲတွေ
ရင်ဆိုင်ရမယ့်     ဒုက္ခတွေ
ဖြတ်သန်းရမယ့်  ခရီးကြမ်းတွေ
တွေ့မြင်ရမယ့်   အတားအဆီးတွေ
အနာခံရမယ့်     ဘ၀အမောတွေ
ဖြေရှင်းရမယ့်    ပြဿနာတွေ
ခံစားရမယ့်       နာကျင်မှုတွေ
ပြင်ဆင်ရမယ့်    အားနည်းချက်တွေ
ဒါတွေအားလုံးကို လက်တွေ့ကျကျရှုမြင်ပြီး
လောကဓံရဲ့ ဖိအားပေးမှုတွေအောက်ကနေ ရုန်းထွက်နိုင်ဖို့ပဲလိုတယ်။  ။
တကယ်တော့...
ဘ၀ကမသေချာတာကောင်းတယ်။ခက်ခဲတာက ပိုပြီးအဖိုးတန်တယ်။
မှားတတ်တာ သဘာဝကျတယ်။အရှုံးနဲ့ ရင်ဆိုင်ရတာ ပိုပြီးရင့်ကျပ်တယ်။
အချိန်နဲ့အမျှ တွေးနေရတာ ပိုပြီးတိုးတက်နိုင်တယ်။စာဖတ်ချိန်များလာရင် အသိဥာဏ်ရင်သန်လာမယ်။
တစ်ရက်မှာ ၄နာရီအိပ်ရုံနဲ့ အိပ်ရေးဝတယ်။ ထမင်းနှစ်နပ်စားဖို့ပဲလိုတယ်။
အပေါင်းအသင်းတွေနဲ့ စကားလက်ဆုံကျနေတာကြည်နူးစရာ။
ကူညီခွင့်ရလို့ ကူညီလိုက်ရတာ ဂုဏ်ယူစရာ။
စာအုပ်တွေကြားမှာ နစ်မွန်းရင်းနဲ့ ကမ္ဘာလှည့်လိုက်၊ မတွေ့ဘူးတဲ့သူတွေနဲ့ စကားပြောလိုက်နဲ့...
ကြည့်စမ်း...
ဘယ်လောက်ထိပျော်ဖို့ကောင်းသလဲ။အိပ်တဲ့အချိန်မှာ နှစ်နှစ်ချိုက်ချိုက်အိပ်နေရတာ ပီတိပဲ။
အိပ်မပျော်လို့ စာရေးနေရလဲ ကြည်နှုးစရာပဲ။
အချိန်တွေကုန်လို့ နှမျောနေမယ့်အစား ဘာလုပ်ရင်ကောင်းမလဲတွေး...နောက်...အလုပ်လုပ်...အဲဒါဘ၀ပဲ....
ဘ၀ဆိုတာ အဓိပ္ပါယ်ရှိရှိဖြတ်သန်းဖို့အတွက် ရှင်သန်နေတာ....
ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့ မျှော်လင့်ချက်တွေအကုန်ပျက်ဆီးသွားခဲ့ရင် ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့။
ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်ဖြစ်ကိုယ်စံရတာ ဘ၀ပဲ....
ဝေဖန်တာသူ့အလုပ် ကဲ့ရဲ့တာ သူ့အလုပ်...ကိုယ့်အလုပ်က...ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ပဲလိုတယ်။
အလုပ်လုပ်ဖို့ အင်အားရှိရမယ်။ပင်ပန်းတယ်ဆိုတာ အနားယူဖို့ အင်အားတစ်ခုပဲ။
သင်လုံခြုံတဲ့နေရာမှာ မြဲမြံကြံ့ခိုင်စွာ ရပ်တည်ခုခံပါ
နိုင်ရင်နိုင်၊ မနိုင်ရင်သေပစေလို့ ဆုံးဖြတ်ချက်ချထားပါ
ဒါဆို အသက်မသေရင် သင်ထင်ပေါ်ကျော်စောမှာသေချာတယ်။
အသက်သေခဲ့ရင်လည်း ကြယ်တာရာတွေလို တောက်ပမှာ မုချပါပဲ။
Friday, March 9, 2012
နှုတ်ဆိတ်နေသောအချစ်...
တစ်ယောက်နဲ့တစ်ယောက် ချစ်မိကြိုက်မိကြတဲ့အခါ တစ်ယောက်ကိုယ်တစ်ယောက် ကြင်နာကြတယ်။
ကြင်နာမှုတွေလွှမ်းခြုံထားတဲ့ အချစ်မှာ သံယောဇဉ်တွေလဲရှိကြတယ်။
တစ်ကိုယ်တော် အလွမ်းအဆွေးထက် နှစ်ဦးနှစ်ဖက် နားလည်မှုတွေတည်ဆောက်ပြီး
အချစ်ရဲ့ဘေးမှာ အတူလက်တွဲရှင်သန်ချင်ကြတယ်။ဒါပေမယ့်...အချစ်ဆိုတာ....
တွေးကြည့်ရုံနဲ့ အိမ်မက်လှလှတွေမက်ခွင့်မပေးတတ်ဘူး။ကဗျာဆန်ဆန် ခွဲခွါခြင်းမျိုးမဟုတ်ပေမယ့်
ပြန်တွေးရင် ပန်းလှလှလေးနွမ်းကြွေရသလိုပါပဲ။ဟုတ်တယ်။အချစ်က နှုတ်ဆိတ်နေပါတယ်။
အချစ်က စကားတွေအများကြီးမပြောတတ်ဘူး။အချစ်က ကဗျာတွေလဲမရေးတတ်ဘူး။
ဒါပေမယ့်..
စကားတွေပြောတတ်အောင်သင်ပေးတတ်တယ်။
ကဗျာတွေရေးတတ်အောင် သင်ပေးတယ်။
အချစ်နဲ့ပတ်သက်မိရင် ကဗျာတွေစာတွေရေးလို့ရပါပြီ။
ခက်တာက...အချစ်ဆိုတာ ပန်းလှလှလေးပွင့်ဖို့ အားပေးတတ်ရုံပဲပါ။
အဲဒီပန်းလေးမကြွေဖို့ မတားနိုင်ဘူး။မြေမှာခ ခဲ့ရတဲ့ပန်းလေး ကြွေနွမ်းခဲ့ရတဲ့ပန်းလေး
အခုတော့ အားအင်တွေလဲကုန်ခန်းနေပြီပေါ့။အချစ်က ပန်းလေးတစ်ပွင့်ပါပဲ။
ပန်းဆိုတာ အချိန်တန်ရင်တော့ ကြွေရမှာပါပဲ။မကြွေအောင် ဘယ်သူတားနိုင်မှာလဲ။
အမြင့်တက်ခဲ့ပေမယ့် အချိန်တန်တော့လဲ မြေကိုခရတဲ့ပန်းလေးမို့ ဘယ်သူတွေတန်ဖိုးထားဦးမှာလဲ။
အချစ်က နှုတ်ဆိတ်နေပါပြီ။စကားတွေမပြောတော့ဘူး။ကဗျာတွေမရေးတော့ဘူး။
အချစ်က ပိုလို့တောင်အထိအခိုက်မခံနိုင်တော့ဘူး။အချစ်က...အချစ်ပါပဲ။
အချစ်က နှိုင်းစရာတွေများတယ်။ဒါပေမယ့် ကျွန်တော်ယုံကြည်တဲ့အချစ်က ပေးဆပ်ခြင်းပါ။
ဘာမှပေးစရာမရှိတော့ရင်လဲ မျက်ရည်စတွေစွန်းထင်းနေတဲ့ နှလုံးသားနဲ့ရင်းပြီးရေးတဲ့ကဗျာလေးတွေနဲ့
ပေးဆပ်မှာပါ။အခုတော့ နှုတ်ဆိတ်သွားပြီ။အချစ်က နှုတ်ဆိတ်ခဲ့ပါပြီ။
ကော်ဖီသောက်တိုင်း သတိရတယ်...
အချစ်ဆိုတာကို လူတွေက အဓိပ္ပါအမျိုးမျိုးဖွင့်ကြတယ်။
တကယ်တော့ အချစ်ဆိုတာနားလည်ရခက်တယ်။
မချစ်တတ်တာပဲကောင်းတယ်လို့ လူတွေကကျွန်တော့်ကိုပြောကြတယ်။
ချစ်ရင်ပူဆွေးရတယ်၊၀မ်းနည်းရတယ်၊ကြေကွဲရတယ်တဲ့။
အရင်တုန်းက.... အချစ်ကိုမမြင်ဘူးခင်ကပေါ့....
ကျွန်တော်အချစ်နဲ့ စတွေတဲ့အချိန်တုန်းက ကျွန်တော့်အသက်၁၆နှစ်လောက်ပဲရှိဦးမယ်။
အဲဒီတုန်းက ကော်ဖီဆိုင်မှာသူငယ်ချင်းတွေနဲ့အတူတူ စကားတွေပြောနေရင်းနဲ့
ကျွန်တော်ချစ်ခဲ့တဲ့ ကောင်မလေးနဲ့စတွေ့ခဲ့တာပေါ့။
ကော်ဖီခါးခါးကြိုက်တတ်တဲ့ ကျွန်တော်က အချစ်ဆိုချိုမှကြိုက်တယ်။
ကျွန်တော်မျှော်လင့်ခဲ့သလိုပါပဲ အချစ်က ကျွန်တော့်ကိုချိုမြိန်စေခဲ့ပါတယ်။
အချစ်က ကျွန်တော့်ကိုပျော်ရွှင်စေခဲ့တယ်။ကြည်နူးစေခဲ့တယ်။
ညနေတိုင်း သူလာတဲ့လမ်းလေးကိုမျှော်ရင်းနဲ့ ကော်ဖီသောက်ရင်း သူအိမ်အပြန်အလာကိုစောင့်နေမိတာပေါ့.။
ကျွန်တော့်ဘ၀မှာ ပထမဆုံးအချစ်လို့ပြောလို့ရတဲ့ ကျွန်တော့်ချစ်သူလေးကတော့ ကော်ဖီမကြိုက်ဘူး။
စကားတွေအများကြီးမပြောတတ်ဘူး။ကျွန်တော့်အတွက်သူပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပစ္စည်းလေးကတော့
ဘောပင်လေးပါပဲ။ကျွန်တော်စာရေးဖို့အတွက်ဆိုပြီး သူပေးခဲ့တာပါ။အဲဒီဘောပင်လေးထဲကထွက်လာတဲ့ မှင်စက်လေးတွေဟာ
သူ့ကိုချစ်တဲ့ ကျွန်တော့်ရဲ့မျက်ရည်စတွေနဲ့တူခဲ့တယ်။အိမ်အပြန်မိုးချုပ်တဲ့ညတွေမှာဆို သူ့လက်ကိုတွဲပြီး နှစ်ယောက်တည်းလမ်းတွေလျှောက်ကြတယ်။
ကျွန်တော့်ခါးလေးကိုသူဖက်ထားရင်းနဲ့ ကျွန်တော်ပြောသမျှ ခေါင်းငုံးပြီးငြိမ်နေရှာတဲ့ ကျွန်တော့်ချစ်သူလေးကို ကျွန်တော်လေ...
အရမ်းပဲချစ်မိသွားတာပါ။ချစ်လွန်းလို့ဆိုပြီး သူ့အတွက် ကဗျာစာအုပ်လေးတွေ၊ကျွန်တော့်ရဲ့ ဒိုင်ယာရီိစာအုပ်လေးတွေကို လက်ဆောင်ပေးခဲ့ပါသေးတယ်။
ကျွန်တော့်အကြောင်းတွေအမြဲတွေးတတ်တဲ့သူ့ကို ကျွန်တော်အစွဲကြီး စွဲလမ်းမိခဲ့တာပါ။နောက်ပြီး သူပြောခဲ့ အချစ်စကားလေးတွေ၊အေးစက်နေတဲ့ သူ့လက်ချောင်းလေးတွေ၊
ကမ္ဘာမှာအလှဆုံးမင်းသမီးလေးတစ်ယောက်လို့တောင် ကျွန်တော်ထင်ခဲ့ပါတယ်။အချစ်က ရိုးရှင်းလေပျော်ရွှင်လေဖြစ်ခဲ့ပါတယ်။
ကျွန်တော့်ကိုအမြဲနားလည်ပေးတဲ့သူ့အချစ်ကို ကျွန်တော်အရမ်းပဲ အထင်ကြီးမိခဲ့ပါတယ်။
အချစ်က တန်ဖိုးထားလေလေ တန်ဖိုးကြီးလေလေပါပဲ။
တကယ်တမ်းလမ်းခွဲဖို့ကြုံလာတော့ သူ့အပြောတွေက၊သူ့မနောတွေက သူမှဟုတ်ရဲ့လားလို့တောင်ထင်ခဲ့ပါသေးတယ်။
လမ်းခွဲပြီးနောက်မှာ လမ်းဆက်လျှောက်ဖို့ လဲကျနေတဲ့ကျွန်တော့်ကိုသူ...အရင်လိုဂရုမစိုက်တော့ပါဘူး...။
အချစ်က ခံစားတတ်လေလေ ခံစားရလေလေပါပဲ။
တကယ်ပါ အချစ်ဆိုတဲ့အရာဟာ ဓားသွားထက်ကပျားရည်စက်လိုပါ။
ဒါပေမယ့် အဲဒီပျားရည်လေးကိုပဲ အဟုတ်ကြီးထင်ပြီး အများကြီးမျှော်လင့်မိခဲ့တာပါ။
တကယ်တော့ အချစ်ကရှတတ်တယ်။အချစ်ကဆူးနဲ့တူတယ်။
အချစ်က အပွင့်လှပေမယ့် ဆူးတတ်တဲ့ နှင်းဆီပင်လေးနဲ့တူတယ်။
မခူးတတ်ရင် ဒုက္ခရောက်တတ်တယ်။
ပန်းလှလှမဖြစ်ခဲ့ပေမယ့် ပန်းလှလှလေးလို ကျွန်တော်ကတန်ဖိုးထားခဲ့တာပါ။
နားလည်ရခက်တဲ့အချစ်မှာ မျှော်လင့်စရာတွေလဲမရှိတော့ပါဘူး။
အခုတော့ တစ်ယောက်တည်း ကော်ဖီဆိုင်လေးထဲမှာ တစ်ယောက်တည်း...အလွမ်းတွေသယ်လို့....
မင်းထားခဲ့တာ...လွမ်းဖို့သက်သက်ပဲဖြစ်နေပြီလား...
ကော်ဖီခါးခါးကြိုက်တတ်တဲ့ကျွန်တော်....အချစ်ခါးခါးတော့မလိုချင်ပါဘူး....
အချစ်က ခါးသီးလေလေ ဝေးသထက်ဝေးလေလေပါပဲ...
နောက်ဆုံးတော့ ကျွန်တော်ရလိုက်တာတစ်ခုပဲရှိတော့တယ်....
ကျွန်တော်ကော်ဖီခါးခါးလေးကိုပဲ အခုထိစွဲလမ်းသွားခဲ့တယ်။။။။
သတိရတိုင်း ကော်ဖီသောက်ရင်းနဲ့ ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်ပြီးသတိရနေပါတယ်။
ရုတ်တရက် ကော်ဖီခွက်လေးပြုတ်ကျသွားတာကိုငေးရင်းနဲ့ သူ့ကိုသတိရနေမိပါတယ်။
ဘာပဲဖြစ်ဖြစ်...ဒီလိုအလွမ်းညတွေမှာ ကော်ဖီသောက်ရင်းနဲ့ ကျွန်တော်လွမ်းရဦးမယ်.....
တစ်ခါကဆောင်း
ဆောင်းဦးမှာ ဆောင်းနှင်းတွေဝေတယ်။ဆောင်းပန်းလေးတွေပွင့်ကြတယ်။
ဆောင်းရဲ့ သင်္ကေတ အေးစက်ခြင်း၊အေးချမ်းခြင်းပဲပေါ့။
ဆောင်းရောက်တော့ ဆောင်းဦးရွက်တွေကြွေကျတယ်။
ဆောင်းဦးမှာ ရွက်နုတွေလဲဝေကြတယ်။
ပုရစ်ဖူးလေးတွေစီတွဲနေတဲ့ ရွက်နုလေးတွေထက်မှာ နှင်းစက်လေးတွေခိုးနားကြတယ်။
အေးစက်တဲ့နှင်းမှုန်လေးတွေက မျက်နှာကိုလာထိတဲ့အခါတိုင်း အရိုးထဲထိအောင်ခိုက်ခိုက်တုန်တယ်။
ဆောင်းမနက်ခင်းလေးမှာ ဆောင်းနှင်းတွေဝေတယ်။နှင်းမြူတွေနဲ့အုံ့ဆိုင်းနေတယ်။
လူမကွဲ သူမကွဲတဲ့ နှင်းမြူတွေကြားမှာ နှင်းငွေ့လေးတွေလည်နေတယ်။
နှင်းစက်နှင်းပြောက်လေးတွေ အိမ်ရှေ့ကမြက်ခင်းစိမ်းလေးမှာကျနေတာကိုမြင်တိုင်း ဆောင်းရဲ့အဓိပ္ပါယ်ကိုလေးနက်စေတယ်။
ဆောင်းကချမ်းပါတယ်။ချမ်းလွန်းလို့ နှုတ်ခမ်းတွေတောင်ပြာလာတယ်။
တိတ်တဆိတ်တိုးလာတဲ့ လေညင်းလေးနဲ့ထိတိုက်မိတဲ့အခါတိုင်း ဒူးတွေတုန်အောင်ချမ်းပါတယ်။
ဆောင်းက တိတ်ဆိတ်တယ်။ဆောင်းက လျှို့ဝှက်တတ်တယ်။
ဆောင်းနှင်းလေးတွေက ကဗျာဆန်တယ်။ဆောင်းသီချင်းလေးတွေက နားဝင်ချိုတယ်။
ဆောင်းညလေးမှာ လေညင်းလေးနဲ့အတူတူပျံ့လွင့်လာတဲ့ ညမွှေးပန်းရနံ့လေးကိုသတိရပါတယ်။
ဆောင်းနှင်းစက်လေးတွေနဲ့ ဆောင်းနှင်းပွင့်လေးတွေကိုငေးမောရင်း...
ဆောင်းအတိတ် ဆောင်းအရိပ်အောက်မှာ ဆောင်းသီချင်းလေးတွေဆိုညီးရင်း....
လွမ်းရပါတယ်....ဆွေးရပါတယ်....ကြေကွဲခဲ့ရပါတယ်။
ဆောင်းကလျှို့ဝှက်တယ် ဆောင်းအိပ်မက်တွေက ကဗျာဆန်တယ်။
ဆောင်းညလေးက ရှည်လျားပေမယ့် ဆောင်းမနက်လေးကတော့ အေးစက်ပါတယ်။
ဆောင်းကို ကျွန်တော်ချစ်တယ်။ကျွန်တော်မြတ်နိုးတယ်။ဆောင်းပြန်လေးညှင်းလေးတွေတိုက်လို့
ဆောင်းညလေးတွေကုန်လွန်ချိန်ရောက်ရင် ကျွန်တော်ဆောင်းကိုပိုပြီးချစ်မိတယ်။
ဒါပေမယ့် ဆောင်းရယ်.... ဆောင်းအကုန်...နွေကူးချိန်ရောက်လို့ ဥသြလေးတွေတေးဆိုချိန်ရောက်ရင်
ရင်မှာရှင်သန်လာတဲ့ ဆောင်းနှင်းစက်တွေကြောင့် ကိုယ်အခုတော့ ဆောင်းညရှည်တွေကြားမှာ
ဆောင်းဦးရွက်ကြွေတွေနဲ့အတူ လွင့်မျောခဲ့ပါပြီ။ဆောင်းကုန်လို့ နွေရောက်တိုင်း ဆောင်းကိုအမြဲသတိရနေမယ်နော်....ဆောင်း....
Friday, February 24, 2012
နွေဦး
ရိုးတံကျဲကျဲနဲ့
အလှခြင်းပြိုင်နေတဲ့
ပင်အိုကြီးတွေ။ ။
ပင်ခြေရင်းက ရွက်ခြောက်တွေ...
ဆွေးမြေ့စွာ တွန်ကျူးနေတဲ့
ဥသြရဲ့ တေးဆိုးသံတွေ...
အော် နွေရောက်ပါပြီလား
နွေအလှ နွေညမှာ
မြူခိုးဝေတဲ့တောတောင်တွေ...
ဝေနေတဲ့ ပုရစ်ဖူးတွေ..
ပွင့်လန်းကြတဲ့ ပန်းပိတောက်တွေ...
ကျောင်းလမ်းပေါ်မှာကြွေနေတဲ့
စိန်ပန်းနီတွေ...
အားလုံး...အားလုံး....
နွေသရုပ်ကို ပန်းချီချယ်လို့
စာစီကာ သီကုံးနေမိတယ်
တိတ်ဆိတ်နေတဲ့ နွေဦးရယ်....
အလွမ်းသင့်သူ
နေသာတဲ့ မနက်ခင်းလေးမှာ
အခန်းကျဉ်းလေးရဲ့ ပြတင်းတံခါးလေးကနေ
တစ်ယောက်တည်း အလွမ်းသင့်နေတယ်။
လမိုက်ညတွေရောက်တော့လဲ
ကြယ်တွေဆီငေးမောရင်း
အလွမ်းသင့်နေမိတယ်။
တစ်ကိုယ်တည်း နေရဲပေမယ့်
တစ်ခါတစ်လေကျရင်
နှစ်ကိုယ်ပေါင်းမှ တစ်ရွက်ဖြစ်ရတဲ့
စွယ်တော်ရွက်လေးကို အားကျမိတယ်။
ရင်နှစ်လွှာချင်း ဝေးပေမယ့်
မမြင်သာ မကြင်နာတော့ရင်
အထင်အမြင်လွဲမှာကြောက်လို့
အပြင်မှာ လမ်းတွေလျှောက်ရရင်
အိမ်မှာနေရတာလောက် မပျော်နိုင်ခဲ့ဘူး။
နေရာတကာမှာ အမှတ်တရတွေများရင်
အကြိမ်ကြိမ် အခါခါလွမ်းမိလို့
နေပါစေ ထားခဲ့တော့မယ်။
အခုတော့...အလွမ်းသင့်သူတစ်ယောက်
အိမ်အပြန်မိုးတွေမိတဲ့အခါ
ကော်ဖီသောက်ရင်း အခန်းကျဉ်းလေးထဲမှာ
ကဗျာတွေရေးနေတဲ့သူပါ
တကယ်တော့ ကိုယ်ဟာ အလွမ်းသင့်ခဲ့သူတစ်ယောက်ပါ။  ။
Thursday, February 23, 2012
စေတနာသည် လူတိုင်းနှင့်တန်ပါသည်
လူတွေကပြောကြတယ်။ စေတနာဟာ လူတိုင်းနဲ့မတန်ပါ တဲ့။
သက်ရောက်မှုတိုင်းမှာ တန်ပြန်တုံ့ပြန်မှုဆိုတာ ရှိပြီးသားပါ။
စေတနာမှန်ရင် ပြန်လာပါတယ်။စေတနာကောင်းရင် အနှောင်းသေချာပါတယ်။
တကယ့်စေတနာအမှန်ဆိုတာ အဆင်ပြေမှ၊ အဆင်မပြေမှ ဆိုတာတွေနဲ့ တိုင်းတာလို့မရပါဘူး။
တကယ့်စေတနာအမှန်မှာ ကိုယ်အဆင်ပြေတဲ့အချိန်မှာလဲ စေတနာအမှန်ပဲ၊ ကိုယ်အဆင်မပြေတဲ့အချိန်မှာလဲ စေတနာမှန်နေတုန်းပဲ။
ဒါမှ တကယ့်စေတနာပါ။စေတနာဟာ ဝေဒနာနဲ့ တခြားစီပါပဲ။
တချို့ကပြောကြတယ် စေတနာဟာ ဝေဒနာဖြစ်တယ်တဲ့။
စေတနာဟာ ဝေဒနာပေးသွားတာလား။
မဖြစ်နိုင်ပါဘူး။
စေတနာဟာ ဖြူစင်ပြီးသားပါ။စေတနာရဲ့ တန်ဖိုးကိုနားမလည်လို့သာ ဝေဒနာလို့ပြောတာပါ။
လူတွေဟာ တစ်ယောက်ယောက်ရဲ့ စေတနာကြောင့်
သူတို့မှာ အခက်အခဲတွေအတားအဆီးတွေနဲ့ကြုံရတဲ့အခါတိုင်း အဲဒီစေတနာပေးသူကို ပြစ်တင်ကြတယ်။ပုတ်ခတ်ကြတယ်။
နောက်ဆုံးကျတော့လဲ သူ့ကိစ္စနဲ့သူ လျှောလျှောရှုရှုတော့ဖြစ်သွားတာပါပဲ။
ဒါပေမယ့် စေတနာက နားလည်ရခက်တယ်။
အထူးသဖြင့် စေတနာမမှန်ခဲ့ရင် ကိုယ့်အတွက်ဝေဒနာပြန်ဖြစ်တတ်တယ်။
စေတနာမှန်ပေမယ့် ဝေဒနာဖြစ်တယ်လို့ပြောကတည်းက စေတနာမမှန်သေးလို့ပါ။
စေတနာထားရာမှာ လိုအပ်ချက်လေးတွေရှိနေလို့ပါ။
စေတနာဟာ လူတိုင်းနဲ့ တန်ပါတယ်။စေတနာအမှန်ဟာ ကိုယ့်ဆီပြန်လာတတ်ပါတယ်။
ဒါပေမယ့် စောင့်မျှော်နေဖို့တော့မဟုတ်ဘူး။နောက်ပြီးစေတနာဆိုတာ ပေးဆပ်ခြင်းသက်သက်ပဲ။
တကယ့်စေတနာဟာ ရယူပိုင်ဆိုင်ဖို့မဟုတ်ဘူး။
တကယ်တော့ စေတနာဟာ စေတနာပါပဲ။စေတနာဟာ စေတနာနဲ့ပဲယှဉ်လို့ရတယ်။တခြားဘာနဲ့မှသွားမယှဉ်မိစေနဲ့။
စေတနာဟာ နဂိုကတည်းက ပေးဖို့သက်သက်ပါပဲ။
လောကဓံနှင့် လမ်းလျှောက်ထွက်ခြင်း
ပေတစ်ရာလမ်းဘေးတစ်လျှောက်က တမာပင်အိုကြီးတွေကိုငေးမောရင်း ကျွန်တော်တစ်ယောက်တည်းလမ်းလျှောက်ခဲ့တယ်။
သစ်ရွက်ခြောက်တွေနင်းမိလို့ တစ်ဖြောက်ဖြောက်မြည်တဲ့အခါတိုင်း ဘာကိုဝမ်းနည်းမိမှန်းလဲမသိဘူး။
စိုးစိတ်ကနှိုးဆွလို့ သတိမကပ်တဲ့သစ်ရွက်ခြောက်တွေကြွေတဲ့အချိန်မှာ ဥသြလေးကတေးဆိုနေတယ်။
သူဆိုတဲ့တေးသံနားဆင်လို့ ရှေ့ဆက်လျှောက်ရင်းအမှောင်လမ်းမထက်မှာ ကြယ်တွေလဲလင်းလက်လာခဲ့ပြီပေါ့။
ကျွန်တော်ဆိုးခဲ့ပါတယ်။ကံတွေလဲဆိုးခဲ့ပါတယ်။မှားခဲ့သမျှ အရာရာကို ပြန်တွေးမိတိုင်း နောင်တတွေလဲရခဲ့ပါတယ်။
ခရီးလမ်းတိုင်းမဖြောင့်ဖြူးခဲ့လို့ စိတ်ဓာတ်တွေလဲကျခဲ့ဖူးပါတယ်။
ခရီးလမ်းမှန်သမျှဟာ အစမှာတော့ကြမ်းတမ်းတာ အမှန်ပဲ။
ခရီးတိုလေးတွေသွားရင်း မိုင်ပေါင်းများစွာရှည်လျားတဲ့ ခရီးကြမ်းကြီးတွေဆီကို ဦးတည်လာရင်းနဲ့
တစ်ခါတစ်ခါ လမ်းပျောက်သွားတယ်။တစ်ခါတစ်ခါ လမ်းတစ်ဝက်လောက်ရောက်မှ လမ်းမှားနေမှန်းသိတော့တယ်။
တကယ်တော့ ခရီးဆိုတာ ကြမ်းချင်ကြမ်း ပန်းချင်ပန်းပါစေ။ပန်းတိုင်ရောက်ဖို့သာ အဓိကပါ။
ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်သွားတော့ ကိုယ့်ပန်းတိုင်မှာ ဘာတွေရှိလဲလို့ကျွန်တော်စမ်းစစ်ကြည့်မိတယ်။
အော်ပန်းတိုင်ရောက်ပြန်တော့လဲ ဘာမှမရှိသေးပါလားဆိုတဲ့ အသိကလွဲရင် ကျွန်တော်ဘာမှမရလိုက်ပါဘူး။
သေချာတာကတော့ ပန်းတိုင်ဆိုတာ တစ်တိုင်ပြီးရင် တစ်တိုင်ရှိနေဦးမှာပါ။
အရေးကြီးတာက ရပ်တန့်မနေဖို့ပဲလို့ ကိုယ့်ကိုယ်ကို အားတင်းလိုက်တယ်။
အချိန်တွေပြောင်းလို့ ရာသီစက်ဝန်းကြားမှာ လောကဓံရဲ့ အထုအဆစ်ကိုခံရင်းနဲ့ နှလုံးသားမှာ ဒဏ်ရာတွေရ၊
အထိနာတဲ့ ဒဏ်ချက်တွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဆုံးမမှုတွေကိုလဲခံရသေးတယ်။
ဘေးစကား၊အတင်းစကားတွေဘေးချိတ်လို့ ကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်လဲ သူတို့အပြော၊သူတို့မနောမှာ
ကျွန်တော်ဟာ တံတွေးခွက်ထဲပက်လက်မျောခဲ့ရတယ်။ထားလိုက်ပါလေ မုန်တိုင်းဘယ်လောက်ကြမ်းကြမ်း
မုန်တိုင်းပြီးတော့ လေပြေလာစမြဲပါ။ကျွန်တော်စောင့်နေခဲ့တယ်။ဘယ်အချိန်ကျမှ လေပြေလေညင်းလေးတွေနဲ့ ထိတွေ့ရမလဲဆိုတာ။
သိပ်ပြီးအဖိုးတန်တဲ့အချိန်တွေမှာ တန်ဖိုးရှိတဲ့အပြောတွေ၊တန်ဖိုးရှိတဲ့ စကားတွေနဲ့ ကိုယ့်တန်ဖိုးကိုယ်မြှင့်ဖို့ကြိုးစားရမယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့ဘ၀မှာ ကျွန်တော်နေတတ်သလို ကျွန်တော်နေပျော်သလိုနေနေရင်းနဲ့ ကိုယ့်ကိုယ့်ကိုဖြေသိမ့်ခဲ့ပါတယ်။
အမှားရှိရင်ခွင့်လွှတ်ဖို့ တောင်းပန်ရမယ်။
အမှန်သိရင် နားလည်ဖို့ကြိုးစားရမယ်။
လောကဓံနဲ့အတူတူကျွန်တော်ရှေ့ဆက်ဦးမယ်။....။
Friday, February 17, 2012
မယုံချင်ဘူး
ခံစားချက်တွေကို မယုံဘူး
လိမ်လည်လှည့်စားတတ်လို့...။
အချစ်ဆိုတာကို မယုံဘူး
တကယ်ယုံရင် စိုးရိမ်စရာမလိုဘူး။
သောကတွေကို မယုံရဲဘူး
ဖြစ်ဖို့မသေချာရင် မမျှော်လင့်တာပဲကောင်းပါတယ်။
စကားအကောင်းပြောတိုင်းမယုံဘူး
အကောင်းတွေပဲပြောနေတော့ အဆိုးတွေကိုမျက်ကွယ်ပြုရာကျတယ်။
အပျက်စကားတွေပြောတိုင်းလဲမယုံဘူး
စာအုပ်တွေနဲ့ ကိုးကားပြောတိုင်းလဲမယုံဘူး
ကိုယ်တွေ့ဆိုလို့လဲ မယုံဘူး
အများအမြင်ပြောလို့လဲ မယုံဘူး။
မယုံတာ ယုံတာ ကိုယ့်အပိုင်းပဲ
ဥာဏ်ရှိရင် ဆင်ခြင်တတ်တယ်
အသိရှိရင် သတိလဲရှိတယ်။
ကျွန်တော်ကတော့ သူတို့ပြောသမျှ မယုံချင်ဘူး။
ဥသြလေးငိုနေတဲ့ညနေ
ကျွန်တော်လွမ်းနေတာကို ချင်းတွင်းမြစ်ကြီးသိပါတယ်။
ကမ်းစပ်ကသဲသောင်တွေလဲသိပါတယ်။
ကမ်းနားက အုတ်ခုံလေးလဲသိပါတယ်။
မသိသေးတာက ကျွန်တော့်ချစ်သူပါ။
အခုဆို ကဗျာတွေ စာတွေရေးလို့
ကျွန်တော်လွမ်းတဲ့အကြောင်း ပြောပြရဦးမယ်။
ဝေးခဲ့ရတာ နှစ်လကြာခဲ့ပေမယ့်
မဟောင်းနွမ်းတဲ့ ချစ်ခြင်းတွေနဲ့
ပုံပြောကောင်းတဲ့သူလေး အခုတော့
ငိုနေတဲ့ ပါးပြင်မှာ မျက်ရည်တွေနဲ့စိုနေရောပေါ့။
သူမခင် စိမ်းကားရက်လို့ လွမ်းရတာကြာခဲ့ပါပြီချစ်သူ...
အပြစ်ယူတဲ့ အမုန်းစကားတွေနဲ့ သူပြောခဲ့တဲ့ အချစ်ဆုံးစကားတွေ
တွေးကြည့်လိုက်တော့ ဆန့်ကျင်ဘက်တွေနဲ့
မြင်မြင်သမျှလူတွေက ငါ့ကိုပြောနေကြပြီ
မင်းသိပ်အတာပဲ တဲ့။
ကိုယ်... အ... လို့ ကိုယ်ခံတာမှန်ပေမယ့်
ကိုယ်ချစ်လို့ ကိုယ်မပန်ရတာပါ။
ဒါတွေကို ဥသြလေးကသိတယ်။
သူတေးဆိုတဲ့ ညနေခင်းလေးက
ရွက်ခြောက်တွေလို ကြွေနေတဲ့ ငါ့အသည်းကို လှုပ်ခတ်စေခဲ့တယ်။
အခုတော့ တော်ရာမှာ နေပျော်လို့
မတော်ရာ မတန်ရာကိုလဲ မမှန်းရဲတော့ပါဘူး။
ပင်ယံအောက်က ရွက်ခြောက်လေးမို့ ငါ့ဘ၀ အမှိုက်သရိုက်လေးပါပဲ။
ငါနားလည်ပါပြီ...
ဥသြလေးကို စာနာတတ်ပါပြီ။
အခုတော့ သူဆိုတဲ့ လွမ်းတေးသီချင်းလေးက
ကျွန်တော့်ရင်ကိုထိလို့ ကွဲအက်ခဲ့တဲ့ နှလုံးသား
ကိုယ်ချင်းစာတရားတွေနဲ့ အမှန်ကိုလဲမြင်နိုင်ခဲ့ပါပြီ။
Sunday, February 12, 2012
တက္ကသိုလ်ဆိုတာ...
သူငယ်ချင်း...
တက္ကသိုလ်ဆိုတာ ဘယ်နေရာ ဘယ်လိုပုံဆံမျိုးမှာပဲရှိရှိ သူ့နှလုံးသား
သူ့ဝိညဉ်ကတော့ ကိန်းဆက်ခိုအောင်းနေတာပါပဲသူငယ်ချင်းရာ။
ခိုးအောင်းနေတဲ့ သူ့ဝိဥာဉ်နဲ့ ငါတို့နှလုံးသားတွေပေါင်းစုပြီး
အမှတ်တရဆိုတဲ့ စကားသံထွက်လာခဲ့တယ်။
အဲဒီအမှတ်တရဆိုတာ ဘာလဲ...
မင်းသိလား..သူငယ်ချင်း။
သူငယ်ချင်း...
တကယ်တော့ တက္ကသိုလ်ဆိုတာ မင်းလိုချင်တဲ့ပုံဆံ
မင်းဖြစ်ချင်တဲ့ပုံဆံအတိုင်းဖြစ်နေလို့ရှိရင်
ဘယ်လိုနေရာမျိုးမှာပဲ တက်ရတက်ရ
တက္ကသိုလ်ဆိုတာ မင်းအတွက် အမှတ်ရနေမှာပါ။
အတူတူသွားကြ လာခဲ့ကြတဲ့ ဒီနေရာလေးဟာ
မင်းအတွက် သတိရစရာနေရာလေးတွေပါ။
သူငယ်ချင်း...
မင်းတို့ ငါတို့တွေအတူရှိခဲ့ဖူးတဲ့ ကျောင်းထဲက ကျောင်းဆောင်ကြီးတွေကိုမင်းသတိရသေးရဲ့လား။
ငါတို့တစ်တွေ အိုဟောင်းနေတဲ့ ကျောင်းဆောင်တွေကြားမှာ ပျော်ခဲ့ကြ၊ဆုံခဲ့ကြတယ်လေ။
အဲဒီစဥ့်ညိုညို ၀ါဝါတွေနဲ့ ဆောက်ထားတဲ့ ကျောင်းလေးကို
မိခင်တက္ကသိုလ်ကြီးတမျှ
ချစ်ခဲ့ရ...
နေ့တိုင်း အပြေးအလွှားလာခဲ့ရ..
ဒါတွေဟာ အိပ်မက်မဟုတ်ခဲ့ဘူး သူငယ်ချင်း။
ဒါတွေတွေးပြီး မင်းလွမ်းနေမှာ...
သူငယ်ချင်း....
မင်းလိုချင်တဲ့ အနာဂါတ်ပန်းတိုင်အတွက် မင်းမှာရှေ့ဆက်ဖို့ ခွန်အားတွေရှိတယ်ဆိုတာငါသိတယ်။
ဒါပေမယ့် အမိတက္ကသိုလ်နဲ့ ခွဲခွါလာခဲ့ပြီး နောက်ပိုင်းမှာ ငါတို့ရဲ့ နှလုံးသားတွေ၊စိတ်ဓာတ်တွေကတော့
အရင်လိုပါပဲကွာ။
မျက်ရည်တွေသုတ်.... လက်ဆွဲအိတ်လေးကိုဆွဲပြီး.... ခွဲခွါသွားခဲ့ကြတဲ့ .... ငါတို့အဖြစ်တွေ...
ကားဂိတ်မှာ လက်ပြနှုတ်ဆက်လို့ အိမ်ပြန်ကြတဲ့အချိန်တုန်းက ငါနှလုံးသားမှာ မျက်ရည်တွေနဲ့ဆို့နင့်ခဲ့သေးတယ်
ဒါတွေ အားလုံးကို မမေ့လိုက်ပါနဲ့ သူငယ်ချင်း။
စိမ်းလန်းတဲ့ ကျောင်းပရ၀ုဏ်ထဲက ထင်းရူးပင်တွေ၊ ရေတမာပင်ကြီးတွေ၊ စိန်ပန်းပင်ကြီးတွေကတော့
ရာသီအလိုက် ပွင့်ဖူးလို့ အစဉ်အမြဲအားအင်တွေနဲ့ပြည့်နေဦးမှာပါ။
အခုတော့...
ပြန်လိုချင်လိုက်တာ....
ပြန်မျှော်နေရတာ...
ကြာလာတော့ လွမ်းစိတ်တွေတက်လို့...
ခွဲခွါရတာကြာပြီဖြစ်တဲ့ နေရာဟောင်းလေး
နှလုံးသားထဲက ရေးထိုးထားတဲ့ ပန်းဥယျာဉ်လေးဆီကို
တစ်နေ့တော့ ငါအရောက်လာခဲ့ဦးမယ်....
Friday, February 10, 2012
အချစ် သံသရာ
အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘူး။
ရယူလိုတဲ့အချစ်ဟာ အချစ်စစ်မဟုတ်ဘူး။
အချစ်ဆိုတာ ပေးဆပ်ခြင်းမဟုတ်ဘူး။
ပေးဆပ်နေရတဲ့အချစ်ဟာ ဘယ်တော့မှ စိတ်ကျေနပ်မှုမပေးစွမ်းနိုင်ဘူး။
အချစ်ဆိုတာ ရူးသွပ်ခြင်းမဟုတ်ဘူး။
အချစ်ဆိုတာ မျှော်လင့်လို့ရတာမဟုတ်ဘူး။
အချစ်က နက်နဲလွန်းပါတယ်။ဆန်းပြားလွန်းပါတယ်။ဒါပေမယ့် သေချာတွေးကြည့်ရင်တော့ အချစ်ကရိုးရှင်းပါတယ်။
...............................
အချစ်ဆိုတာ ချစ်တုန်းခဏပါ။မချစ်တော့အခါ၊ မချစ်နိုင်တဲ့အကြောင်းတွေပေါ်လာတဲ့အခါ အချစ်က နာကျင်စေပါတယ်။
ချစ်တုန်းတော့ ချစ်စကားကြိုက်စကားတွေ ပြောလိုက်ကြ၊ကြည်နူးလိုက်ကြပေါ့။ တကယ်အရေးကြုံလာတော့ အဲဒီကြည်နူးပျော်ရွှင်မှုတွေဟာ အလကားပဲ။
အချစ်က ထမင်းမရှိရင် ရှင်သန်လို့မရဘူး။
အချစ်က ပိုက်ဆံမရှိရင်လျှောက်လည်လို့မရဘူး။
အချစ်က ရေမသောက်ရရင် ကျေနပ်မှာမဟုတ်ဘူး။
အချစ်က အချိန်မပေးနိုင်ရင် စိတ်ရှည်သည်းခံနိုင်မှာမဟုတ်ဘူး။
အချစ်က ရိုးရှင်းတယ်ဆိုတာ လက်တွေ့ချစ်ဖူးတဲ့သူတိုင်းသိပါတယ်။ ခံစားချင်ရင် ခံစားလို့ရတယ်။
ကြည်နူးချင်ရင် ကြည်နူးခွင့်ရှိတယ်။လွတ်လပ်ပျော်ရွှင်စွာ ချစ်လို့ရတယ်။ဒါပေမယ့် "အပြုံးတစ်လှည့်အငိုတစ်လှည့်ဆိုတာ မမေ့ပါနဲ့။"
မေ့လို့မရတဲ့ချစ်သူကို မေ့ဖို့မကြိုးစားပါနဲ့။မုန်းလို့မရတဲ့ချစ်သူကိုလဲ မုန်းဖို့မကြိုးစားပါနဲ့။
ကြိုးစားလေ ခံစားရလေ ဆိုတာ အချစ်ပါပဲ။
အချစ်က အိပ်ရာဝင်ပုံပြင်တွေမပြောတတ်ဘူး။
အချစ်က မနက်စာအတွက် အဆင်သင့်လုပ်ပေးနိုင်မှာမဟုတ်ဘူး။
အချစ်က တန်ရာတန်ကြေးပေးတတ်မှာမဟုတ်ဘူး။
အချစ်ကို တန်ဖိုးထားလေလေ ကိုယ်ကတန်ဖိုးနိမ့်နိမ့်သွားလေလေပါပဲ။
အချစ်က ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအရာဖြစ်တယ်။
အချစ်က ဆွဲဆောင်အားပြင်းတယ်။
အချစ်နဲ့စတွေ့တဲ့အချိန်မျိုးမှာ အချစ်က နူးညံ့စွာနဲ့ တိုးဝင်လာတတ်တယ်။
နောက်ပြီး မြင်မြင်ခြင်းအချစ်ဆိုတာမဖြစ်နိုင်ပါဘူး။
တစ်ခါမြင်ရုံနဲ့ တစ်သက်လုံးစွဲသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
အချစ်ဆိုတာ အချိန်ကြာကြာတန်ဖိုးထားလေလေ ပိုပြီးချစ်မိလာလေလေပါပဲ။
တခဏနဲ့ ချစ်၊ တခဏနဲ့ မေ့ တယ်ဆိုတာ အချစ်မဟုတ်ပါဘူး။
အချစ်ကမြဲမြန်လေ သတ္တိရှိလေလေပါပဲ။
.
ဒီဘက်ခေတ်မှာ အချစ်စစ်မရှိဘူးလို့ လူပြောများကြတယ်။ ကျွန်တော်ဒီစကားကိုကန့်ကွက်ပါတယ်။
အချစ်စစ်မရှိဘူးလို့ ပြောတဲ့သူတွေဟာ သူတို့ကိုယ်တိုင် အချစ်စစ်ပေးရဲတဲ့သတ္တိမရှိသူတွေပါ။
တစ်နည်းအားဖြင့် သူချစ်တာပဲလိုချင်ပြီး ကိုယ်ချစ်တာမချစ်နိုင်တာကို ဂရုမစိုက်တဲ့သူတွေပါ။
အချစ်က တန်ပြန်တုံ့ပြန်မှုတွေပေးစွမ်းနိုင်တယ်။
အချစ်က တစ်ခါတစ်ခါ သ၀န်တိုတတ်တယ်။
အချစ်က နေရာတကာ နေချင်တယ်။
အချစ်က အားလုံးကိုပိုင်ဆိုင်ချင်တယ်။
အချစ်က ငိုနေသူကိုပြုံးရယ်စေတယ်။
အချစ်က ပင်လယ်ရေနဲ့တူတယ်။
အချစ်က အချစ်ပါပဲ။အချစ်ဆိုတာရှိနေသရွေ့ ချစ်ရမယ်ကြိုက်ရမယ်။နောက်ပြီး ပူပင်ရမယ်။ဝမ်းနည်းရမယ်။ပျော်ရွှင်ရမယ်။
.....လောကမှာ ရသအစုံအလင်ဆုံးပေးနိုင်တာ အချစ်တစ်ခုပဲရှိပါတယ်။ .............
ဒါ့ကြောင့် အချစ်ကိုခံစားချင်ရင် ခံစားပါ။
အချစ်ကို ပိုင်ဆိုင်ရင် ပိုင်ဆိုင်နိုင်အောင်ကြိုးစားပါ။ပေးဆပ်ချင်ရင် ပေးဆပ်နိုင်အောင်ကြိုးစားပါ။
အချစ်ကတော့ ကမ္ဘာတည်သရွေ့လည်ပတ်နေဦးမှာပါ။ဒါပေမယ့်ကမ္ဘာကြီးစောင်းနေသလို အချစ်နဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးတွေလဲ ကွဲလွဲနေဦးမှာပါ။
Tuesday, February 7, 2012
စကားပြောခြင်း
စကားကတော့ ပါးစပ်ပါတဲ့လူတိုင်းပြောတတ်ကြမှာပါ။ဒါပေမယ့် စကားဆိုတာက ပြောတိုင်းလဲမဟုတ်ဘူး။
များများပြောရင် ပြောသလို၊နည်းနည်းပြော ပြောသလို ကဲ့ရဲ့တာတွေတော့ခံရမှာပဲ။
ကျွန်တော်ကတော့ စိတ်ပါရင်ပါသလို မပါရင်မပါသလိုပဲပြောတယ်။
ကိုယ်ကျိုးမရှိဘဲ လူတစ်ယောက်ကိုကောင်းတာပြောဆိုတာဟာလဲ အဲဒီလူကို အားပေးရာမရောက်ပါဘူး။
စကားပြော ပြောပါများ စကားထဲကဇာတိပြ ဆိုသလိုပဲ စကားဆိုတာ ပြောပါများလေ ကိုယ့်အကြောင်းသူသိလေပါပဲ။
ဒီတော့ စကားမပြောဘဲနေတော့မှာလား။ဒီလိုလဲ မဟုတ်သေးပါဘူး။ လူပဲ စကားတော့ ပြောချင်မှာပေါ့။
ဒါပေမယ့် စကားပြောတဲ့အခါ စည်းမျဉ်းလေးတွေလိုက်နာပြီးပြောတာကောင်းမယ်။စည်းကျော်ရင်မကောင်းဘူးလေ။
သူ့စည်း ကိုယ့်စည်းဆိုတာထားပြီးပြောမှ စကားပြောရတာပိုကောင်းမှာပေါ့။
ဟုတ်ပါပြီ ကျွန်တော်စကားတစ်ခွန်းကိုပြောလိုက်ပါပြီတဲ့ အဲဒီစကားတစ်ခွန်းကို ကျွန်တော်တာဝန်မယူနိုင်ရင် ကျွန်တော်ဘာဖြစ်သွားမလဲ။
သိပ်ဟုတ်တာပေါ့ဗျာ ကိုယ်တိုင်လဲပြောမယ် သူပြောတာလဲနားထောင်ရမယ်။နောက်ပြီးဆွေးနွေးမယ်။
သူ့လဲ သူ့စကားကိုသူတာဝန်ယူ၊ကိုယ်လဲ ကိုယ့်စကားကို တာဝန်ယူနိုင်မှ ဆက်ဆံရေးလဲပြေပြစ်မှာပေါ့။
ဒါကြောင့် ဘာပဲပြောပြော တာဝန်ယူရဲမှပြောတာကောင်းတယ်။
ငါ့စကားနွားရဆိုသလို လုပ်နေရင်တော့ မြောင်းပုတ်ထဲမှာ ခင်ဗျားဘ၀ပက်လက်မျောပြီလို့သာမှတ်လိုက်တော့။
စကားပြောရမှာကို ကျွန်တော်အရင်တုန်းကကြောက်တယ်။ဘာ့ကြောင့်ကြောက်တာလဲဆိုတော့ ကိုယ်ပြောရမဲ့သူနဲ့ စိမ်းတာရယ်၊
နောက်ပြီး အရေးကြီးဆုံးကတော့ ကိုယ်ပြောတာအမှားပါသွားမှာကိုပါပဲ။ဒါပေမယ့် စကားပြောရင် အမှားတော့ ပါကောင်းပါနိုင်ပါတယ်။
စကားပြောသရွေ့ အမှားတွေ့နေရဦးမှာပါ။ဒါသဘာဝလေ လူ့ကျင့်ဝတ်ဆိုတာ အမှားပြောမိရင် အဲဒီအမှားကိုပြန်ပြင်ပြောရမဲ့ သတ္တိပဲ။
ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ စကားတွေပြောကြတယ်။စကားတွေထဲမှာ အတင်းတွေလဲပါမယ်။သတင်းတွေလဲပါမယ် အစုံပေါ့ဗျာ။
မွေးကတည်းကအခုချိန်ထိ စကားပြောလာပေမယ့် မတတ်သေးတာတစ်ခုပဲရှိတယ်။စကားပြောခြင်းပဲ။
မယုံဘူးလား သေချာစဉ်းစားကြည့်ပါဦး သင်စကားပြောတတ်ပြီလားဆိုတာ။တကယ်စကားပြောတတ်တယ်ဆိုရင် သင့်အနေနဲ့
သူများဝေဖန်မှာ ကဲ့ရဲ့မှာ၊စိတ်ပူမှာ ဘာမှကြောက်နေစရာမလိုတော့ပါဘူး။ဒါပေမယ့် လူ့သဘာဝ ဘာပဲပြောပြော
ပြောတာရှိရင် ကဲ့ရဲ့တာလောက်တော့ အထိုက်အလျှောက်ရှိနေမှာပါ။လူမှု့ဘ၀နယ်ပယ်မှာ စကားပြောအတတ်ပညာဟာ
အရေးပါတဲ့နေရာမှာရှိနေပါတယ်။စကားပြောပြီး မိတ်ဆွေဖွဲ့မယ်။စကားပြောပြီး မသိနားမလည်တာတွေမေးမယ်။
ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စကားပြောနေကြဦးမှာပါ။ကျွန်တော်တစ်ခုအကြံပေးလိုက်ဦးမယ်။
စကားပြောတဲ့အခါ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးပြောပေါ့။ဒါဆိုရင် စကားပြောတာအဆင်ပြေမှာပါ။
လေးစားစွာဖြင့်.....
ကြိုးစားပါဦးမည်။  ။
မျောလွင့်နေသော စိတ်ကူးအပိုင်းအစလေးများ
တစ်နေ့က လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကော်ဖီလေးသောက်နေတုန်း တစ်ယောက်တည်းတွေးနေမိတယ်။
ဘာတွေတွေးနေတာလဲဆိုတာတော့ ပြောမပြတတ်ပါဘူး။အဲဒီလိုပဲ ဘတ်စ်ကားစီးတဲ့အခါတွေးတယ်။
လမ်းလျှောက်နေတဲ့အခါ တွေးတယ်။တွေးတော့တွေးနေတယ်။ ဘာကိုတွေးမှန်းရေရေရာရာမသိဘူး။
တစ်နေ့တော့ ကျွန်တော်တစ်ယောက်တည်းလမ်းလျှောက်နေတုန်း အတွေးလေးတစ်ခုကစိုးမိုးနေလို့
ကျွန်တော်လမ်းတွေလျှောက်နေတယ်ဆိုတာပဲသိတယ် ဘယ်ကိုသွားနေတယ်ဆိုတာတောင်မသိတော့ဘူး။
အင်း အဲဒါစိတ်ကူးလား စိတ်ကူးယဉ်မိတာလားတော့မသိပါဘူး။တစ်ခါတစ်ခါ စာအုပ်ကောက်ကိုင်ပြီး တွေးချင်တာတွေးနေမိတယ်။
တစ်ခါတစ်ခါ စက်ဘီးစီးရင်း၊ဆိုင်ကယ်စီးရင်းနဲ့ တွေးချင်ရင်တွေးနေမိတာ။တွေးရတာကိုတော့ ကျွန်တော်ပျော်တယ်။
ကျွန်တော့်ဘ၀မှာ အတွေးလေးတွေနဲ့စီချယ်ထားတဲ့ စိတ်ကူးအိပ်မက်တွေရှိတယ်။
အတွေးလေးနဲ့ရေးဆွဲထားတဲ့ စာပန်းချီလေးတွေလဲရှိတယ်။
တကယ်တော့ တွေးတယ်ဆိုတာ အကြောင်းရှိလို့ပါ။အကြောင်းမရှိဘဲနဲ့ တွေးစရာဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် အကြောင်းရှိတိုင်း၊အဲဒီအကြောင်းကို သတိရတဲ့အခါတိုင်း ကျွန်တော်တို့တွေးနေကြတယ်။
အတွေးဟာ လူ့ရဲ့စိတ်ပါ။အဲဒီစိတ်ကို ကျွန်တော်တို့ ပုံပန်းသွင်ပြင်လေးတွေဖော်လိုက်တော့ စိတ်ကူးတွေဖြစ်လာတယ်။
နောက်တော့ အဲဒီစိတ်ကူးလေးကနေ မျှော်လင့်ချက်လေးတွေလဲပြည့်ဝလာတယ်။ညအိပ်ရာဝင်တော့လဲ နဖူးပေါ်လက်တင်ပြီး
တွေးချင်တာတွေးပြီးမှ အိပ်ပျော်တယ်။တွေးစရာမရှိတဲ့ဘ၀ဟာ ပျင်းစရာကောင်းတဲ့ ဘ၀ပါပဲ။
ခင်ဗျားမှာ တွေးစရာမရှိဘူးဆိုရင် ခင်ဗျားဘ၀ဟာအဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။
စဉ်းစားကြည့်စမ်းပါဦး ခင်ဗျားကမတွေးတတ်ဘူးဆိုရင် ဘယ်သူနဲ့တူသလဲဆိုတော့ လမ်းပေါ်မှာလျှောက်သွားနေတဲ့ အရူးကြီးနဲ့တူသွားပြီ။
ဒါတောင် တချို့အရူးတွေက တွေးတတ်ကြတယ်။လူတချို့ပြောကြတယ် သိပ်မတွေးနဲ့ ဂေါက်သွားဦးမယ်တဲ့။
ကျွန်တော့်အထင် အတွေးအခေါ်မရှိတဲ့သူတွေက ဂေါက်တာများပါတယ်။အတွေးမရှိရင် ဝေဖန်မှုမရှိဘူး။
ဝေဖန်မှုမရှိရင် ဆင်ခြင်သုံးသပ်မှုမရှိဘူး။ဆင်ခြင်တုံတရားကင်းမဲ့သွားရင် အရူးနဲ့တူသွားပြီလေ။
ကျွန်တော်ကတော့ တွေးရတာကိုကြိုက်တယ်။အတွေးထဲမှာ နစ်မြောနေရတာကိုပျော်တယ်။
အတွေးက အဖော်ကင်းမဲ့တဲ့အချိန်မှာ ဘေးနားမှာစကားတွေလာပြောတတ်တယ်။
လဲကျနေတဲ့အခိုက် အားပေးတတ်တယ်။အမြင့်ရောက်နေတဲ့အခိုက် သတိပေးတတ်ဘူး။
ဒါ့ကြောင့်အချိန်ရှိတိုင်းတွေးပါလို့ ပြောကြတာပေါ့။ဒါပေမယ့် ကျွန်တော်တို့က တွေးတာကိုပဲသိတာ။
အဲဒီအတွေးဟာ ကျွန်တော်တို့ကိုဘယ်လောက်ထိအကျိုးပြုမယ်ဆိုတာကိုတော့ မတွေးမိကြတာများတယ်။
ဒါ့ကြောင့်လဲ တွေးတောရင်းအချိန်မကုန်ပါစေနဲ့လို့ သတိပေးကြတာဖြစ်မှာပါ။
ဟုတ်ပါတယ် တွေးနေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် အတွေးလေးတွေက ဘ၀ကိုအများကြီးပြောင်းပေးနိုင်ပါတယ်။
ကိုယ့်ဘ၀အမြင့်ရောက်ချင်တဲ့သူရဲ့ အတွေးနဲ့၊ နိမ့်နိမ့်လေးမှာပဲရှင်သန်နေရတဲ့သူရဲ့ အတွေးနဲ့တော့ ဘယ်တူနိုင်မလဲ။
လူတစ်ကိုယ် အတွေးတစ်မျိုးရှိမှာပေါ့။တွေးတောခြင်းအားဖြင့် အကြံကောင်းညဏ်ကောင်းတွေရနိုင်တယ်။ပစ္စည်းဥစ္စာတွေတိုးပွားစေနိုင်တယ်။
အောင်မြင်တဲ့လူတိုင်းဟာ အစတုန်းကတော့အတွေးသမားတွေပါပဲ။နောက်တော့ အတွေးတွေကနေတစ်ဆင့် သူတို့တကယ်ကြိုးစားကြလို့ အောင်မြင်ကြတာပါ။
လူတချို့ကတော့ တွေးရမှာကိုတောင်ပျင်းကြတယ်။အဲဒီလူတွေဟာ ဘယ်တော့မှ သူများရှေ့မှာနေရမဲ့သူတွေမဟုတ်ဘူး။
ဘ၀ကိုဖြစ်သလိုနေမယ်၊ဖြစ်သလိုပဲရှင်သန်မယ်ဆိုတဲ့သူတွေပေါ့။ဘာပဲဖြစ်ဖြစ်သေချာမစဉ်းစားမတွေးတောဘဲ
ဘ၀ကိုဖြတ်သန်းနေကြတာ။သူတို့ဟာ ကံကြမ္မာရဲ့အဆုံးအဖြတ်ကိုခံယူထားသူတွေဖြစ်ကြတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ ဘယ်တော့မှ ကံကြမ္မာကိုဖန်တီးခွင့်မရကြဘူးပေါ့။
နိဂုံးချုပ်အနေနဲ့ အတွေးလေးတစ်ခုလူကြုံပါးလိုက်ပါရစေ...
ကျွန်တော်တွေးတယ် ဒါ့ကြောင့် ကျွန်တော်ဖြစ်တယ်။(ဆိုကရေးတီး)
Saturday, January 28, 2012
ဆောင်းညအိပ်မက်
အိပ်မက်လေးတစ်ခုမက်ခဲ့တယ်
အိပ်မက်ထဲမှာ ကျွန်တော်ဟာဖြစ်ချင်တာဖြစ်လို့ရတယ်။
စိတ်ကူးလေးယဉ်မိတယ်
... စိတ်ကူးထဲမှာ ကျွန်တော်ဖြစ်ချင်တာဖြစ်ခွင့်ရှိတယ်။
မျှော်လင့်ချက်လေးတစ်ခုရှိတယ်
အရာအားလုံးကိုကျွန်တော်မျှော်လင့်ပိုင်ခွင့်ရှိတယ်။
ဆောင်းညတွေမှာ နှင်းတွေကြွေကျတယ်
ဆောင်းနှင်းတွေကြားမှာ ပန်းတွေပွင့်ဖူးကြတယ်။
ဆောင့်နံနက်ခင်းလေးမှာ လမ်းတွေလျှောက်မယ်
စက်ဘီးတွေစီးမယ်။
ကျွန်တော်မြင်နေတဲ့ နှင်းမိုးတွေ၊နှင်းမှုန်တွေဝေးလွင့်ပျောက်ကွယ်သွားတဲ့
နေသာချိန်တွေအထိ ကျွန်တော့်အတွေးလေးကလတ်ဆတ်တယ်။
ရိုးရှင်းတယ်။
ဆောင်းညလေးတစ်ညမှာ
ကျွန်တော်ကဗျာတွေရေးတယ်။
အေးစက်တဲ့ကလက်ဖျားလေးတွေတုန်ရီလို့
အေးမြနေတဲ့နှလုံးသား အေးချမ်းတဲ့ဘ၀ကိုပိုင်ဆိုင်ချင်ပြီပေါ့။
လောကမှာ ကျွန်တော်လိုချင်တာ
ပိုက်ဆံမဟုတ်ဘူး။မျှော်လင့်ချက်မဟုတ်ဘူး။
အေးချမ်းတဲ့ညဆည်းဆာလေး၊အေးမြတဲ့ညအလှလေးမှာ ကဗျာတွေနဲ့မှေးစက်ချင်တာပါ။
ကျွန်တော့်လိုချင်တဲ့ဘ၀က ဆောင်းညအိပ်မက်ဖြူပါ။
Thursday, January 26, 2012
ကျွန်တော်ချစ်သောဆောင်းနှင်းပွင့်လေးသို့...
တစ်ချိန်က ကျွန်တော်ခလုတ်တိုက်ခဲ့ဖူးသည်။
ခြေထောက်နှင့် ခလုတ်တိုက်ရင်
ခြေထောက်မှာ ဒဏ်ရာရတာပေါ့။
ကျွန်တော်ကတော့ မျက်လုံးနဲ့ ခလုတ်တိုက်လို့
နှလုံးသားမှာ ဒဏ်ရာရရှိခဲ့ရသည်။
နေ၀င်နေပါပြီလေ။
ကိုယ်လည်း ခု ပြုံးလျက်နဲ့
ငိုနေရပါတယ်...
ပြုံးလျက်နဲ့ ငိုနေရတာ
ခုဆို ကြာခဲ့ပါပြီ...
ကျွန်တော်နှင်းကိုချစ်တယ်...
ငယ်ငယ်ကများဆို ဆောင်းမနက်တွေမှာ အိပ်ရာနိုးတာနဲ့
အိမ်ရှေ့ကမြက်ခင်းလေးထဲမှာ တန်းပြေးခဲ့တာပေါ့။အဲဒီမှာ ညက
ကျထားတဲ့ နှင်းလေးတွေဟာ မြက်ပင်လေးတွေမှာ သီးပြီး
ရီးလေးခိုနေကြတယ်။ အဲဒီ နှင်းသီးလေးတွေကို လက်ညှိုးလေးနဲ့
တို့တို့ပြီး နှင်းသီးလေးတွေရဲ့ အေးမြတဲ့အရသာကို ခံစားခုံမင်ခဲ့တယ်။
နှင်းတွေဝေတဲ့ နံနက်ခင်းတိုင်းမှာ နှင်းမှုန်လေးတွေကိုတိုးဝှေ့ပြီး လမ်းလျှောက်ရတာကိုလဲ
သဘောကျနှစ်ခြိုက်မိတယ်။အေးမြတဲ့ နှင်းမှုန်လေးတွေ မျက်နှာကိုလာပြီး
ရိုက်ခတ်ကြတာကို ခေါင်းလေးမော့ပြီး အရသာခံတတ်ခဲ့တယ်။နေထွက်လာလို့
နှင်းလေးတွေ တဖြည်းဖြည်းပျောက်သွားမှာကိုလည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်
တတ်ခဲ့ပြန်တယ်။ဒါပေမယ့် နေလာတော့ နှင်းပျောက်တာ ဓမ္မတာပါ...။
ဒီလိုပါပဲ...ကျွန်တော့်ဘ၀မှာ...နေလာတော့ နှင်းပျောက်ခဲ့ရတယ်။
ကျွန်တော့်ချစ်သူဟာ နှင်းပွင့်လေးပါ။သူက နှင်းပွင့်လေးတစ်ပွင့်နဲ့တူတယ်။
နှင်းလေးလို ဖြူစင်တဲ့နှလုံးသားလေးရှိတယ်။နှင်းလေးလို ဖြူစင်တဲ့မျက်နှာ
လှလှလေးရှိတယ်။ဖြူစင်တဲ့ သူ့စိတ်ထားလေးနဲ့ သူ့မျက်နှာလေးဟာ
အလွန်ပဲလိုက်ဖက်လှပါတယ်။နှင်းကိုချစ်တဲ့ကျွန်တော် နှင်းလေးနဲ့တူတဲ့ ချစ်သူကို
နှင်းတွေအမြဲဝေနေတဲ့ မြို့လေးတစ်မြို့မှာ ဆုံဆည်းခဲ့တာပါ။
အဲဒီနေ့က ဒီဇင်ဘာ ၁ရက်နေ့....
အေးစက်တဲ့ဒီမြို့လေးထဲမှာ ကျွန်တော်နေနေခြင်းရဲ့ အကြောင်းလေးတစ်ခုရှိတယ်။
ထားပါလေ....ကျွန်တော့်ချစ်သူနှင့်ပွင့်လေးကိုစတွေ့တာ ပြောပြချင်တာပါ။
အဲဒီနေ့မှာ ခါတိုင်းနေ့တွေလို ကျွန်တော်စောစောအိပ်ရာထပြီး အပြင်ထွက်လာတဲ့အချိန်
ဈေးနားရောက်တော့ လက်ဖက်ရည်ဆိုင်ထဲဝင်လိုက်တယ်။လက်ဖက်ရည် တစ်ငုံလောက်သောက်ပြီး
ထိုင်နေဆဲမှာ ကျွန်တော့်ချစ်သူဖြစ်မယ့် နှင်းပွင့်လေးဆိုင်ထဲကိုဝင်လာတယ်။
လောကကြီးတစ်ခုလုံး အဖြူရောက်လွင်ပြင်တစ်ခုလိုဖြစ်သွားတယ်။
သူအပြုံးမှာ ကျွန်တော်သာယာနေမိတယ်။ကျွန်တော်အငေးလွန်နေတာကို သူသိသွားပြီး
မျက်နှာလေးမသာမယာနဲ့ ကျွန်တော့်ဘက်ကိုတစ်ချက်ငဲ့ကြည့်လိုက်သေးတယ်။
သူနဲ့ကျွန်တော် နှင်းတွေဝေတဲ့ဆောင်းနံနက်ခင်းတွေမှာဆို အမြဲဆုံဖြစ်ကြတယ်။
နောက်နေ့တွေ့မှာ နှင်းပွင့်လေးနဲ့ ကျွန်တော်တစ်စတစ်စကနေ သံယောဇဉ်တွယ်လို့
ချစ်တယ်ဖွင့်ပြောမိရာကနေ ချစ်သူတွေဖြစ်သွားတဲ့အထိပေါ့။
ရည်းစားဘ၀ရောက်တော့ နှင်းပွင့်လေးက ကျွန်တော့်ရင်ထဲခိုဝင်မှေးစက်လို့ အချစ်သီချင်းလေးတွေနဲ့ တေးဆိုချော့သိပ်ခဲ့ဖူးတယ်။
ညအမှောင်မှာသာတဲ့လမင်းကြီးကို အတူတူငေးမောရင်း နှင်းပွင့်လေးသူ့ကို ကျွန်တော်အရမ်းပဲချစ်မိသွားခဲ့တာပေါ့။
ကျွန်တော့်ချစ်သူနှင်းပွင့်လေးဟာ တစ်ကယ်တော့ ကျွန်တော့လို့မြက်ခင်းပေါ်က နှင်းပွင့်လေးမဟုတ်ခဲ့ဘူး။
ပင်ယံထက်နှင်းပွင့်လေးတစ်ပွင့်ပေါ့။အခြေအနေတွေကွာခြားလို့ စည်းတစ်ဖက်ခြားနေပေမယ့် သူနဲ့ကျွန်တော်ချစ်ခဲ့ကြတယ်။
မြတ်နိုးကြတယ် တန်းဖိုးထားခဲ့ကြတယ်။တကယ်တော့ ပတ်ဝန်းကျင်ဆိုတာ ဆိတ်ဆိတ်နေတာမဟုတ်ဘူး။
ဘေးစကားတွေမယုံဖို့ ကျွန်တော်အတန်တန်သတိပေးခဲ့တယ်။ဒါပေမယ့် နှင်းပွင့်လေးသူက အမြင့်မှာရောက်နေတာ့
အောက်ခြေကကျွန်တော့်ဘ၀ကိုနားမလည်ဘူး။အချစ်တစ်ခုကိုကိုးကွယ်ခဲ့ပေမယ့် အချစ်ကကယ်တင်ရှင်မဟုတ်ခဲ့ပါဘူး။
မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါမှာ မျှော်လင့်ချက်ဟာ အရောင်တွေမှိန်လို့သွားခဲ့ပြီပေါ့လေ။
အခုဆိုနှင်းပွင့်လေးဘယ်မှာလဲ နေအလာမှာကြွေကျသွားမှာကိုကြောက်နေပြီလား။
နေထွက်လာလို့
နှင်းလေးတွေ တဖြည်းဖြည်းပျောက်သွားမှာကိုလည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်
တတ်ခဲ့တဲ့ ကျွန်တော့်အချစ်တွေ၊ကျွန်တော့်ရဲ့ တန်ဖိုးထားမှုတွေ၊ အရာအားလုံးဟာ
နှင်းပွင့်လေးလို မတည်မြဲခဲ့ဘူး။အရည်ပျော်သွားတဲ့နှင်းပွင့်လေးကို ပိုင်ဆိုင်ခွင့်မရခဲ့ဘူး။
အချစ်ဆိုတာ နှင်းပွင့်လေးလိုပါပဲ နေအလာရောက်ရင်တော့ အရည်တွေပျော်ရစမြဲပါ။
ဒါပေမယ့် ကျွန်တော်ချစ်တဲ့အချစ်၊ကျွန်တော်တန်ဖိုးထားတဲ့အချစ်ကတော့
နေရောင်ခြည်ထက်လင်းလက်တယ်။နှင်းစက်လေးတွေထက်ပိုပြီးခိုင်မြဲတယ်။
အသက်ရှိသရွေ့ချစ်နေဦးမယ့် အချစ်ပါ။ဒါကိုနှင်းပွင့်လေးသိပါစေ။
နှင်းမှုန်တွေကြားမှာ တစ်ယောက်တည်းလမ်းလျှောက်နေရင်း တစ်ချိန်က ကျွန်တော့ရင်ထဲမှာနားခိုခဲ့တဲ့နှင်းပွင့်လေး
အခုတော့ ဘယ်မှာလဲ....။သူ့အချစ်ကနှင်းပွင့်လေးလို မတည်မြဲဘူး။နှင်းပွင့်လေးလို မအေးမြဘူး။
နှင်းပွင့်လေးလို သစ္စာမရှိဘူး။နှင်းပွင့်လေးလို မခိုင်မြဲဘူး။ကျွန်တော့်အချစ်က ဆောင်းနံနက်ခင်းတွေမှာ ဝေတဲ့နှင်းမှုန်လေးတွေပါ...
Monday, January 23, 2012
အချစ်နဲ့ပတ်သက်လာရင်
အချစ်အကြောင်းကို စာတွေဖွဲ့ပြီးမပြောချင်ပေမယ့်ပြောရဦးမယ်။ကျွန်တော့်အမြင်ဖြစ်တဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါလို့ တောင်းဆိုပါရစေ။
အချစ်က လူတစ်ယောက်ရဲ့ဘ၀ကို အများကြီးပြောင်းလဲပေးနိုင်တယ်။
အချစ်က နံနက်ခင်းမှာ လင်းလက်လာတဲ့ နေမင်းကြီးနဲ့တူတယ်။
ညရောက်ရင် အလင်းပေးတဲ့ လမင်းကြီးနဲ့တူတယ်။
ခရီးသွားတွေကိုလမ်းပြပေးတဲ့ ဓူဝံကြယ်နဲ့တူတယ်။
အချစ်နဲ့ပတ်သက်လာရင် အကောင်းရော အဆိုးရော ရောယှက်နေတယ်။
အဆိုးဆုံးကတော့ အချစ်မှာ အာမခံချက်မရှိဘူး။အများကြီးမျှော်လင့်ထားဖို့ မသင့်ဘူး။
အဆိုးတကာ့အဆိုးဆုံးအချစ်ကတော့ အထင်ကြီးပြီးချစ်ကြတဲ့ အချစ်မျိုးပဲ။
လူတစ်ယောက်ရဲ့ဘ၀ကို အထင်ကြီးမိပြီဆိုရုံနဲ့ ချစ်ပြီလို့ပြောမရပေမယ့်
ကြာလာရင် ကိုယ်အထင်ကြီးတဲ့လူရဲ့ စွမ်းဆောင်နိုင်ရည်ကိုကြည့်ပြီး လေးလေးစားစား ချစ်မိသွားတတ်ကြတယ်။
စိတ်ကူးနဲ့ လက်တွေမတူညီပေမယ့် အချစ်နဲ့ပတ်သက်လာရင် လူတွေအားလုံးက ရူးသွပ်သွားတတ်ကြတယ်။
ကြားဖူးတာလေးတစ်ခုရှိတယ်။ အသိညဏ်ကင်းမဲ့ခြင်းရဲ့ အဆုံးဟာ ချစ်ခြင်းရဲ့ အစ။တဲ့။
ဖြစ်နိုင်ပါတယ် ကျွန်တော်တို့ လူတစ်ယောက်ကိုချစ်မိလာရင် ချစ်တာကလွဲရင် ဘာမှအလေးအနက်မထားမိကြတော့ဘူး။
ဒါရူးသွပ်မှုတစ်ခုပေါ့။ ကျွန်တော်ကတော့ ချစ်မိမှာကိုကြောက်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အချစ်က နွေရာသီမှာ အေးတယ်ထင်ရတယ်။
ဆောင်းရာသီမှာ နွေးထွေးတယ်ထင်ရတယ်။ဒါ အထင်ပဲရှိသေးတယ်။
တကယ့်အမြင်မှာတော့ နွေရာသီမှာ ပူသလိုမျိုး၊
ဆောင်းရာသီမှာ အေးသလိုမျိုးပေါ့။
တိတ်ဆိတ်နေတဲ့အချစ်မှာ မျှော်လင့်ချက်တွေမရှိဘူးလို့ပြောကြပေမယ့် ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကိုတော့ မမျှော်လင့်တဲ့သူဘယ်သူရှိမလဲ။
ရှင်းပါတယ် အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေပါပဲ။ဒါပေမယ့် ခဏတာတိုက်တဲ့ လေပွေလေးတွေလို အချစ်ကပွေလီရှုပ်ထွေးတယ်။
မမြင်နိုင်တဲ့အချစ်မှာ တွန်းအားတွေရှိတယ်။လတ်ဆတ်တဲ့အတွေးနဲ့ ဖမ်းစားမိတဲ့အချစ်ဆိုတာ သူရဲဘောကြောင်တဲ့အချစ်မျိုးမဟုတ်ဘူး။
သူရဲဘောကြောင်တဲ့အချစ်မှာ ပျော်ရွှင်မှုမရှိဘူး။အချစ်က သတ္တိရှိလေ ပျော်ဖို့ကောင်းလေပဲ။
ကိုယ်ချစ်တဲ့သူနဲ့သာ အတူလက်တွဲသွားရမယ်ဆိုရင် ၀မ်းနည်းပက်လက်အသည်းကွဲနေတဲ့သူဆိုတာ ရှိမှာတောင်မဟုတ်ဘူး။
ဒါပေမယ့် အချစ်ကထင်သလောက် မရင့်ကြပ်ဘူး။အတွေ့အကြုံရှိပြီးသားဆိုရင်တောင် အချစ်က နာကြင်မှုလေးတွေတော့ပေးတတ်တယ်။
တကယ့်အချစ်မှာ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘူး။
တကယ့်အချစ်ဆိုတာ လက်တွေ့ဆန်တဲ့ ဘ၀ထဲမှာ ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိပဲ။
စိတ်ကူးနဲ့ချစ်၊စိတ်ကူးလေးနဲ့ရူး၊ စိတ်ကူးလေးနဲ့တင်အသည်းကွဲတယ်ဆိုတဲ့ အချစ်မှာ အတ္တကလွဲရင်မျှော်လင့်စရာမရှိဘူး။
မချစ်ဘူးတဲ့သူမရှိပေမယ့် မချစ်တတ်တဲ့သူတွေကတော့ပေါတယ်။
မချစ်တတ်ပေမယ့်လဲ ဘာမဆိုရင်ဆိုင်ရဲတဲ့ ချစ်သူတွေလဲရှိတယ်။
ချစ်သူတွေကြားမှာ အလိုအပ်ဆုံးက နားလည်မှုပဲ။
နားလည်မှုဆိုတာ အပြောလွယ်သလောက်အလုပ်ခက်တယ်။ဘာဖြစ်လို့လဲ.....
ရှင်းပါတယ် အချစ်မှာပုန်းရှိုးကွယ်ရှိုးလုပ်တတ်တဲ့ တကိုယ်တော် အတ္တရှိတယ်လေ။
ဘာမဆိုမပိုင်ဆိုင်ရချင်နေပါစေ သူ့အချစ်လေးတော့ပိုင်ဆိုပါရစေဆိုတဲ့ အတ္တပဲ။
အဲဒီအတ္တဟာ နုတယ်ထင်ရပေမယ့် နှလုံးသားကိုတော့ အရောင်တွေဆိုးပေးတယ်။
ကြားလာတော့ နှလုံးသားတွေလဲမဖြူစင်တော့ဘူး။
လင်းလက်တဲ့ကောင်းကင်မှာ တိမ်ညိုတွေအုံးမှိုင်းပြီး မိုးတွေရွာသလိုမျိုးပေါ့။
အချစ်က နုနယ်လေ နှိပ်စက်လေပဲ။
နုနယ်တဲ့အရွယ်မှာ အချစ်က ကဗျာဆန်တယ်။ပညာရှင်ဆန်တယ်။
ဒါပေမယ့် အချစ်က ရက်စက်တတ်တယ် အသက်ကြီးတယ် ငယ်တယ် မခွဲဘူး။ခွဲစရာရှိရင် ခွဲတတ်တာ အချစ်ပဲ။
ကဲ ဒါဆိုရင် ကျွန်တော်တို့ဟာ ဘာ့ကြောင့်အချစ်ကိုမျှော်လင့်နေဦးမှာလဲ။
ကျွန်တော် အားဆေးလေးတစ်ခွက်ပေးလိုက်မယ်။
တစ်နေ့တစ်ခါ ချစ်တတ်အောင်သင်ယူပါ သင်ယူလေ့လာရင်းနဲ့ ချစ်ပါ။ မျှော်လင့်ချက်မဲ့သွားတဲ့အခါ မေ့မေ့ပြောက်ပြောက် နေတတ်အောင်ကြိုးစားပါ။
အထူးတလည် အရေးကြီးနေရာပေးပြီး ချစ်ဖို့မကြိုးစားပါနဲ့ အချစ်က ချစ်မိလေ ခံစားရလေလေပါ။
The more you love,the more you suffer.
Saturday, January 21, 2012
ငါပါ...
နင်နဲ့ငါ ကဗျာတွေရေးခဲ့တုန်းက
နင့်ရင်ထဲမှာ ရှိနေတာငါပါ။
အိမ်အပြန်
နင်နဲ့ငါ ကားအတူတူစီးတုန်းက
ခွဲရမှာကြောက်တာငါပါ။
အိမ်အပြန်ဆုံမယ့်ရက်ကို ချိန်းလိုက်တော့
တကယ်ပျော်ခဲ့တာ ငါပါ။
နင်နေနိုင်တာကိုကြည့်ပြီး
တကယ်ဝမ်းနည်းခဲ့ရတာလဲ ငါပါ။
ငါ့အချစ်က ကွဲကြေခဲ့ပါပြီ
ကြွေနေတဲ့ သစ်ရွက်ခြောက်တွေကြားမှာ
တစ်ယောက်တည်း လမ်းလျှောက်နေရင်း
ကားလမ်းဘေးမှာ အလွမ်းတွေသယ်နေတာလဲ
ငါပါ။  ။
ဆက်ရန်မရှိ
ပြောခဲ့တဲ့ ဒီစကားနဲ့
ပေးခဲ့တဲ့ ဂတိစကားကတော့
တခြားစီပဲ။
တွေ့နေတုန်းကတော့တစ်မျိုး
ဝေးသွားပြန်တော့ သူမရိုး။
ဒီလိုမျိုးနဲ့ ရှေ့ဆက်ဖို့တော့
သူအချိုးတော့ ပြောင်းလဲခဲ့ပေါ့။
ဒါကိုတောင် အလျှော့မပေး
ပိုလို့တင်းတဲ့ သူ့မျက်နှာ
တွေးတိုင်းမျက်ရည်ဝဲလို့
နောက်ဆုံးအနေနဲ့ တစ်ခွန်းပဲပြောချင်ပါတယ်
နင်နဲ့ငါ ဆက်ရန်အဖြေမရှိတော့ပါ။  ။
ဘဝ
လူတိုင်းမှာ ဘ၀ကိုယ်စီရှိကြတယ်။ကျွန်တော်လဲ ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့။
အမိတက္ကသိုလ်ကနေခွဲခွါလို့ လောကလမ်းတွေပေါ်ရောက်ရှိလာတော့ ကျွန်တော်သိပ်ကြောက်မိတာပေါ့။
လူတိုင်းက ကိုယ့်အတ္တနဲ့ကိုယ်ရှိကြလေတော့ တစ်ခါတစ်လေတော့လဲစိတ်ညစ်ရတာပေါ့လေ။
စိတ်ညစ်ရတဲ့နေ့တွေများလာတော့ လောကကြီးကိုစိတ်ကုန်မိလာပေါ့။ဒါပေမယ့်....
ကျွန်တော့်မှာခံနိုင်ရည်ရှိပါတယ်။ဒီလောက်တော့မမှု့ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ အရာရာတိုင်းအပေါ်
နားလည်သည်းခံပြီး ကိုယ့်ကိုယ်ကိုအားပေးရတာပေါ့။ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတော့လဲ ကျွန်တော်ဟာ မလဲရုံတစ်မယ်ပါပဲ။
ကျွန်တော်သိပ်ပြီးမထူးခြားလာပါဘူး။သိပ်ပြီးတော့လဲအပြောင်းအလဲမမြန်ပါဘူး။ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်
ကြိုးစားရင်းနဲ့ အရှုံးတွေကိုတောင့်ခံနေရတယ်။တစ်ခါတစ်လေတော့လဲ စိတ်လေမိတာပေါ့။
လိုတာမရတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုတောင် သတ်ပစ်ချင်လာတယ်။ဒါပေမယ့်..ကျွန်တော်မရူးမိုက်ပါဘူး။
အဲလောက်ထိလဲ သတ္တိမရှိပါဘူး။ကျွန်တော်လဲပြိုနေတာကို လက်ပိုက်ကြည့်နေနိုင်သူတွေကို အံသြမိတယ်။
လူတွေအများကြီးကြားမှာ ကျွန်တော်ဟာတစ်ယောက်တည်းဖြစ်နေတာကို ကျွန်တော်ကိုယ်တိုင်ပဲသိလိုက်ရတယ်။
ကျွန်တော့်ရဲ့ ချစ်သူငယ်ချင်းတွေကလဲ တစ်ယောက်ပြီးတစ်ယောက် လက်ပြနှုတ်ဆက်လို့ ကျွန်တော်တစ်ယောက်တည်း
လျှောက်လှမ်းနေရတဲ့ရက်တွေကလဲ မနည်းတော့ပါလား။လူဆိုတာ ကံကြမ္မာအတုံ့အလှည့်ကို ရင်ဆိုင်ရဲရမယ်လေ။
သာတုန်းတော့ စံရသလို နာရတော့လဲ ခံရတာပေါ့။ဘ၀ရဲ့ လှည့်ကွက်တွေကြားမှာ လဲရာကထ၊ကျရာတက်၊
ရှေ့သို့ဆက်လို့ အားတင်းထားတဲ့စိတ်ကို ကျွန်တော်မနည်းမွေးထားရတယ်။လူလူချင်းတူပေမယ့် အဆင့်အတန်းချင်းစကားပြောလာတော့
လမ်းမပေါ်လျှောက်သွားနေရတဲ့ ကျွန်တော့်ကို ဘယ်သူကအဖက်လုပ်မှာလဲ။အခုတော့ ဒါတွေအားလုံးကို ကျွန်တော်နားလည်သွားပါပြီ။
ဘ၀ဆိုတာ လိုတိုင်းတလို့မှမရတာ။ဖြစ်ချင်တိုင်းဖြစ်လို့မှမရတာ။အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့ ဒီကိုယ်ကြီးကိုနေ့စဉ်နဲ့အမျှပြုစုနေရင်းနဲ့
ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံ၊ကဲ့ရဲ့သံတွေကိုတွေလဲ မျက်လုံးမှိတ်၊နားပိတ်လို့ အသာလေးလှည့်ထွက်လာရတဲ့အခါတွေလဲ မနည်းတော့ပါဘူး။
ကိုယ်ပိုင်ဆိုင်တဲ့ ဒီဘ၀ကို ကိုယ်တိုင်ကလွဲရင်ဘယ်သူမှ နိမ့်ကျအောင်လုပ်လို့မရဘူးဆိုတာ ကျွန်တော်ယုံပါတယ်။
ကျွန်တော့်ဘေးက အားပေးသံတွေက ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ကျွန်တော့်ဘေးနားက ဒုက္ခတွေက လှေကားထစ်တွေပါ။
ကျွန်တော်ဒီအတိုင်းပဲ ဆက်သွားဦးမယ်။ကျွန်တော်ငြိမ်ငြိမ်လေးပဲနေလိုက်ဦးမယ်။
ကိုယ်တိုင်သည်သာ ဘ၀ရဲ့အရှင်သခင်။
Monday, January 16, 2012
အမေ့သို့ ရင်ဖွင့်ပေးစာ(၂)
လောကကြီးအလယ်မှာ ကျွန်တော်စရောက်တဲ့နေ့ကစပြီး ယနေ့အထိ အမေဟာ ကျွန်တော့်အတွက် မီးပြတိုက်တစ်ခုပါပဲအမေ။
တက္ကသိုလ်ကျောင်းသားဘ၀ကုန်ဆုံးလို့ ကြမ်းတမ်းတဲ့ လောကလမ်းတွေပေါ် ကျွန်တော်စရောက်တော့ အမေပေးတဲ့ မေတ္တာတရားက
ကျွန်တော့်အတွက် အရိပ်တစ်ခုဖြစ်ခဲ့အမေ။ အပူဆုံးသောကမီးတွေ၊လောဘမီးတွေ၊ဒေါသမီးတွေ လောင်ကျွမ်းနေရတဲ့အခါတိုင်း
ကျွန်တော်ဟာ လောကကြီးကိုမကျေနပ်ဘူးအမေ။ အမေကတော့ ဘယ်လိုထင်မလဲမသိဘူး ကျွန်တော်ကတော့
လောကကြီးကို တစ်ခါတစ်ခါစိတ်နာတယ်အမေ။ ကြုံရာဘ၀မှာ ပျော်အောင်နေရမယ်လို့ အမေပြောခဲ့တဲ့စကားလေးတစ်ခွန်းက
ကျွန်တော့်ကိုအများကြီးပြောင်းလဲသွားစေခဲ့တယ်။လောကမှာ လူတိုင်းမှားတတ်တယ်ဆိုတာ အခုတော့ ကျွန်တော်နားလည်သွားပါပြီအမေ။
ခက်ခဲလွန်းတဲ့ ခရီးလမ်းမှာ အန္တရာယ်တွေနင်းဖြတ်ရတဲ့အခါတိုင်း စိတ်ဓာတ်ကျတာလောက်တော့ ဘယ်သူမဆိုတွေ့ကြုံရမယ်ဆိုတာ ကျွန်တော်သိလိုက်ရပြီအမေ။
ဒါပေမယ့် လူတွေခက်တယ်အမေ။နောက်ပြီး အမေပြောဘူးတယ်လေ ဘာပဲဖြစ်ဖြစ် အမှန်ကိုအမှန်အတိုင်းရင်ဆိုရမယ် ဆိုတာလေ။
ကျွန်တော့်အတွက်တော့ အခက်ဆုံးပဲအမေ။လောကကြီးမှာ အမှန်အတိုင်းလာပြောရင် အငေါက်ခံရတယ်၊အနင်းခံရတယ်အမေ။
ဒါတွေကို ကျွန်တော်လဲ တစ်ခါတစ်လေတော့ မကျော်နိုင်တော့ဘူးအမေ။အမှားမှန်းသိရက်နဲ့ တစ်ခါတစ်ခါ ငြိမ်နေလိုက်ရတာကို
ကျွန်တော် ၀မ်းနည်းလို့မဆုံးပါဘူး။အမှန်အတိုင်းပြောရင် ဒုက္ခရောက်တော့မယ်ဆိုတာသိတော့ ကျွန်တော်အမှန်အတိုင်းပြောရမှာ၊လုပ်ရမှာကိုတောင်ကြောက်လာပြီအမေ။
ဒါတွေကို အမေသိရင် အမေချစ်တဲ့သားအတွက် အမေစိတ်နာနေမလားမသိဘူး။အမေပြောရင်လဲခံရမှာပဲအမေ တစ်ခါတစ်ခါတော့ ကျွန်တော်အမှားတွေပဲလုပ်နေမိတယ်။
အမေ့ရဲ့ မျှော်လင့်ချက်၊အမေ့ရဲ့ ရည်မှန်းချက်တွေအတွက် အလုပ်အကိုင်ကောင်းကောင်းလေးရဖို့ အမေ့သားကြိုးစားခဲ့ပါတယ်အမေ။
ဒါပေမယ့်အမေရယ် အလုပ်လုပ်တယ်ဆိုတာ ကျွန်တော့်အတွက် ဗိုက်ဖြည့်ဖို့အတွက်ပဲထင်နေခဲ့တာ။တကယ်တော့ လောကကြီးမှာ အမေ့သားဟာ
သုံးစားမရတဲ့သူပါလားဆိုတာ အမေသိရင် အမေ၀မ်းနည်းနေမှာ။ဒါတွေကိုအမေသိမှာဆိုးလို့ ခက်ခဲ့တဲ့ခရီးလမ်းတွေကြားမှာ ကျွန်တော်ဟာ
ဖြစ်သမျှကိုအံကြိတ်ပြီး သည်းညည်းခံနိုင်အောင်ကြိုစားခဲ့ရတယ်အမေ။အဖြစ်နဲ့အပျက်တွေမတူညီတဲ့ကြားက ကျွန်တော်ဟာ ညီမျှခြင်းညှိဖို့ပဲကြိုးစာခဲ့တာအမှန်ပဲအမေ။
သင်္ချာပုဒ်စာမှန်ရင် အဖြေရှိသလို လောကဓံမှာလဲ အမေးရှိရင် အဖြေရှိမယ်လို့ ကျွန်တော်ထင်ခဲ့မိတာပေါ့။ဒါပေမယ့် တချို့သောအရာတွေမှာ အမေးပဲရှိတယ် အဖြေမရှိဘူး။
တချို့သောအရာတွေမှာ အဖြေပဲရှိတယ် အမေးမရှိဘူးအမေ။ပလပ်ဖောင်းတွေပေါ်မှာ လမ်းလျှောက်နေရင်း ကျွန်တော်အလွမ်းနာကျနေကို ကျွန်တော်တစ်ယောက်တည်းသိတာပါ အမေ။
အိမ်ကနေထွက်သွားပြီးကတည်းက အားလုံးကိုမေ့ထားနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့် မေ့လို့မရပါဘူးအမေ။အချိန်ရှိတိုင်း အမေ့ကိုပဲသတိရတယ်အမေ။
ကျွန်တော်ရုံးကနေအိမ်အပြန် တံခါးဖွင့်ပြီး အိမ်ထဲဝင်တော့ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာကို တွေးမိရင်း စိတ်မကောင်းဖြစ်မိတာပေါ့အမေ။
ဒါပေမယ့်ကြာလာတော့ အသက်တွေကြီးလာတာကိုတောင် ကျွန်တော်မေ့နေပြီအမေ။ ဘာလိုလိုနဲ့ ကျွန်တော်အိမ်ကနေထွက်လာတာ တစ်နှစ်ကျော်ကြာသွားပြီအမေ။
တက္ကသိုလ်မှာပျော်ခဲ့၊ရွှင့်ခဲ့ရတာတွေနဲ့ အခုအခြေနဲ့ယှဉ်ကြည့်လိုက်တော့ တခြားစီဖြစ်သွားပြီအမေ။
အရာရာတိုင်းဟာ ကျွန်တော့်အတွက်ပျင်းရိငြီးငွေ့ဖွယ်ရာတွေဖြစ်နေပြီအမေ။ဖောက်ပြန်နေတဲ့ ရာသီဥတုတွေကြားက ချို့တဲ့စွာဖြတ်သန်းနေရတဲ့ ကျွန်တော်တို့မိသားစုထဲမှာ
အဝေးရောက်နေတဲ့ အမေ့သား အိမ်ပြန်ချင်လှပြီအမေ။မပြည့်စုံတဲ့ကြားက တိုးထွက်ခွင့်ရတဲ့ ပန်းလေးတစ်ပွင့်မို့ မလှပနိုင်တာ ဆန်းတော့မဆန်းဘူးပေါ့နော်အမေ။
ဒါတွေကိုအမေသိချင် ချစ်သားလေးအတွက်အမေ၀မ်းနည်းနေမလားမသိဘူးအမေ။ဒါပေမယ့် အခုတော့ ကျွန်တော်တဖြည်းဖြည်းရင့်ကျပ်လာပါပြီအမေ။
နာစရာရှိလဲ လွမ်းစရာနဲ့ထေ၊ကလဲ့စားမချေ ဆိုတဲ့ သဘောထားနဲ့ လောကကြီးထဲမှာ ရှင်သန်နေခဲ့ပြီအမေ။အမေဖြစ်စေချင်၊ရောက်စေချင်တဲ့ အမေ့ရဲ့ဆန္ဒတွေကို ကျွန်တော်
ဖြည့်ဆည်းဖို့ကြိုးစားနေပါပြီအမေ။
လမ်းကြောင်းလေးတွေ ပြောင်းကြရအောင်
လူတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံး လုပ်စရာ အလုပ် နှစ်ခုပဲ ရှိတယ်ဗျ...။
မြန်မာလို ရိုးရိုးလေးပြောရင် ကောင်းမှုနဲ့  မကောင်းမှု ..။
(က) ကုသိုလ်အလုပ်နဲ့ 
(ခ) အကုသိုလ် အလုပ်...။
ကုသိုလ်အလုပ်မှာ-
လှူဒါန်းခြင်း (ဒါန)
ကိုယ်နှုတ်စောင့်ထိန်းခြင်း (သီလ)
စိတ်ကိုစင်ကြယ် တည်ကြည်စေခြင်း (သမထ)
သုံးမျိုး ရှိပါတယ်...။
အကုသိုလ်ကတော့ ... ပြောစရာမလိုအောင် ရင်းနှီးပြီးသား ။
ကောင်းတာလုပ်တော့ ကောင်းကျိုးရ....။
မကောင်းတာ လုပ်တော့ မကောင်းကျိုးရ....။
တူသောအကျိုး ပေးတယ်လို့ ဆိုတယ်...။
ဘယ်တော့ ပေးသလဲ...။
ချက်ချင်းလား....။
ပြုတဲ့ ကံပေါ်မူတည်တယ်...။
ချက်ချင်းပေးတဲ့  အကျိုးတွေ ရှိသလို အကြောင်းတိုက်ဆိုင်မှ ပေးတဲ့  အကျိုးတွေလည်းရှိတယ်ဗျ...။
လုံးဝမပေးတော့တဲ့ (အဟောသိကံ)ဖြစ်သွားတဲ့ အကျိုးတွေလည်းရှိတယ်...။
ဗုဒ္ဓဘာသာအယူအဆအရ (၃၁)ဘုံ ရှိတယ်ဗျ...။
ဗြဟ္မာဘုံ(၂၀)
နတ်ဘုံ (၆) ဘုံ
လူ့ ဘုံ (၁) ဘုံ
အပါယ် (၄) ဘုံ...။
သံသရာလည်တယ်ဆိုတာ (၃၁) လှည့်ပတ်ပြီး ဘဝသစ်တွေ ဖြစ်နေတာကိုခေါ်တာဗျ...။
သမထအလုပ်ကို လုပ်ရင် ဗြဟ္မာ့ပြည်ရောက်မယ်...။
ဒါန ၊သီလ လုပ်ရင် နတ်ပြည် ၊လူ့ ပြည် ရောက်မယ်...။
ဒါက.. ကောင်းမှုလုပ်တဲ့ လူတွေ ရောက်နိုင်တာဗျ........။
မကောင်းမှု လုပ်ရင် ငရဲ ၊တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် (အပါယ်လေးဘုံ) ရောက်မယ်ဗျ...။
ကျွန်တော် သိစေချင်တာက ...
ကောင်းမှုပဲ လုပ်လုပ် ၊ မကောင်းမှုပဲ လုပ်လုပ်
(၃၁) ဘုံထဲက မလွတ်နိုင်ဘူးဗျ...။
ကောင်းတာလုပ်တော့ ကောင်းတဲ့ ဘဝတွေမှာ စံလိုက်ကြ .....။
မကောင်းတာ လုပ်မိတော့ မကောင်းတဲ့ ဘဝတွေမှာ ခံလိုက်ကြ.... ။
လူဖြစ်လိုက်၊ ခွေးဖြစ်လိုက် ၊နတ်ဖြစ်လိုက် ၊ ဗြဟ္မာဖြစ်လိုက် ၊ ငရဲရောက်လိုက်ပေါ့ဗျာ.....။
တို့ ဟာတို့  မိရိုးဖလာ ယုံကြည်မှုနဲ့  နေထိုင်လုပ်ကိုင်လာတာ ရှင်းနေတာကို မင်းက ဘာလာရှုပ်ဦးမလို့ လဲ....။
ဖြစ်ရာဘဝ ကောင်းကျိုးချမ်းသာရအောင် ကုသိုလ်ကောင်းမှုတွေ လုပ်ရမယ်လို့ ....
ဗုဒ္ဓမြတ်စွာ ဘုရားကလည်း ဟောခဲ့တယ်...။
သံဃာတော်မြတ်အပေါင်းကလည်း တရားဒေသနာတွေ ဟောတိုင်းပြောနေတာ မင်းမကြားဘူးဖူးလား...။
မင်းပဲ စပြောတယ်...။
လူတွေလုပ်စရာ နှစ်ခုပဲ ရှိတယ်...။
နှစ်ခုလုံး မကောင်းသလိုလို မင်းပြောတယ်...။
ဒါဆို ငါတို့  ဘာလုပ်ရမှာလဲ....။
မလုပ်ဘဲ နေရမှာလား..... ။
မေးချင်စရာ...။
ကောင်းမှု မလုပ်ရလို့  မဆိုလိုပါ ခင်ဗျာ...။
ကောင်းမှုသည်လည်း သံသရာ လည်စေတတ်ကြောင်း သိစေချင်လို့ ပါ...။
ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်က ကောင်းတဲ့ ဘုံ ဘဝတွေ မဟုတ်သေးဘူးဗျ....။
သံသရာက လွတ်မြောက်စေသော....။
ဝဋ်ဆင်းရဲ အပေါင်းမှ ကင်းလွတ်စေသော...။
ဆင်းရဲဒုက္ခ ကင်းရာအမှန် ချမ်းသာစစ်ဖြစ်သော မြတ်နိဗ္ဗာန် မဟုတ်ပါလော.....။
ဂင်္ဂါမာလ သဲစုအမျှပွင့်ကုန်သော ဘုရားအပေါင်းတို့  ပွင့်ပေါ်ရခြင်း ရည်ရွယ်ချက်သည် သံသရာမှ လွတ်မြောက်ရန် ၊
ထွက်မြောက်ရန် သတ္တဝါအနန္တအား လမ်းပြရန် မဟုတ်လော.....။
ဒါကြောင့်....
ကောင်းမှုပြုကြပါ...။
များများပြုကြပါ...၊ လုပ်ကြပါ...။
ဖြစ်ရာဘဝ ချမ်းသာကို ဆုမတောင်းကြဘဲ .. နိဗ္ဗာန် ချမ်းသာဆုကိုသာ တောင်းကြပါ...။
ကောင်းမှုပြုတိုင်း နိဗ္ဗာန်ကို ရည်မှန်းကြပါလို့  ရည်ရွယ်ခြင်းပါ....။
အင်း... ဟုတ်ပါပြီ...။
နိဗ္ဗာန်ဆိုတာ ဆုတောင်းတိုင်း ရသလား....။
မေးချင်စရာ...။
မရပါဘူးခင်ဗျာ...။
နိဗ္ဗာန်ရောက်ဖို့  ကျင့်ဖို့ လိုပါတယ်ဗျ...။
ဝိပဿနာ အကျင့် ကျင့်ပါမှ နိဗ္ဗာန်ရနိုင် ရောက်နိုင်တာပါ....။
ဟ... ကျင့်မှရမယ်ဆိုသေး ...။ ကောင်းမှုပြုတိုင်းလည်း  နိဗ္ဗာန်ရည်မှန်း ဘာတွေလည်းဟ...။
ရှင်ပါဦး ဆို ချင်စရာ...။
မိတ်ဆွေတို့ ကောင်းမှုပြုတိုင်း နိဗ္ဗာန်ကို ရည်မှန်းလုပ်ခဲ့ရင် ထိုကောင်းမှုအစုစုသည် နိဗ္ဗာန်အကျိုးငှာ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်..။
သံသရာဆင်းရဲကြောင်းကို အမှန်သိမြင်သောတစ်ချိန်မှာ လွတ်မြောက်လို၍ ဝိပဿနာတရား ကျင့်ကြံပွားများအားထုတ်ခဲ့ပါက
ထိုကောင်းမှုအစုစုဟာ ကြီးစွာ အထောက်အကူပြုပါလိမ့်မယ်ခင်ဗျ....။
ပါရမီလို့  ဆိုချင်ဆိုပေါ့ဗျာ....။
မူရင်း-
Friday, January 13, 2012
မနက်ဖြန်အတွက် လှလက်ဆောင်
-အရွယ်သုံးပါး
 အားလုံးအတွက် မနက်ဖြန်ရှိတယ်။
-မနက်ဖြန်ခါမှာ
 ဘာလိုချင်သလဲ
 ကဲ...ပြောစမ်း။
-သဲပန်းလှလှ၊ တပ်မက်ကြသူ
 ဓမ္မပန်းခူး၊ ကျေနပ်မြူးသူ
 ယစ်မူးစည်းစိမ်၊ ဂုဏ်သိမ်ချစ်သူ...။
-ထိုသူများစွာ
 နက်ဖြန်ခါထွက်၊လှလက်ဆောင်မှာ
 ကဗျာစုထွေး၊ နောင်သီပေးမည်
 ကျူအေးသံချို ဆိုရအောင်။ ။
                                               နောင်
Thursday, January 12, 2012
ကဗျာရေးသူ
မြစ်တွေကစီးဆင်းတယ်
သစ်ပင်တွေက စိမ်းလန်းတယ်
ကြယ်လေးတွေက လင်းလက်တယ်
ကျွန်တော်က ကဗျာရေးပါတယ်။
အလံကတလူလူလွင့်တယ်
ဆည်းလည်းက တလွင်လွင်မြည်တယ်
ှနှင်းမှုန်က တဖွဲဖွဲကျတယ်
ကျွန်တော်က ကဗျာရေးပါတယ်။
ဥသြလေးက တေးသီတယ်
ဓူဝံကြယ်က လမ်းပြတယ်
လမင်းကြီးက သာနေတယ်
ကျွန်တော်က ကဗျာရေးပါတယ်။
တချို့က ရုပ်ရှင်မင်းသားလုပ်တယ်
တချို့က သမ္မတလုပ်တယ်
တချို့က ဘီယာသောက်တယ်
ကျွန်တော်က ကဗျာရေးပါတယ်။
တချို့က မြေကြီးပေါ်မှာ ရုန်းကန်တယ်
တချို့က အာကာသထဲမှာ လမ်းလျှောက်ကြတယ်
တချို့က ပင်လယ်ပြင်မှာ ဓါးပြတိုက်တယ်
ကျွန်တော်က ကဗျာရေးပါတယ်။
ဘ၀ရဲ့ ခက်ခဲကြမ်းတမ်းမှု
ဘ၀ရဲ့ ခမ်းနားလွတ်မြောက်မှုတွေနဲ့
ကျွန်တော်က ကဗျာရေးပါတယ်။
ဘာနဲ့မှ မလဲနိုင်တဲ့ ကြည်နှုးမှု
ဘာနဲ့မှ မလဲနိုင်တဲ့ နာကျင်မှု
ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားမှု
ဘာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်မှု
ဘာနဲ့မှ မလဲနိုင်တဲ့ ရိုးသားမှု
ဘာနဲ့မှ မလဲနိုင်တဲ့ ကြေကွဲမှု
ဘာနဲ့မှ မလဲနိုင်တဲ့ ပြင်းပြမှုတွေနဲ့
ကျွန်တော်က ကဗျာရေးပါတယ်။
ကောင်းကင်မှာ လမင်းသာသလို
မြေပြင်မှာ စမ်းရေစီးသလို
ကောက်ဆန်စပါးနဲ့
ကျောက်သံပတ္တမြားတွေ ဖြစ်ထွန်းသလို
ကျွန်တော်က ကဗျာရေးပါတယ်။
နောက်တစ်ခါ ထပ်မေးရင်
ရှည်ရှည်ဝေးဝေး ပြောင်ချင်မှ ပြောဖြစ်မှာပါ။
ကျွန်တော်က ကဗျာတွေရေးပါတယ်။ ။
Thursday, January 5, 2012
ကျွန်တော်ဖတ်ဖို့ (၂)
1. ဘဝဆိုတာ ခဲဖျက်မရှိတဲ့ ပန်းချီဆွဲခြင်း တမျိုး။
Life is the art of drawing without an eraser. (John Gardner)
2. ဘဝဆိုတာ ပြီးခဲ့တဲ့အရာတွေလို့ဆိုကြပေမယ့် ရှေကို ဆက်သွားနေရဦးမှာပဲ။
Life can only be understood backward, but it must be lived forward. (Soren Kierkegaard)
3. အသိပညာသည် မျက်လုံးမဟုတ်၊ သို့သော် အမှန်ကိုမြင်စေနိုင်၏။
Knowledge is the true organ of sight, not the eyes. (Panchatantra)
4. အသိပညာဆိုတာ မြင့်မားလာလေ ထူးဆန်း အံ့သြ အတုယူအားကျစရာများများ တွေ့ရလေပါပဲ။
The larger the island of knowledge, the longer the shoreline of wonder. (Ralph W. Sockman)
5. အသိပညာဟူသည်မှာ ကြောက်လန့်နေသော နွားတကောင်ဖြစ်သည်။ ကျွန်ုပ်တို့တာဝန်မှာ ထိုနွား၏ ဦးဂျိုများကို ရှောင်ပြီး နွားနို့ရအောင် ညှစ်ဖို့ဖြစ်သည်။
Knowledge is a sacred cow, and my problem will be how we can milk her while keeping clear of her horns. (Albert Szent-Györgyi)
6. အသိပညာဆိုသည်မှာ အမှန်တရားများကသာ ရရှိနိုင်သည်မဟုတ်၊ မှားယွင်းမှုများကနေလည်း ရရှိနိုင်သည်။
Knowledge rests not upon truth alone, but upon error also. (Carl G. Jung)
7. စစ်မှန်သည့် အသိပညာဆိုသည်မှာ တစုံတယောက်၏ အသိပညာ ချို့တဲ့ခြင်း ပမာဏကို သိအောင်လုပ်ခြင်းဖြစ်သည်။
Real knowledge is to know the extent of one's ignorance. (Confucius)
8. လူတစ်ဦး၏ အသိပညာအပေါ်တွင် ထိုသူ၏ အတိတ် နှင့် အယူအဆ များက တစ္ဆေလို ခြောက်လှန့်နေသည်။
Knowledge is haunted by the ghost of past opinion. (Author Unknown)
9. အသိပညာနောက်လိုက်ရာတွင် အကြောင်းအရာ အချက်အလက် အားလုံးကြောင့် နစ်မြှုပ်မသွားစေရန် သတိပြုရမည်။
In your thirst for knowledge, be sure not to drown in all the information. (Anthony J. D'Angelo)
10. ကမ္ဘာမြေ၊ တိုက်ကြီးများ၊ သမုဒ္ဒရာကြီးများ၏ ပုံသဏ္ဍာန်ကို ရှာဖွေနိုင်ဖို့ အဓိက အတားအဆီးက အသိပညာ မလုံလောက်၊ မချို့တဲ့မှု မဟုတ်ပါဘူး.. အယူအဆ အတွေးအခေါ် လွဲမှားမှု။
The greatest obstacle to discovering the shape of the earth, the continents and the ocean was not ignorance but the illusion of knowledge. (Daniel J. Boorstin)
11. အသိပညာ ဂုရုဖြစ်လိုလျှင် ၄င်းနှင့်ပတ်သက်သော အရာအားလုံးကို သိရှိထားရမည်။
To be master of any branch of knowledge, you must master those which lie next to it; and thus to know anything you must know all. (Oliver Wendell Holmes, Jr.)
12. လူတစ်ဦးတစ်ယောက်၏ ဥာဏ်ရည်ထက်မြက်မှု့ နှင့် စွမ်းရည်မြင့်မားမှု့ကို ထိုသူ၏ ဆောင်ရွက်ချက်များဖြင့် တိုင်းတာသည်။
Action is the real measure of intelligence. (Napoleon Hill)
13. အတွေ့အကြုံဆိုတာ လူတိုင်းက သူတို့ရဲ့ အမှားတွေကို ပေးထားတဲ့ နာမည် တခု။
Experience is the name everyone gives to his mistakes. (Oscar Wilde)
14. အတွေ့အကြုံဆိုတာ မလိုအပ်တဲ့အချိန်မှ ရရှိလိုက်တဲ့ အရာတွေပဲ။
Experience is what you got by not having it when you need it. (Author Unknown)
15. သူတပါး၏ အမှားတွေကနေသင်ယူပါ။ ကိုယ်ကိုယ်တိုင် ဒီအမှားတွေလုပ်ဖို အချိန်မပေးပါနဲ့။
Learn all you can from the mistakes of others. You won't have time to make them all yourself. (Alfred Sheinwold)
16. အတွေ့အကြုံဆိုတာ လူတယောက်၏ တွေ့ကြုံရသည့်အရာမဟုတ်ဘူး.. အတွေ့အကြုံဆိုတာ ဒီလူအပေါ်ကျရောက်လာသမျှကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာပဲ။
Experience is not what happens to a man. It is what a man does with what happens to him. (Aldous Leonard Huxley)
17. အတွေ့အကြုံဆိုတာ ကျွန်ုပ်တို့ထိပ်ပြောင်နေတုန်းမှာ သဘာဝကပေးထားတဲ့ ဘီးတချောင်းပဲ။
Experience is a comb which nature gives us when we are bald. (Proverb)
18. အတွေ့အကြုံကို guide အနေနဲ့သုံးတဲ့ အမှားက သင်ခန်းစာ မသင်ရသေးပဲ အရင်လာတဲ့ အတန်းတင် စာမေးပွဲလိုပဲ။
The trouble with using experience as a guide is that the final exam often comes first and then the lesson. (Author Unknown)
19. ကလေးဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရသူတစ်ယောက်သည် ဘဝအတွက် အဆင်သင့် မဖြစ်တတ်ပေ။
A happy childhood is poor preparation for human contacts. (Colette)
20. မသေသောဆေးသမားဆိုတာမရှိပါ။ လူနာ တယောက် နှစ်ယောက် မသေဖူးဘဲနှင့် ဆရာဝန်ကောင်းတယောက် မဖြစ်ပေ။
No physician is really good before he has killed one or two patients. (Hindu Proverb)
21. မှန်ကန်တဲ့ အဆုံးအဖြတ်ဆိုတာ အတွေ့အကြုံတွေထဲကနေရရှိသလို၊ အတွေ့အကြုံဆိုတာကလည်း မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကနေ ရခဲ့တာပါပဲ။
Good judgment comes from experience, and often experience comes from bad judgment. (Rita Mae Brown)
22. အတွေ့အကြုံကို အကျိုးရှိစွာအသုံးချလျှင် အချိန်ကုန် သက်သာမည်။
Nothing is a waste of time if you use the experience wisely. (Auguste Rodin)
23. အတွေ.အကြုံတွေကနေ သင်ယူခြင်းက လူကို နာကျင်စေပါတယ် အဲ့ဒီထက် ပိုနာကျင်စေတာကတော့ အတွေ.အကြုံတွေကနေ မလေ့လာ မသင်ယူတတ်တာပါပဲ။
There is only one thing more painful than learning from experience, and that is not learning from experience. (Laurence J. Peter)
24. တခါခံရရင် သူ့အမှား ( သူ.အပြစ်) ၊ နှစ်ခါခံရရင် ကိုယ့်အမှား ( ကိုယ့်အပြစ် )။
Fool me once, shame on you; fool me twice, shame on me. (Chinese Proverb)
25. ဒီမိုကရေစီ ကို နားလည်ချင်ရင် စာကြည့်တိုက်ထဲမှာ ကုန်မဲ့အချိန်တွေကို လျှော့ပြီး ပြည်သူလူထုကြားမှာ အချိန်ပိုပေးလိုက်ပါ။
If you want to understand democracy, spend less time in the library with Plato, and more time in the buses with people. (Simeon Strunsky)
ချစ်တတ်သူတိုင်း သိသင့်သည့်အရာ
ချစ်တတ်သူများအတွက်ရည်ရွယ်ပါတယ်ဗျာ
သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို  ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့  လျှိုဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲလေ့လာကြည့်ကြမယ်နော် ။
နားလည်မှုအချစ်
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊
စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။
အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာ
လိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။
ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက်
ကြောက်လန့် စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။
ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊
အပြောအဆိုတွေကြောင့်  သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့
အဖြစ်မျိုးတွေ မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ 
နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့
ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။
မျက်မြင်ကိုယ်တွေ့ မှယုံပါ 
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင်
ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။
ကြားစကားတွေနဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို
ကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို
တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက
သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း
ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက
နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့  ပိတ်ပင်ထားပါ။
တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ
အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့ 
ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊
တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။
သင့်အတွက် နေ့ စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင်တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ
စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်းတိုက်ဆိုင်ကြည့်ပါ ။
သင်ဟာသူ့ ကို တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။
ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊
ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ။
အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။
တစ်ခါတစ်ရံ တစ်ဘက်သား မမျှော်လင့်တဲ့  နေရာမျိုးတွေဆီကနေ
အံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။
အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို
လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။
အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ ။
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင်
သင်တို့ နှစ်ယောက်ကြားက အချစ်တွေဘယ်တော့မှမပြယ်ပါစေနဲ့ ။
မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးပါတယ်တဲ့
သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ ။
ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ
နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ
ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။
ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက်
အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ ရယူပါ ။
ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်
အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို
အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။
လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။
သင်အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။
အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက်
အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။
လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်
ဆိုတာတော့မရှိပါဘူး ။
လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲ
့အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊
ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။
ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ ။
ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေ
ပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။
သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။
ဒါကိုလည်း သူသိအောင်လုပ်ပါ ။
သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ
ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။
…………………………………………………………………………………………………………….
မိုးကောင်းကင်မှာ ကြယ်မင်းသမီးလေးတွေ ၀န်းရံခတဲ့ လနတ်သမီးလေးရှိတယ် ။
သူ့ဘ၀က ငွေရောင်လွှမ်းခြုံဘက်ပေါင်းစုံ တင့်တယ်ခြင်း၊ ချမ်းမြခြင်း
သုခအပေါင်းခညောင်းနေတဲ့ လနတ်သမီးလေးပေါ့။
မိုးနတ်သားလေးကတော့ လျှပ်မီးလျှပ်ရောင်တပြောင်ပြောင်တလက်လက်နဲ့ ကြမ်းတမ်းလှတဲ့
ဘ၀ခရီးလမ်းမှာ တဂျိုးဂျိုး တဂျိမ်းဂျိမ်း မိုးခြိမ်းသံပေး ဘ၀အရေးအခင်းကို ဖြေရှင်းရင်ဆိုင်နေရတဲ့ ခယောင်းလမ်းက မိုးနတ်သားလေးပေါ့။
အဲဒီလို မညီမျှတဲ့ ဘ၀နှစ်ခု အခြေအနေမျိုးမှာ
လနတ်သမီးလေး က မိုးနတ်သားလေး ကို
ချစ်ပါတယ် ဆိုရင် ဒါ ယုံလား။ ဖြစ်နိုင်လား။
…………………………………………………………………………………………………………………………..
…………………………
> ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ …
> ၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ. ..[?]
> (လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ…)
> ၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကိုပြေးစေသူ…
> (ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ       >သူ့ လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ …)
> (လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ…)
> ၄)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ…
> (မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။…သို့ သော်လိုအပ်လာလျှင်
> သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ… Cry on my shoulder…လို့ ပြောတတ်သူ…)
> ၅)[?]Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ 
> ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ … [?]
> ၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့ 
> harry potter ကားမျိုးကို မပျင်းမရိလိုက်ကြည့်ပေးတတ်သူ …
> ၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည်
> လိုက်ရေတွက်တတ်သူ…[?] [?] [?]
> (တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ
>့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ
> စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ …)
> ၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ…[?]
> (သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ …)
>ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ…
> ၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ…
> (ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ …တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ …)
> [?]
>
> ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက …
>
> ၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို
> ဖန်ဆင်းပေးချင်သူ …
> (ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ …
> အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ…)[?]
>
> ၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို
>့ ချစ်တာလဲလို့ မေးတတ်သူ …
>
> ၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ
> ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ …
>
> ၄)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို
>့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ …
>
> ၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ
> …(ဥပမာ-အစားအသောက်ကောင်းလေးများ၊
> ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ…)[?] [?] [?]
>
> ၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ
> …သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ …
>
> ၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ …အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့ 
> ရဲဝင့်စွာကြွေးကြော်တတ်သူ …
> ၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
> (သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ…)
> ၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက်
> လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ …
> (အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)[?]
> ၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ…
> ( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ
> ကြံဖန်ဂုဏ်ယူပေးတတ်သူ …)
> အဲ့လိုချစ်သူမျိုးတွေ သူငယ်ချင်းတို့ မှာရှိပြီလား …
ရှိကောရှိခင်ကြလားဟင်> ရှိလာကြရင်ကော … တချို့ ကတော့ လိုအပ်ချင်မှ လိုအပ်မယ်
> …လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပေါ့ဗျာ .
……………………………………………………………………………………………………………………..
အချစ်ဆိုတာ အစမှာချိုမြိန်တယ်
ဘေးနားမှာ သူရှိနေမယ် သင့်အတွက်ဝေမျှပေးမဲ့သူရှိမယ်
သင်အထီးမကျန်တော့ဘူး သူသင့်ကို သတိရနေမယ် လွမ်းနေမယ်
ဘာပဲလုပ်လုပ် အတူတူရှိနေရင် အားလုံးဟာ ပျော်စရာတွေပဲ
ဒါပေမဲ့ ရင်းနှီးလာလေ တစ်ဘက်သူရဲ့အားနည်းချက်တွေကို မြင်လာမယ်
သင်စိတ်ရှုပ်လာမယ် သင်လက်မခံနိုင်တဲ့အထိဖြစ်လာမယ် တစ်ယောက်ယောက်နဲ့ သင်
နှိုင်းယှဉ်နေမယ်
သင်နဲ့ သူနဲ့ လိုက်ဖက်တယ်မလိုက်ဖက်ဘူးဆိုတာကို သင်သိလား။
အချစ်ဆိုတာ ကျောက်ခဲတစ်လုံး ကောက်ရသလိုပေါ့.. ကျောက်ခဲပေါင်းများစွာထဲမှ
ရွေးကောက်နေတာ။
မကြိုက်လို့ဆိုပြီး ဒီကျောက်ခဲကိုပစ် နောက်ကျောက်ခဲကို ကောက်လိုက်နဲ့
ဆိုရင် ဘယ်ပြီးတော့မလဲ။
ကိုယ်ကောက်လို့ရထားတဲ့ ကျောက်ခဲကိုပဲ အမြတ်တနိုးနဲ့ ထားရင် ကျောက်ခဲက
အဖိုးတန်တဲ့ ကျောက်မျက်ဖြစ်နေမယ်။
ကြာရင် ပျင်းလာတယ် ငြီးငွေ့လာတယ် လို့ သင်တို့ ထင်ကြမယ်..
မှားတယ်..
ဒါဟာ ဥပမာတစ်ခုနဲ့ပြောပြချင်တယ်
စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေတဲ့
လူလတ်ပိုင်းယောင်္ကျားလေးတစ်စုရဲ့ စကားသံ
“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငါ့မိန်းမ ကို ငါလိုက်တုန်းက သူက
ပုဇွန်စားချင်တယ်ပြောတာ ငါ ၁၀ကောင်အခွံခွါပေးတယ်၊ ခုဆိုရင်
သူခွါခိုင်းရင် ခွါပေးဖို့နေနေသာသာ….”
ဒါကို သူကြွားစရာလို့များ ထင်နေလားမသိဘူးနော်…
သူ့ရဲ့အိမ်ထောင်ရေးဘယ်လောက်ကျရှုံးနေတယ်ဆိုတာကြေငြာနေတလိုပါပဲ……
နောက်တစ်ခုပြောချင်သေးတယ်
ကောင်မလေးကို ချစ်စခင်စကြင်နာစတုန်းကတော့ ရုံးလာကြိုလိုက် ဖုန်းဆက်ပြီး
စားပြီးပြီလားမေးလိုက်နဲ့ အလုပ်ကိုရှုပ်နေတာ လင်မယားလဲဖြစ်ရော
ဈေးခြင်းတောင်းကို ဗိုက်တစ်လုံးနဲ့ သယ်နေတာကို သိရက်နဲ့
မမြင်ချင်ယောက်ဆောင်တယ်။
အသက် ၇၀ ရှိတဲ့ လင်မယားဟာ ခုချိန်ထိ ဘုရားကျောင်းတက်ပြီး
သူတို့ရဲ့မင်္ဂလာပွဲကို ခုထိ ကျင်းပနေရတာကော ဘာကြောင့်ပါလဲ….
ရွှေရတုတွေဘာတွေမဟုတ်ပဲ မင်္ဂလာပွဲတစ်ခုကို အမြဲလိုလို ကျင်းပနေကြတယ်။
သူတို့ကို အားမကျဘူးလား…..
လူတွေက ရယူပိုင်ဆိုင်ပြီးရင် အလေးမထားကြဘူး
လက်ထက်ခြင်းက လူတွေကို ပျင်းရိစေတယ် မပြောချင်ဘူး၊ မနားထောင်ချင်ဘူး၊
တစ်ယောက်အတွက်တစ်ယောက်က အံ့သြအောင် ပျော်ရွှင်အောင်မလုပ်ပေးတော့ဘူး။
လင်မယားမဖြစ်ခင်ထိတော့ ဘယ်လိုပြောရင်ကောင်းမလဲ။ ဘာလုပ်ပေးရင်ကောင်းမလဲနဲ့။
အမှန်တော့ ရည်းစားနဲ့ လင်မယားကအတူတူပါပဲ။ ပိုခိုင်မြဲအောင်
တလောကလုံးသိအောင် ကြေငြာထားတာပါ။
အမြဲချစ်နေကြဖို့ မပျင်းဖို့ပဲလိုတယ်။ သူ့အတွက်နဲ့ အမြဲနိုးကြားနေရမယ်။
နောက်ဥပမာတစ်ခုက…ချစ်သူရည်းစား ချိန်းပြီး ညနေစာစားဖို့ ကောင်မလေးကို
ကောင်လေးစောင့်နေတာ မိနစ်၃၀ကြာပြီ။ ကောင်မလေးက မထင်မှတ်တဲ့
ရုံးအလုပ်ပေါ်လာတာနဲ့ မိုးရွာတာနဲ့ဆိုတော့ နောက်ကျသွားတယ်။
ဒါကို ကောင်လေးက “အမြဲနောက်ကျနေတာပဲ ဒီလိုစောင့်နေရတာ
ငါစားချင်စိတ်တောင်မရှိတော့ဘူး။ ”လို့ပြောတော့ ကောင်မလေး ရင်ထဲမှာ
အမောဆို့သွားတဲ့အပြင် ဒီအချစ်ခရီးလမ်းကို လျှောက်ဖို့
သူ့မှာအင်အားမရှိတော့ဘူး။
ဒီနေရာမှာ မိုးရွာထဲရောက်အောင်လာတဲ့ ကောင်မလေးကို “အလုပ်များနေလို့လား
အဆင်ပြေသွားပြီလား”ဆိုပြီး မိုးစက်လေးတွေကို
သုတ်ပေးရင်……ဘယ်လောက်ကောင်းမလဲ ကွယ်။
နားလည်ပေးပါ……….
အချစ်ရဲ့လှပမှုဆိုတာ သင့်ပေါ်မှာမှုတည်တယ်…
တစ်ယောက်နဲ့တစ်ယောက်ရဲ့အချစ်တွေ ကမတူဘူး။ ချစ်ပုံတွေကွဲကြတယ်။
တစ်ယောက်ယောက်ကိုချစ်ရင် သူ့ကိုနားလည်ရမယ်။
တောင်းပန်ရမယ်။ ကျေးဇူးတင်ရမယ်။
အမှားသိပြီး ပြင်တတ်ရမယ်။ယုယရမယ်။
လက်ခံရမယ် သည်းခံခိုင်းတာမဟုတ်ဘူး။
ခွင့်လွတ်ရမယ် အလိုလိုက်ခိုင်းတာမဟုတ်။
အားပေးရမယ် မြောက်ပင့်ခိုင်းတာမဟုတ်။
မေးဖော်ရရမယ် စစ်ဆေးမေးမြန်းခိုင်းတာမဟုတ်။
ရင်ဖွင့်ရမယ် ပေါက်ကွဲခိုင်းတာမဟုတ်။
မေ့မရနိုင်တာလေးတွေဖန်တီးရမယ် နောင်တရခိုင်းတာမဟုတ်။
အချင်းချင်းဖလှယ်နေရမယ် အရာအားလုံးကို သင်ကသိနေရမှာမဟုတ်။
သူ့အတွက်ဆုတောင်းပေးနေရမယ် သူ့ကိုပူလောင်မှုတွေ မဖြစ်နိုင်တာတွေလုပ်ခိုင်းတာမဟု တ်။
သာယာကြည်နူးရမယ် ငွေဖြုန်းခိုင်းတာမဟုတ်။
အချိန်မရွေး လက်တွဲလို့ရတယ် ဒါပေမဲ့ ဒီတွဲလက်ကို အချိန်မရွေး
လွတ်လို့ရတာမဟုတ်………………..
လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင်
အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။
အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။
အကောင်းဆုံးကိုရဖို့မျှော်ကိုးေ နလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။
အမှတ်တရကျောင်းတော်...
ကွန်ပျူတာတက္ကသိုလ်ကြီးမှာ လေးနှစ်လေးမိုး အချိန်တွေကုန်ဆုံးလို့ အိမ်အပြန် လမ်းခွဲချိန်ရောက်တော့ ကျွန်တော်ပျော်နေမယ်လို့ထင်မိတယ်။
လက်တွေ့မှာတော့ ကျွန်တော့်ရှေ့မှာ လက်ပြနှုတ်လက်လို့ ပြန်သွားကြတဲ့ သူငယ်ချင်းတွေကိုငေးရင် မျက်ရည်လဲဝဲခဲ့ရတာပေါ့။
ကျွန်တော်ချစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူဖြတ်သန်းလာခဲ့တဲ့ ကုန်ဆုံးသွားခဲ့နေ့ရက်တွေလဲ အခုဆို တိမ်လိုလွင့်မျောလို့ လွမ်းရက်တွေလဲရှည်ရပြီလေ။
အတူတူကျောင်းသွား၊လမ်းသလား ဖြတ်သန်းလာခဲ့တဲ့ ကျောင်းလမ်းမအိုဟောင်းကြီးပေါ်မှာ လမ်းတွေလျှောက်ခဲ့ကြတုန်းဟာ
ကျွန်တော်ဟာ အတွေးလေးနုနယ်သေးတယ်။လွမ်းရမှာကိုတောင် သတိမရခဲ့ဘူးဖူး။ဒါပေမယ့် ဒါတွေပြန်တွေးကြည့်မှ လွမ်းစရာကောင်းမှန်းသိလာရပြီ။
အားလုံး ပြီးဆုံးသွားပြီမို့ အိမ်အပြန် ကားပေါ်ကနေ လယ်ကွင်းတွေဆီငေးရင်း နေညိုတဲ့ညနေခင်းလေးဟာ ကျွန်တော့်အတွက် ကဗျာမဆန်တော့ဘူး။
ဟိုအရင် ဒီလိုညနေခင်းတွေမှာဆို သူငယ်ချင်းတွေနဲ့အတူတူ ဈေးထဲမှာ ဈေးဝယ်ခဲ့တာတွေ၊ဆိုင်ကယ်တွေစီးခဲ့တာတွေ၊သီချင်းတွေအော်ဆိုရင်းနဲ့
စာကျက်ခဲ့တာတွေ၊ ဒါတွေ ဒါတွေ အားလုံးဟာ အခုဆို အတိတ်မှာ အိပ်မောကျနေရောပေါ့။ရေးခဲ့တဲ့ ကဗျာစာအုပ်လေးတွေလှန်လျောရင်း အမှတ်တရ
ဓာတ်ပုံလေးတွေက ကျွန်တော့်ကို ပြန်ပြီးသတိရနေစေတယ်လေ။အခုတော့ ဒါတွေပြန်တွေးမိလို့ ပြန်ရေးမိတဲ့ ကျောင်းအကြောင်းတွေလဲ အပ်ကြောင်းထပ်နေပြီပေါ့။
တော်ပါပြီလေး မလွမ်းချင်တော့ပါဘူး လွမ်းလွန်းလို့ ရူးများသွားမလားစိုးရိမ်နေရတယ်။ဒါပေမယ့် အချိန်တန်တော့လဲ လွမ်းမိတာပါပဲ။
ဒီတော့ လွမ်းနေရမဲ့ အတူတူ လူကြုံတွေမပါးတော့ဘူး။မေးလ်တွေလဲမပို့ချင်တော့ဘူး။အွန်လိုင်းမှာ ဖေ့ဘွတ်သုံးပြီး ပြန်မဆုံချင်တော့ပါဘူး။
တော်ပါပြီနောက်တစ်ခါ ကျောင်းမတက်တော့ဘူး။ကျောင်းကိုလဲပြန်မသွားတော့ဘူး။
စိတ်တွေက ပြတ်သားလို့ ပြန်မရတဲ့ ကျောင်းသားဘ၀ကို အလွမ်းကြီးလွမ်းနေမိတယ်။အင်းယားကန်ဘောင်မှာ ထိုင်နေရင်း ကျောင်းဝတ်စုံလေးနဲ့ ပျော်မြူးနေကြတဲ့
ကျောင်းသားလေးတွေမြင်တိုင်း မျက်ရည်ကျမတတ်ခံစားရပါတယ်။လွယ်အိတ်လေးကိုလွယ် စာအုပ်လေးကိုသယ်လို့ ... အော်....
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါလား။မထူးပါဘူး မပြောင်းလဲချင်တော့ပါဘူး။အဟောင်းကြီးပဲကောင်းပါတယ်လေ။
ဟောင်းတာလေးပဲ ကြိုက်ပါတယ်။အခုတော့ လူသစ်စိတ်သစ်ဖြစ်ဖို့ ကျွန်တော်မကြိုးစားချင်တော့ဘူး။
အောင်မြင်နေတုန်းမှာ လဲကျသွားတတ်တဲ့ လောကကြီးရဲ့ သဘာဝကို ကျွန်တော်မလွန်ဆန်ချင်တော့ပါဘူး။
ကျောင်းနဘေး မြောင်းဘေးမှာ ချော်လဲခဲ့တုန်းက ရွှံ့တွေပေနေတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေ ရယ်မောနေတုန်းက ဒေါသဖြစ်ရကောင်းမှန်းမသိခဲ့ဘူး။
ကျွန်တော်စာကြည့်နေတုန်း စာအုပ်ကိုလွှတ်ပစ်လိုက်တဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်စိတ်ဆိုးနေတုန်းက ဒေါသဆိုတာ ရယ်စရာလေးဖြစ်ခဲ့တယ်။
အခုလဲ ပြန်တွေးတိုင်း ရယ်ချင်တယ်။ကျောင်းသားဘ၀မှာ ဘယ်မှာပျော်စရာရှိလို့လဲလို့ ကျွန်တော်တွေးမိတုန်းက ကျွန်တော်ငယ်သေးတယ်။
အတွေးလေးတွေက နုနယ်၊အရွယ်လေးတွေက ဆန်းကြယ်လို့၊ပေတေခဲ့တဲ့ ငါ့ဘ၀ အခုတော့ ပျော်စရာဆိုတာ လမ်းရှေ့မှာဖြတ်လျှောက်သွားတဲ့ အရူးတစ်ယောက်လိုဖြစ်နေပြီ။
ဒါပေမယ့် ကျွန်တော်ချစ်တဲ့ ကျောင်းတော်ရဲ့ သာယာပုံ၊ပျော်စရာကောင်းပုံလေးတွေကိုတော့ ဒီတစ်သက်မေ့လို့သွားမှာမဟုတ်ပါဘူး။
ဂစ်တာတီးတဲ့ ကောင်းမလေးနဲ့ ၊ အပြင်မထွက်တဲ့ ကောင်လေးလို ပုံပြင်ဆန်းဆန်းလေးတွေရှိခဲ့တဲ့ ကျောင်းတော်
အချိန်မရွေး လွတ်လပ်ပျော်ရွှင်စွာနဲ့ အချိန်တွေအကြာကြီးပျော်ခဲ့ရတဲ့ ကျောင်းတော်
စာတွေမရလို့ စိတ်ညစ်တဲ့အခါ မြစ်ကမ်းဘေးမှာ လေပြေလေးတွေရှုရှိုက်ရင်း နောက်တစ်ရက် ထပ်ကုန်သွားတဲ့ ကျောင်းတော်
သံလမ်းမှ အပြန်မိုးတွေမိလို့ လွယ်အိတ်ထဲမှာ ကောင်မလေးကိုပေးဖို့ရေးထားတဲ့ ရည်းစားစာလေးတွေ ရေစိုသွားတဲ့ ကျောင်းတော်
ဒီဇင်ဘာနှင်းမှုန်တွေကြားမှာ လက်တွေတုန်ရင်လို့ စာသင်ခန်းထဲမှာ စာရေးဖို့ကြိုးစားနေတုန်း အပြင်ထွက်ဖို့ပြောတဲ့ ကျောင်းတော်
ဒီကျောင်းတော်ကြီးကိုတော့ လွမ်းလို့နေမယ်။ဆွေးလို့နေမယ်။ကဗျာလေးတွေနဲ့ စာစီမယ်။ပန်းချီကားတွေနဲ့ ပုံဖော်မယ်။
ကျောင်းသီချင်းလေးတွေဆိုညည်းရင်း ကျောင်းအကြောင်းရေးထားတဲ့ စာတွေဖတ်ရင်း
ကျောင်းအကြောင်းပြောတတ်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဆည်းရင်း လွမ်းနေပါ့မယ် အမိကျောင်းတော်....
မှောင်သောမြေ
ညဦးရဲ့ မှန်ပြပြ ကြယ်လေးတွေစီကို ငေးမောရင်း
ငါ့ကမ္ဘာမှာမှောင်နေတယ်။
မှောင်နေတဲ့ လမ်းတွေပေါ်မှာ လျှောက်လှမ်းနေတုန်း
အတွေးလေးထဲမှာ ကျွန်တော်ဟာကြယ်လေးတစ်ပွင့်ဖြစ်နေလေရဲ့။
မှောင်ပါတယ်ဆိုမှ မီးကပျက်
အတွေးကနက်လို့
အိပ်မရတဲ့ ညတွေများလာတဲ့အခါ
မှောင်သွားပြန်တယ်။
ကျွန်တော်ရှင်သန်နေတဲ့ မြေကြီးပေါ်မှာ
အလင်းလေးတွေ ကျနေတုန်း
လိုက်ကောက်ဖို့ ကြိုးစားကြည့်သေးတယ်။
မှောင်နေတဲ့ လောကကြီးမှာ
မြေပြင်မှ ဝေဟင်သို့ပျံသန်းရင်း
ကျွန်တော်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်လိုက်ချင်တယ်။
လောကဓံတရားက ဆန်းကြယ်တယ်
ညတွေကမှောင်နေတယ်။
ကဗျာမဆန်တဲ့ ညအမှောင်မှာ
တစ်ယောက်တည်းလမ်းတွေလျှောက်နေတုန်း
တွေးမိတဲ့အတွေးက လေမှာမျောပါလို့
သူပျောက်သွားတာ အခုဆိုနှစ်နဲ့ကြာ
လွမ်းရသူသာ မှောင်နေတာ။
လမင်းရဲ့ငိုသံ
ခပ်တိုးတိုးလေး ကြားမိတယ်
အသံလေးက မရဲတရဲ
ဒါပေမယ့် အလင်းတော့သူပေးတယ်။
သူကျတော့ ငိုနေတယ်။
နှင်းတွေကျနေတယ်
ဆောင်းသစ်ပင်မှာ နှင်းမှုန်တွေကပ်လို့
မရဲတရဲမေးမိတော့
သူငိုသွားတယ်။
အိပ်ပါတော့ ကလေးရယ်
လမင်းကြီးကို ငေးရင်း အိပ်မက်လှလှလေးတွေမက်ပါတော့။
အမေဆိုတဲ့ သားချော့တေးလေးပြန်တမ်းလို့ လွမ်းမိတော့
လမင်းကြီးကပြောရယ် သူငိုနေတယ်တဲ့။ ။
Life is.....
Life is an opportunity,benefit from it.
Life is beauty,admire it.
Life is bliss,taste it.
Life is a dream,realize it.
Life is a challenge,meet it.
Life is a duty,complete it
Life is a game,play it.
Life is a promise,fufill it.
Life is sorrow,overcome it.
Life is a song,sing it.
Life is a struggle,accept it.
Life is a tragedy,confront it.
Life is an adventure,dare it.
Life is a luck,make it.
Life is too precious,do not destory it.
Life is life,fight for it.
ငါမှားသွားတယ်
လူ့ဘ၀က ခပ်တိုတို
ပြောကြတဲ့ စကားတွေကခပ်ပိုပို
လိုတာမရတော့ ဆင်းရဲရ
ရတာမလိုပြန်တော့ ကြောင့်ကျကြ
ငိုချင်ပြန်တော့ လိုချင်ပြန်တယ်
အချိန်တန်တော့လဲ ပြန်ခဲ့ရတယ်
မမှတ်မိတဲ့ အတိတ်ကို လွမ်းနေကြတော့
ရောက်ရာအရပ်မှာ မပျော်ကြဘူး။
ကြုံရမှာ ဖြစ်သလိုနေပြန်တော့
ကဲ့ရဲ့ကြတယ်။
စကားတွေနဲ့ စစ်တိုက်ကြတယ်။
သည်းညဉ်းခံဖို့တော့ မလွယ်ပါဘူး
ငါလဲလူထဲက လူတစ်ယောက်ပေါ့
ဒါပေမယ့် အချစ်ရှိရင် ငါပိုမှားမိတယ်။