Monday, January 16, 2012

အမေ့သို့ ရင်ဖွင့်ပေးစာ(၂)

လောကကြီးအလယ်မှာ ကျွန်တော်စရောက်တဲ့နေ့ကစပြီး ယနေ့အထိ အမေဟာ ကျွန်တော့်အတွက် မီးပြတိုက်တစ်ခုပါပဲအမေ။
တက္ကသိုလ်ကျောင်းသားဘ၀ကုန်ဆုံးလို့ ကြမ်းတမ်းတဲ့ လောကလမ်းတွေပေါ် ကျွန်တော်စရောက်တော့ အမေပေးတဲ့ မေတ္တာတရားက
ကျွန်တော့်အတွက် အရိပ်တစ်ခုဖြစ်ခဲ့အမေ။ အပူဆုံးသောကမီးတွေ၊လောဘမီးတွေ၊ဒေါသမီးတွေ လောင်ကျွမ်းနေရတဲ့အခါတိုင်း
ကျွန်တော်ဟာ လောကကြီးကိုမကျေနပ်ဘူးအမေ။ အမေကတော့ ဘယ်လိုထင်မလဲမသိဘူး ကျွန်တော်ကတော့
လောကကြီးကို တစ်ခါတစ်ခါစိတ်နာတယ်အမေ။ ကြုံရာဘ၀မှာ ပျော်အောင်နေရမယ်လို့ အမေပြောခဲ့တဲ့စကားလေးတစ်ခွန်းက
ကျွန်တော့်ကိုအများကြီးပြောင်းလဲသွားစေခဲ့တယ်။လောကမှာ လူတိုင်းမှားတတ်တယ်ဆိုတာ အခုတော့ ကျွန်တော်နားလည်သွားပါပြီအမေ။
ခက်ခဲလွန်းတဲ့ ခရီးလမ်းမှာ အန္တရာယ်တွေနင်းဖြတ်ရတဲ့အခါတိုင်း စိတ်ဓာတ်ကျတာလောက်တော့ ဘယ်သူမဆိုတွေ့ကြုံရမယ်ဆိုတာ ကျွန်တော်သိလိုက်ရပြီအမေ။
ဒါပေမယ့် လူတွေခက်တယ်အမေ။နောက်ပြီး အမေပြောဘူးတယ်လေ ဘာပဲဖြစ်ဖြစ် အမှန်ကိုအမှန်အတိုင်းရင်ဆိုရမယ် ဆိုတာလေ။
ကျွန်တော့်အတွက်တော့ အခက်ဆုံးပဲအမေ။လောကကြီးမှာ အမှန်အတိုင်းလာပြောရင် အငေါက်ခံရတယ်၊အနင်းခံရတယ်အမေ။
ဒါတွေကို ကျွန်တော်လဲ တစ်ခါတစ်လေတော့ မကျော်နိုင်တော့ဘူးအမေ။အမှားမှန်းသိရက်နဲ့ တစ်ခါတစ်ခါ ငြိမ်နေလိုက်ရတာကို
ကျွန်တော် ၀မ်းနည်းလို့မဆုံးပါဘူး။အမှန်အတိုင်းပြောရင် ဒုက္ခရောက်တော့မယ်ဆိုတာသိတော့ ကျွန်တော်အမှန်အတိုင်းပြောရမှာ၊လုပ်ရမှာကိုတောင်ကြောက်လာပြီအမေ။
ဒါတွေကို အမေသိရင် အမေချစ်တဲ့သားအတွက် အမေစိတ်နာနေမလားမသိဘူး။အမေပြောရင်လဲခံရမှာပဲအမေ တစ်ခါတစ်ခါတော့ ကျွန်တော်အမှားတွေပဲလုပ်နေမိတယ်။
အမေ့ရဲ့ မျှော်လင့်ချက်၊အမေ့ရဲ့ ရည်မှန်းချက်တွေအတွက် အလုပ်အကိုင်ကောင်းကောင်းလေးရဖို့ အမေ့သားကြိုးစားခဲ့ပါတယ်အမေ။
ဒါပေမယ့်အမေရယ် အလုပ်လုပ်တယ်ဆိုတာ ကျွန်တော့်အတွက် ဗိုက်ဖြည့်ဖို့အတွက်ပဲထင်နေခဲ့တာ။တကယ်တော့ လောကကြီးမှာ အမေ့သားဟာ
သုံးစားမရတဲ့သူပါလားဆိုတာ အမေသိရင် အမေ၀မ်းနည်းနေမှာ။ဒါတွေကိုအမေသိမှာဆိုးလို့ ခက်ခဲ့တဲ့ခရီးလမ်းတွေကြားမှာ ကျွန်တော်ဟာ
ဖြစ်သမျှကိုအံကြိတ်ပြီး သည်းညည်းခံနိုင်အောင်ကြိုစားခဲ့ရတယ်အမေ။အဖြစ်နဲ့အပျက်တွေမတူညီတဲ့ကြားက ကျွန်တော်ဟာ ညီမျှခြင်းညှိဖို့ပဲကြိုးစာခဲ့တာအမှန်ပဲအမေ။
သင်္ချာပုဒ်စာမှန်ရင် အဖြေရှိသလို လောကဓံမှာလဲ အမေးရှိရင် အဖြေရှိမယ်လို့ ကျွန်တော်ထင်ခဲ့မိတာပေါ့။ဒါပေမယ့် တချို့သောအရာတွေမှာ အမေးပဲရှိတယ် အဖြေမရှိဘူး။
တချို့သောအရာတွေမှာ အဖြေပဲရှိတယ် အမေးမရှိဘူးအမေ။ပလပ်ဖောင်းတွေပေါ်မှာ လမ်းလျှောက်နေရင်း ကျွန်တော်အလွမ်းနာကျနေကို ကျွန်တော်တစ်ယောက်တည်းသိတာပါ အမေ။
အိမ်ကနေထွက်သွားပြီးကတည်းက အားလုံးကိုမေ့ထားနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့် မေ့လို့မရပါဘူးအမေ။အချိန်ရှိတိုင်း အမေ့ကိုပဲသတိရတယ်အမေ။
ကျွန်တော်ရုံးကနေအိမ်အပြန် တံခါးဖွင့်ပြီး အိမ်ထဲဝင်တော့ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာကို တွေးမိရင်း စိတ်မကောင်းဖြစ်မိတာပေါ့အမေ။
ဒါပေမယ့်ကြာလာတော့ အသက်တွေကြီးလာတာကိုတောင် ကျွန်တော်မေ့နေပြီအမေ။ ဘာလိုလိုနဲ့ ကျွန်တော်အိမ်ကနေထွက်လာတာ တစ်နှစ်ကျော်ကြာသွားပြီအမေ။
တက္ကသိုလ်မှာပျော်ခဲ့၊ရွှင့်ခဲ့ရတာတွေနဲ့ အခုအခြေနဲ့ယှဉ်ကြည့်လိုက်တော့ တခြားစီဖြစ်သွားပြီအမေ။
အရာရာတိုင်းဟာ ကျွန်တော့်အတွက်ပျင်းရိငြီးငွေ့ဖွယ်ရာတွေဖြစ်နေပြီအမေ။ဖောက်ပြန်နေတဲ့ ရာသီဥတုတွေကြားက ချို့တဲ့စွာဖြတ်သန်းနေရတဲ့ ကျွန်တော်တို့မိသားစုထဲမှာ
အဝေးရောက်နေတဲ့ အမေ့သား အိမ်ပြန်ချင်လှပြီအမေ။မပြည့်စုံတဲ့ကြားက တိုးထွက်ခွင့်ရတဲ့ ပန်းလေးတစ်ပွင့်မို့ မလှပနိုင်တာ ဆန်းတော့မဆန်းဘူးပေါ့နော်အမေ။
ဒါတွေကိုအမေသိချင် ချစ်သားလေးအတွက်အမေ၀မ်းနည်းနေမလားမသိဘူးအမေ။ဒါပေမယ့် အခုတော့ ကျွန်တော်တဖြည်းဖြည်းရင့်ကျပ်လာပါပြီအမေ။
နာစရာရှိလဲ လွမ်းစရာနဲ့ထေ၊ကလဲ့စားမချေ ဆိုတဲ့ သဘောထားနဲ့ လောကကြီးထဲမှာ ရှင်သန်နေခဲ့ပြီအမေ။အမေဖြစ်စေချင်၊ရောက်စေချင်တဲ့ အမေ့ရဲ့ဆန္ဒတွေကို ကျွန်တော်
ဖြည့်ဆည်းဖို့ကြိုးစားနေပါပြီအမေ။

No comments: