Thursday, January 26, 2012

ကျွန်တော်ချစ်သောဆောင်းနှင်းပွင့်လေးသို့...



တစ်ချိန်က ကျွန်တော်ခလုတ်တိုက်ခဲ့ဖူးသည်။
ခြေထောက်နှင့် ခလုတ်တိုက်ရင်
ခြေထောက်မှာ ဒဏ်ရာရတာပေါ့။
ကျွန်တော်ကတော့ မျက်လုံးနဲ့ ခလုတ်တိုက်လို့
နှလုံးသားမှာ ဒဏ်ရာရရှိခဲ့ရသည်။
နေ၀င်နေပါပြီလေ။
ကိုယ်လည်း ခု ပြုံးလျက်နဲ့
ငိုနေရပါတယ်...
ပြုံးလျက်နဲ့ ငိုနေရတာ
ခုဆို ကြာခဲ့ပါပြီ...

ကျွန်တော်နှင်းကိုချစ်တယ်...
ငယ်ငယ်ကများဆို ဆောင်းမနက်တွေမှာ အိပ်ရာနိုးတာနဲ့
အိမ်ရှေ့ကမြက်ခင်းလေးထဲမှာ တန်းပြေးခဲ့တာပေါ့။အဲဒီမှာ ညက
ကျထားတဲ့ နှင်းလေးတွေဟာ မြက်ပင်လေးတွေမှာ သီးပြီး
ရီးလေးခိုနေကြတယ်။ အဲဒီ နှင်းသီးလေးတွေကို လက်ညှိုးလေးနဲ့
တို့တို့ပြီး နှင်းသီးလေးတွေရဲ့ အေးမြတဲ့အရသာကို ခံစားခုံမင်ခဲ့တယ်။
နှင်းတွေဝေတဲ့ နံနက်ခင်းတိုင်းမှာ နှင်းမှုန်လေးတွေကိုတိုးဝှေ့ပြီး လမ်းလျှောက်ရတာကိုလဲ
သဘောကျနှစ်ခြိုက်မိတယ်။အေးမြတဲ့ နှင်းမှုန်လေးတွေ မျက်နှာကိုလာပြီး
ရိုက်ခတ်ကြတာကို ခေါင်းလေးမော့ပြီး အရသာခံတတ်ခဲ့တယ်။နေထွက်လာလို့
နှင်းလေးတွေ တဖြည်းဖြည်းပျောက်သွားမှာကိုလည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်
တတ်ခဲ့ပြန်တယ်။ဒါပေမယ့် နေလာတော့ နှင်းပျောက်တာ ဓမ္မတာပါ...။
ဒီလိုပါပဲ...ကျွန်တော့်ဘ၀မှာ...နေလာတော့ နှင်းပျောက်ခဲ့ရတယ်။
ကျွန်တော့်ချစ်သူဟာ နှင်းပွင့်လေးပါ။သူက နှင်းပွင့်လေးတစ်ပွင့်နဲ့တူတယ်။
နှင်းလေးလို ဖြူစင်တဲ့နှလုံးသားလေးရှိတယ်။နှင်းလေးလို ဖြူစင်တဲ့မျက်နှာ
လှလှလေးရှိတယ်။ဖြူစင်တဲ့ သူ့စိတ်ထားလေးနဲ့ သူ့မျက်နှာလေးဟာ
အလွန်ပဲလိုက်ဖက်လှပါတယ်။နှင်းကိုချစ်တဲ့ကျွန်တော် နှင်းလေးနဲ့တူတဲ့ ချစ်သူကို
နှင်းတွေအမြဲဝေနေတဲ့ မြို့လေးတစ်မြို့မှာ ဆုံဆည်းခဲ့တာပါ။
အဲဒီနေ့က ဒီဇင်ဘာ ၁ရက်နေ့....
အေးစက်တဲ့ဒီမြို့လေးထဲမှာ ကျွန်တော်နေနေခြင်းရဲ့ အကြောင်းလေးတစ်ခုရှိတယ်။
ထားပါလေ....ကျွန်တော့်ချစ်သူနှင့်ပွင့်လေးကိုစတွေ့တာ ပြောပြချင်တာပါ။
အဲဒီနေ့မှာ ခါတိုင်းနေ့တွေလို ကျွန်တော်စောစောအိပ်ရာထပြီး အပြင်ထွက်လာတဲ့အချိန်
ဈေးနားရောက်တော့ လက်ဖက်ရည်ဆိုင်ထဲဝင်လိုက်တယ်။လက်ဖက်ရည် တစ်ငုံလောက်သောက်ပြီး
ထိုင်နေဆဲမှာ ကျွန်တော့်ချစ်သူဖြစ်မယ့် နှင်းပွင့်လေးဆိုင်ထဲကိုဝင်လာတယ်။
လောကကြီးတစ်ခုလုံး အဖြူရောက်လွင်ပြင်တစ်ခုလိုဖြစ်သွားတယ်။
သူအပြုံးမှာ ကျွန်တော်သာယာနေမိတယ်။ကျွန်တော်အငေးလွန်နေတာကို သူသိသွားပြီး
မျက်နှာလေးမသာမယာနဲ့ ကျွန်တော့်ဘက်ကိုတစ်ချက်ငဲ့ကြည့်လိုက်သေးတယ်။
သူနဲ့ကျွန်တော် နှင်းတွေဝေတဲ့ဆောင်းနံနက်ခင်းတွေမှာဆို အမြဲဆုံဖြစ်ကြတယ်။
နောက်နေ့တွေ့မှာ နှင်းပွင့်လေးနဲ့ ကျွန်တော်တစ်စတစ်စကနေ သံယောဇဉ်တွယ်လို့
ချစ်တယ်ဖွင့်ပြောမိရာကနေ ချစ်သူတွေဖြစ်သွားတဲ့အထိပေါ့။
ရည်းစားဘ၀ရောက်တော့ နှင်းပွင့်လေးက ကျွန်တော့်ရင်ထဲခိုဝင်မှေးစက်လို့ အချစ်သီချင်းလေးတွေနဲ့ တေးဆိုချော့သိပ်ခဲ့ဖူးတယ်။
ညအမှောင်မှာသာတဲ့လမင်းကြီးကို အတူတူငေးမောရင်း နှင်းပွင့်လေးသူ့ကို ကျွန်တော်အရမ်းပဲချစ်မိသွားခဲ့တာပေါ့။
ကျွန်တော့်ချစ်သူနှင်းပွင့်လေးဟာ တစ်ကယ်တော့ ကျွန်တော့လို့မြက်ခင်းပေါ်က နှင်းပွင့်လေးမဟုတ်ခဲ့ဘူး။
ပင်ယံထက်နှင်းပွင့်လေးတစ်ပွင့်ပေါ့။အခြေအနေတွေကွာခြားလို့ စည်းတစ်ဖက်ခြားနေပေမယ့် သူနဲ့ကျွန်တော်ချစ်ခဲ့ကြတယ်။
မြတ်နိုးကြတယ် တန်းဖိုးထားခဲ့ကြတယ်။တကယ်တော့ ပတ်ဝန်းကျင်ဆိုတာ ဆိတ်ဆိတ်နေတာမဟုတ်ဘူး။
ဘေးစကားတွေမယုံဖို့ ကျွန်တော်အတန်တန်သတိပေးခဲ့တယ်။ဒါပေမယ့် နှင်းပွင့်လေးသူက အမြင့်မှာရောက်နေတာ့
အောက်ခြေကကျွန်တော့်ဘ၀ကိုနားမလည်ဘူး။အချစ်တစ်ခုကိုကိုးကွယ်ခဲ့ပေမယ့် အချစ်ကကယ်တင်ရှင်မဟုတ်ခဲ့ပါဘူး။
မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါမှာ မျှော်လင့်ချက်ဟာ အရောင်တွေမှိန်လို့သွားခဲ့ပြီပေါ့လေ။
အခုဆိုနှင်းပွင့်လေးဘယ်မှာလဲ နေအလာမှာကြွေကျသွားမှာကိုကြောက်နေပြီလား။
နေထွက်လာလို့
နှင်းလေးတွေ တဖြည်းဖြည်းပျောက်သွားမှာကိုလည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်
တတ်ခဲ့တဲ့ ကျွန်တော့်အချစ်တွေ၊ကျွန်တော့်ရဲ့ တန်ဖိုးထားမှုတွေ၊ အရာအားလုံးဟာ
နှင်းပွင့်လေးလို မတည်မြဲခဲ့ဘူး။အရည်ပျော်သွားတဲ့နှင်းပွင့်လေးကို ပိုင်ဆိုင်ခွင့်မရခဲ့ဘူး။
အချစ်ဆိုတာ နှင်းပွင့်လေးလိုပါပဲ နေအလာရောက်ရင်တော့ အရည်တွေပျော်ရစမြဲပါ။
ဒါပေမယ့် ကျွန်တော်ချစ်တဲ့အချစ်၊ကျွန်တော်တန်ဖိုးထားတဲ့အချစ်ကတော့
နေရောင်ခြည်ထက်လင်းလက်တယ်။နှင်းစက်လေးတွေထက်ပိုပြီးခိုင်မြဲတယ်။
အသက်ရှိသရွေ့ချစ်နေဦးမယ့် အချစ်ပါ။ဒါကိုနှင်းပွင့်လေးသိပါစေ။
နှင်းမှုန်တွေကြားမှာ တစ်ယောက်တည်းလမ်းလျှောက်နေရင်း တစ်ချိန်က ကျွန်တော့ရင်ထဲမှာနားခိုခဲ့တဲ့နှင်းပွင့်လေး
အခုတော့ ဘယ်မှာလဲ....။သူ့အချစ်ကနှင်းပွင့်လေးလို မတည်မြဲဘူး။နှင်းပွင့်လေးလို မအေးမြဘူး။
နှင်းပွင့်လေးလို သစ္စာမရှိဘူး။နှင်းပွင့်လေးလို မခိုင်မြဲဘူး။ကျွန်တော့်အချစ်က ဆောင်းနံနက်ခင်းတွေမှာ ဝေတဲ့နှင်းမှုန်လေးတွေပါ...


No comments: