Thursday, January 5, 2012

အမှတ်တရကျောင်းတော်...

ကွန်ပျူတာတက္ကသိုလ်ကြီးမှာ လေးနှစ်လေးမိုး အချိန်တွေကုန်ဆုံးလို့ အိမ်အပြန် လမ်းခွဲချိန်ရောက်တော့ ကျွန်တော်ပျော်နေမယ်လို့ထင်မိတယ်။
လက်တွေ့မှာတော့ ကျွန်တော့်ရှေ့မှာ လက်ပြနှုတ်လက်လို့ ပြန်သွားကြတဲ့ သူငယ်ချင်းတွေကိုငေးရင် မျက်ရည်လဲဝဲခဲ့ရတာပေါ့။
ကျွန်တော်ချစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူဖြတ်သန်းလာခဲ့တဲ့ ကုန်ဆုံးသွားခဲ့နေ့ရက်တွေလဲ အခုဆို တိမ်လိုလွင့်မျောလို့ လွမ်းရက်တွေလဲရှည်ရပြီလေ။
အတူတူကျောင်းသွား၊လမ်းသလား ဖြတ်သန်းလာခဲ့တဲ့ ကျောင်းလမ်းမအိုဟောင်းကြီးပေါ်မှာ လမ်းတွေလျှောက်ခဲ့ကြတုန်းဟာ
ကျွန်တော်ဟာ အတွေးလေးနုနယ်သေးတယ်။လွမ်းရမှာကိုတောင် သတိမရခဲ့ဘူးဖူး။ဒါပေမယ့် ဒါတွေပြန်တွေးကြည့်မှ လွမ်းစရာကောင်းမှန်းသိလာရပြီ။
အားလုံး ပြီးဆုံးသွားပြီမို့ အိမ်အပြန် ကားပေါ်ကနေ လယ်ကွင်းတွေဆီငေးရင်း နေညိုတဲ့ညနေခင်းလေးဟာ ကျွန်တော့်အတွက် ကဗျာမဆန်တော့ဘူး။
ဟိုအရင် ဒီလိုညနေခင်းတွေမှာဆို သူငယ်ချင်းတွေနဲ့အတူတူ ဈေးထဲမှာ ဈေးဝယ်ခဲ့တာတွေ၊ဆိုင်ကယ်တွေစီးခဲ့တာတွေ၊သီချင်းတွေအော်ဆိုရင်းနဲ့
စာကျက်ခဲ့တာတွေ၊ ဒါတွေ ဒါတွေ အားလုံးဟာ အခုဆို အတိတ်မှာ အိပ်မောကျနေရောပေါ့။ရေးခဲ့တဲ့ ကဗျာစာအုပ်လေးတွေလှန်လျောရင်း အမှတ်တရ
ဓာတ်ပုံလေးတွေက ကျွန်တော့်ကို ပြန်ပြီးသတိရနေစေတယ်လေ။အခုတော့ ဒါတွေပြန်တွေးမိလို့ ပြန်ရေးမိတဲ့ ကျောင်းအကြောင်းတွေလဲ အပ်ကြောင်းထပ်နေပြီပေါ့။
တော်ပါပြီလေး မလွမ်းချင်တော့ပါဘူး လွမ်းလွန်းလို့ ရူးများသွားမလားစိုးရိမ်နေရတယ်။ဒါပေမယ့် အချိန်တန်တော့လဲ လွမ်းမိတာပါပဲ။
ဒီတော့ လွမ်းနေရမဲ့ အတူတူ လူကြုံတွေမပါးတော့ဘူး။မေးလ်တွေလဲမပို့ချင်တော့ဘူး။အွန်လိုင်းမှာ ဖေ့ဘွတ်သုံးပြီး ပြန်မဆုံချင်တော့ပါဘူး။
တော်ပါပြီနောက်တစ်ခါ ကျောင်းမတက်တော့ဘူး။ကျောင်းကိုလဲပြန်မသွားတော့ဘူး။
စိတ်တွေက ပြတ်သားလို့ ပြန်မရတဲ့ ကျောင်းသားဘ၀ကို အလွမ်းကြီးလွမ်းနေမိတယ်။အင်းယားကန်ဘောင်မှာ ထိုင်နေရင်း ကျောင်းဝတ်စုံလေးနဲ့ ပျော်မြူးနေကြတဲ့
ကျောင်းသားလေးတွေမြင်တိုင်း မျက်ရည်ကျမတတ်ခံစားရပါတယ်။လွယ်အိတ်လေးကိုလွယ် စာအုပ်လေးကိုသယ်လို့ ... အော်....
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါလား။မထူးပါဘူး မပြောင်းလဲချင်တော့ပါဘူး။အဟောင်းကြီးပဲကောင်းပါတယ်လေ။
ဟောင်းတာလေးပဲ ကြိုက်ပါတယ်။အခုတော့ လူသစ်စိတ်သစ်ဖြစ်ဖို့ ကျွန်တော်မကြိုးစားချင်တော့ဘူး။
အောင်မြင်နေတုန်းမှာ လဲကျသွားတတ်တဲ့ လောကကြီးရဲ့ သဘာဝကို ကျွန်တော်မလွန်ဆန်ချင်တော့ပါဘူး။
ကျောင်းနဘေး မြောင်းဘေးမှာ ချော်လဲခဲ့တုန်းက ရွှံ့တွေပေနေတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေ ရယ်မောနေတုန်းက ဒေါသဖြစ်ရကောင်းမှန်းမသိခဲ့ဘူး။
ကျွန်တော်စာကြည့်နေတုန်း စာအုပ်ကိုလွှတ်ပစ်လိုက်တဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်စိတ်ဆိုးနေတုန်းက ဒေါသဆိုတာ ရယ်စရာလေးဖြစ်ခဲ့တယ်။
အခုလဲ ပြန်တွေးတိုင်း ရယ်ချင်တယ်။ကျောင်းသားဘ၀မှာ ဘယ်မှာပျော်စရာရှိလို့လဲလို့ ကျွန်တော်တွေးမိတုန်းက ကျွန်တော်ငယ်သေးတယ်။
အတွေးလေးတွေက နုနယ်၊အရွယ်လေးတွေက ဆန်းကြယ်လို့၊ပေတေခဲ့တဲ့ ငါ့ဘ၀ အခုတော့ ပျော်စရာဆိုတာ လမ်းရှေ့မှာဖြတ်လျှောက်သွားတဲ့ အရူးတစ်ယောက်လိုဖြစ်နေပြီ။
ဒါပေမယ့် ကျွန်တော်ချစ်တဲ့ ကျောင်းတော်ရဲ့ သာယာပုံ၊ပျော်စရာကောင်းပုံလေးတွေကိုတော့ ဒီတစ်သက်မေ့လို့သွားမှာမဟုတ်ပါဘူး။
ဂစ်တာတီးတဲ့ ကောင်းမလေးနဲ့ ၊ အပြင်မထွက်တဲ့ ကောင်လေးလို ပုံပြင်ဆန်းဆန်းလေးတွေရှိခဲ့တဲ့ ကျောင်းတော်
အချိန်မရွေး လွတ်လပ်ပျော်ရွှင်စွာနဲ့ အချိန်တွေအကြာကြီးပျော်ခဲ့ရတဲ့ ကျောင်းတော်
စာတွေမရလို့ စိတ်ညစ်တဲ့အခါ မြစ်ကမ်းဘေးမှာ လေပြေလေးတွေရှုရှိုက်ရင်း နောက်တစ်ရက် ထပ်ကုန်သွားတဲ့ ကျောင်းတော်
သံလမ်းမှ အပြန်မိုးတွေမိလို့ လွယ်အိတ်ထဲမှာ ကောင်မလေးကိုပေးဖို့ရေးထားတဲ့ ရည်းစားစာလေးတွေ ရေစိုသွားတဲ့ ကျောင်းတော်
ဒီဇင်ဘာနှင်းမှုန်တွေကြားမှာ လက်တွေတုန်ရင်လို့ စာသင်ခန်းထဲမှာ စာရေးဖို့ကြိုးစားနေတုန်း အပြင်ထွက်ဖို့ပြောတဲ့ ကျောင်းတော်
ဒီကျောင်းတော်ကြီးကိုတော့ လွမ်းလို့နေမယ်။ဆွေးလို့နေမယ်။ကဗျာလေးတွေနဲ့ စာစီမယ်။ပန်းချီကားတွေနဲ့ ပုံဖော်မယ်။
ကျောင်းသီချင်းလေးတွေဆိုညည်းရင်း ကျောင်းအကြောင်းရေးထားတဲ့ စာတွေဖတ်ရင်း
ကျောင်းအကြောင်းပြောတတ်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဆည်းရင်း လွမ်းနေပါ့မယ် အမိကျောင်းတော်....

No comments: