Friday, March 30, 2012

စိတ်အားဖြည့်ခွန်းအားများ....

-အောင်မြင်ရန် ကုန်ကျစရိတ်သည် ဆုံးရှုံးမှုစရိတ်များထက် သက်သာနိုင်သည်။

-မိမိကိုယ်ကိုယ်မိမိ အတတ်နိုင်ဆုံးကောင်းအောင်လုပ်နိုင်မှသာ မိမိဝန်းကျင်ကိုကောင်းအောင်လုပ်နိုင်မည်။

-ရပ်မနေပါနှင့်။ခရီးမဆုံးမချင်း မရပ်လိုက်ပါနှင့်။ပန်းတိုင်ရောက်မှ အောင်မြင်မှုတွေထွေးပိုက်ပြီး အနားယူလိုက်ပါ။

-အရာရာတိုင်းသည် သူ့သဘောသူဆောင်နေသည်။သူ့သဘောနှင့်သူ့သဘာဝကို မည်သူမျှမဖျက်ဆီးနိုင်။

-အောင်မြင်မှုသည် တန်ခိုးဖြစ်သည်။



ကျွန်တော့်ချစ်သူ...

မိဘကိုသိပ်ကြောက်တဲ့
ကျွန်တော့်ချစ်သူ...
ကျွန်တော့်ကိုပစ်ခွါပြီး
ဘ၀သစ်မှာ နေပျော်တဲ့
ကျွန်တော့်ချစ်သူ...
ရွှင်ပြုံးပျော်ရွှင်စွာနဲ့
တည်ကြည်လွန်းတာ
ကျွန်တော့်ချစ်သူ...
ဂစ်တာတီးလာရင်
သီချင်းတွေအကျယ်ကြီးဖွင့်တာ
ကျွန်တော့်ချစ်သူ...
လမ်းတွေ့ရင် နှုတ်မဆက်နိုင်ခဲ့တာ
ကျွန်တော့်ချစ်သူ...
သံသယ မျက်လုံးတွေနဲ့
စိမ်းကားရက်စက်စွာ ညှို့နိုင်လွန်းတာ
ကျွန်တော့်ချစ်သူပါ။
ချစ်တယ်ပြောတာလဲ သူပါ
မချစ်ဘူးပြောတာလဲ   သူပါ
မခွဲဘူးပြောတာလဲ      သူပါ
ခွဲသွားတာလဲ     သူပါ...။

မမြဲပါလား....

မမျှော်လင့်ဘဲ တွေ့ခဲ့ကြတယ်။
ကြာလာတော့ လက်တွေမြဲသွားတယ်
အချိန်တန်တော့ ခွဲရပြန်တယ်
ငါလည်းပဲ တမ်းတမိတယ်။
ပြန်မဆုံနိုင်တော့မှန်း သိခဲ့ကြတယ်
ပြန်ဆုံရတော့ ပျော်သွားပြန်တယ်
အချိန်တန်တော့လည်း ခွဲရဦးမယ်။
မမြဲတဲ့ တရား ပါပဲလား။

သူ........

နေရာတကာမှာ သ၀န်တိုမှုတွေနဲ့
စိတ်ကောက်လွယ်တဲ့
ကျွန်တော့်ကို
မချစ်ဘူးဆိုတဲ့
စကားတစ်ခွန်းနဲ့
သူ.......
ဖြေသိမ့်ပေးခဲ့တာပါ။

Monday, March 19, 2012

ဘ၀မြင်ကွင်းကျယ်...


ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှသမရိုးကျအလုပ်တွေလုပ်နေရတာကို ညည်းငွေ့တတ်ကြတယ်။
တစ်ခါတစ်ခါ စိတ်ဖိစီးမှုတွေ၊စိတ်ဆင်းရဲမှုတွေနဲ့ကြုံရတဲ့အခါ အကြောင်းပြချက်တွေပေးပြီး ကိုယ်ဆင်းရဲစိတ်ဆင်းရဲခံကြတယ်။
တကယ်လို့သာ...
ဖြစ်ဖြစ်သမျှအကြောင်းမဟုတ်ပါဘူးလို့ သဘောထားနိုင်ရင် အဲဒီစိတ်ဆင်းရဲမှုတွေကနေသက်သာရာရကြမှာ အမှန်ပါပဲ။

တကယ်တော့....
လောကကြီးမှာ
ကြုံတွေ့ရမယ့်    အခက်အခဲတွေ
ရင်ဆိုင်ရမယ့်     ဒုက္ခတွေ
ဖြတ်သန်းရမယ့်  ခရီးကြမ်းတွေ
တွေ့မြင်ရမယ့်   အတားအဆီးတွေ
အနာခံရမယ့်     ဘ၀အမောတွေ
ဖြေရှင်းရမယ့်    ပြဿနာတွေ
ခံစားရမယ့်       နာကျင်မှုတွေ
ပြင်ဆင်ရမယ့်    အားနည်းချက်တွေ
ဒါတွေအားလုံးကို လက်တွေ့ကျကျရှုမြင်ပြီး
လောကဓံရဲ့ ဖိအားပေးမှုတွေအောက်ကနေ ရုန်းထွက်နိုင်ဖို့ပဲလိုတယ်။  ။

တကယ်တော့...
ဘ၀ကမသေချာတာကောင်းတယ်။ခက်ခဲတာက ပိုပြီးအဖိုးတန်တယ်။
မှားတတ်တာ သဘာဝကျတယ်။အရှုံးနဲ့ ရင်ဆိုင်ရတာ ပိုပြီးရင့်ကျပ်တယ်။
အချိန်နဲ့အမျှ တွေးနေရတာ ပိုပြီးတိုးတက်နိုင်တယ်။စာဖတ်ချိန်များလာရင် အသိဥာဏ်ရင်သန်လာမယ်။
တစ်ရက်မှာ ၄နာရီအိပ်ရုံနဲ့ အိပ်ရေးဝတယ်။ ထမင်းနှစ်နပ်စားဖို့ပဲလိုတယ်။
အပေါင်းအသင်းတွေနဲ့ စကားလက်ဆုံကျနေတာကြည်နူးစရာ။
ကူညီခွင့်ရလို့ ကူညီလိုက်ရတာ ဂုဏ်ယူစရာ။
စာအုပ်တွေကြားမှာ နစ်မွန်းရင်းနဲ့ ကမ္ဘာလှည့်လိုက်၊ မတွေ့ဘူးတဲ့သူတွေနဲ့ စကားပြောလိုက်နဲ့...
ကြည့်စမ်း...
ဘယ်လောက်ထိပျော်ဖို့ကောင်းသလဲ။အိပ်တဲ့အချိန်မှာ နှစ်နှစ်ချိုက်ချိုက်အိပ်နေရတာ ပီတိပဲ။
အိပ်မပျော်လို့ စာရေးနေရလဲ ကြည်နှုးစရာပဲ။
အချိန်တွေကုန်လို့ နှမျောနေမယ့်အစား ဘာလုပ်ရင်ကောင်းမလဲတွေး...နောက်...အလုပ်လုပ်...အဲဒါဘ၀ပဲ....
ဘ၀ဆိုတာ အဓိပ္ပါယ်ရှိရှိဖြတ်သန်းဖို့အတွက် ရှင်သန်နေတာ....
ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့ မျှော်လင့်ချက်တွေအကုန်ပျက်ဆီးသွားခဲ့ရင် ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့။
ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်ဖြစ်ကိုယ်စံရတာ ဘ၀ပဲ....
ဝေဖန်တာသူ့အလုပ် ကဲ့ရဲ့တာ သူ့အလုပ်...ကိုယ့်အလုပ်က...ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ပဲလိုတယ်။
အလုပ်လုပ်ဖို့ အင်အားရှိရမယ်။ပင်ပန်းတယ်ဆိုတာ အနားယူဖို့ အင်အားတစ်ခုပဲ။
သင်လုံခြုံတဲ့နေရာမှာ မြဲမြံကြံ့ခိုင်စွာ ရပ်တည်ခုခံပါ

နိုင်ရင်နိုင်၊ မနိုင်ရင်သေပစေလို့ ဆုံးဖြတ်ချက်ချထားပါ

ဒါဆို အသက်မသေရင် သင်ထင်ပေါ်ကျော်စောမှာသေချာတယ်။

အသက်သေခဲ့ရင်လည်း ကြယ်တာရာတွေလို တောက်ပမှာ မုချပါပဲ။


Friday, March 9, 2012

နှုတ်ဆိတ်နေသောအချစ်...



တစ်ယောက်နဲ့တစ်ယောက် ချစ်မိကြိုက်မိကြတဲ့အခါ တစ်ယောက်ကိုယ်တစ်ယောက် ကြင်နာကြတယ်။
ကြင်နာမှုတွေလွှမ်းခြုံထားတဲ့ အချစ်မှာ သံယောဇဉ်တွေလဲရှိကြတယ်။
တစ်ကိုယ်တော် အလွမ်းအဆွေးထက် နှစ်ဦးနှစ်ဖက် နားလည်မှုတွေတည်ဆောက်ပြီး
အချစ်ရဲ့ဘေးမှာ အတူလက်တွဲရှင်သန်ချင်ကြတယ်။ဒါပေမယ့်...အချစ်ဆိုတာ....
တွေးကြည့်ရုံနဲ့ အိမ်မက်လှလှတွေမက်ခွင့်မပေးတတ်ဘူး။ကဗျာဆန်ဆန် ခွဲခွါခြင်းမျိုးမဟုတ်ပေမယ့်
ပြန်တွေးရင် ပန်းလှလှလေးနွမ်းကြွေရသလိုပါပဲ။ဟုတ်တယ်။အချစ်က နှုတ်ဆိတ်နေပါတယ်။
အချစ်က စကားတွေအများကြီးမပြောတတ်ဘူး။အချစ်က ကဗျာတွေလဲမရေးတတ်ဘူး။
ဒါပေမယ့်..
စကားတွေပြောတတ်အောင်သင်ပေးတတ်တယ်။
ကဗျာတွေရေးတတ်အောင် သင်ပေးတယ်။
အချစ်နဲ့ပတ်သက်မိရင် ကဗျာတွေစာတွေရေးလို့ရပါပြီ။
ခက်တာက...အချစ်ဆိုတာ ပန်းလှလှလေးပွင့်ဖို့ အားပေးတတ်ရုံပဲပါ။
အဲဒီပန်းလေးမကြွေဖို့ မတားနိုင်ဘူး။မြေမှာခ ခဲ့ရတဲ့ပန်းလေး ကြွေနွမ်းခဲ့ရတဲ့ပန်းလေး
အခုတော့ အားအင်တွေလဲကုန်ခန်းနေပြီပေါ့။အချစ်က ပန်းလေးတစ်ပွင့်ပါပဲ။
ပန်းဆိုတာ အချိန်တန်ရင်တော့ ကြွေရမှာပါပဲ။မကြွေအောင် ဘယ်သူတားနိုင်မှာလဲ။
အမြင့်တက်ခဲ့ပေမယ့် အချိန်တန်တော့လဲ မြေကိုခရတဲ့ပန်းလေးမို့ ဘယ်သူတွေတန်ဖိုးထားဦးမှာလဲ။
အချစ်က နှုတ်ဆိတ်နေပါပြီ။စကားတွေမပြောတော့ဘူး။ကဗျာတွေမရေးတော့ဘူး။
အချစ်က ပိုလို့တောင်အထိအခိုက်မခံနိုင်တော့ဘူး။အချစ်က...အချစ်ပါပဲ။
အချစ်က နှိုင်းစရာတွေများတယ်။ဒါပေမယ့် ကျွန်တော်ယုံကြည်တဲ့အချစ်က ပေးဆပ်ခြင်းပါ။
ဘာမှပေးစရာမရှိတော့ရင်လဲ မျက်ရည်စတွေစွန်းထင်းနေတဲ့ နှလုံးသားနဲ့ရင်းပြီးရေးတဲ့ကဗျာလေးတွေနဲ့
ပေးဆပ်မှာပါ။အခုတော့ နှုတ်ဆိတ်သွားပြီ။အချစ်က နှုတ်ဆိတ်ခဲ့ပါပြီ။

ကော်ဖီသောက်တိုင်း သတိရတယ်...



အချစ်ဆိုတာကို လူတွေက အဓိပ္ပါအမျိုးမျိုးဖွင့်ကြတယ်။
တကယ်တော့ အချစ်ဆိုတာနားလည်ရခက်တယ်။
မချစ်တတ်တာပဲကောင်းတယ်လို့ လူတွေကကျွန်တော့်ကိုပြောကြတယ်။
ချစ်ရင်ပူဆွေးရတယ်၊၀မ်းနည်းရတယ်၊ကြေကွဲရတယ်တဲ့။
အရင်တုန်းက.... အချစ်ကိုမမြင်ဘူးခင်ကပေါ့....

ကျွန်တော်အချစ်နဲ့ စတွေတဲ့အချိန်တုန်းက ကျွန်တော့်အသက်၁၆နှစ်လောက်ပဲရှိဦးမယ်။
အဲဒီတုန်းက ကော်ဖီဆိုင်မှာသူငယ်ချင်းတွေနဲ့အတူတူ စကားတွေပြောနေရင်းနဲ့
ကျွန်တော်ချစ်ခဲ့တဲ့ ကောင်မလေးနဲ့စတွေ့ခဲ့တာပေါ့။
ကော်ဖီခါးခါးကြိုက်တတ်တဲ့ ကျွန်တော်က အချစ်ဆိုချိုမှကြိုက်တယ်။
ကျွန်တော်မျှော်လင့်ခဲ့သလိုပါပဲ အချစ်က ကျွန်တော့်ကိုချိုမြိန်စေခဲ့ပါတယ်။
အချစ်က ကျွန်တော့်ကိုပျော်ရွှင်စေခဲ့တယ်။ကြည်နူးစေခဲ့တယ်။
ညနေတိုင်း သူလာတဲ့လမ်းလေးကိုမျှော်ရင်းနဲ့ ကော်ဖီသောက်ရင်း သူအိမ်အပြန်အလာကိုစောင့်နေမိတာပေါ့.။
ကျွန်တော့်ဘ၀မှာ ပထမဆုံးအချစ်လို့ပြောလို့ရတဲ့ ကျွန်တော့်ချစ်သူလေးကတော့ ကော်ဖီမကြိုက်ဘူး။
စကားတွေအများကြီးမပြောတတ်ဘူး။ကျွန်တော့်အတွက်သူပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပစ္စည်းလေးကတော့
ဘောပင်လေးပါပဲ။ကျွန်တော်စာရေးဖို့အတွက်ဆိုပြီး သူပေးခဲ့တာပါ။အဲဒီဘောပင်လေးထဲကထွက်လာတဲ့ မှင်စက်လေးတွေဟာ
သူ့ကိုချစ်တဲ့ ကျွန်တော့်ရဲ့မျက်ရည်စတွေနဲ့တူခဲ့တယ်။အိမ်အပြန်မိုးချုပ်တဲ့ညတွေမှာဆို သူ့လက်ကိုတွဲပြီး နှစ်ယောက်တည်းလမ်းတွေလျှောက်ကြတယ်။
ကျွန်တော့်ခါးလေးကိုသူဖက်ထားရင်းနဲ့ ကျွန်တော်ပြောသမျှ ခေါင်းငုံးပြီးငြိမ်နေရှာတဲ့ ကျွန်တော့်ချစ်သူလေးကို ကျွန်တော်လေ...
အရမ်းပဲချစ်မိသွားတာပါ။ချစ်လွန်းလို့ဆိုပြီး သူ့အတွက် ကဗျာစာအုပ်လေးတွေ၊ကျွန်တော့်ရဲ့ ဒိုင်ယာရီိစာအုပ်လေးတွေကို လက်ဆောင်ပေးခဲ့ပါသေးတယ်။
ကျွန်တော့်အကြောင်းတွေအမြဲတွေးတတ်တဲ့သူ့ကို ကျွန်တော်အစွဲကြီး စွဲလမ်းမိခဲ့တာပါ။နောက်ပြီး သူပြောခဲ့ အချစ်စကားလေးတွေ၊အေးစက်နေတဲ့ သူ့လက်ချောင်းလေးတွေ၊
ကမ္ဘာမှာအလှဆုံးမင်းသမီးလေးတစ်ယောက်လို့တောင် ကျွန်တော်ထင်ခဲ့ပါတယ်။အချစ်က ရိုးရှင်းလေပျော်ရွှင်လေဖြစ်ခဲ့ပါတယ်။
ကျွန်တော့်ကိုအမြဲနားလည်ပေးတဲ့သူ့အချစ်ကို ကျွန်တော်အရမ်းပဲ အထင်ကြီးမိခဲ့ပါတယ်။
အချစ်က တန်ဖိုးထားလေလေ တန်ဖိုးကြီးလေလေပါပဲ။
တကယ်တမ်းလမ်းခွဲဖို့ကြုံလာတော့ သူ့အပြောတွေက၊သူ့မနောတွေက သူမှဟုတ်ရဲ့လားလို့တောင်ထင်ခဲ့ပါသေးတယ်။
လမ်းခွဲပြီးနောက်မှာ လမ်းဆက်လျှောက်ဖို့ လဲကျနေတဲ့ကျွန်တော့်ကိုသူ...အရင်လိုဂရုမစိုက်တော့ပါဘူး...။
အချစ်က ခံစားတတ်လေလေ ခံစားရလေလေပါပဲ။
တကယ်ပါ အချစ်ဆိုတဲ့အရာဟာ ဓားသွားထက်ကပျားရည်စက်လိုပါ။
ဒါပေမယ့် အဲဒီပျားရည်လေးကိုပဲ အဟုတ်ကြီးထင်ပြီး အများကြီးမျှော်လင့်မိခဲ့တာပါ။
တကယ်တော့ အချစ်ကရှတတ်တယ်။အချစ်ကဆူးနဲ့တူတယ်။
အချစ်က အပွင့်လှပေမယ့် ဆူးတတ်တဲ့ နှင်းဆီပင်လေးနဲ့တူတယ်။
မခူးတတ်ရင် ဒုက္ခရောက်တတ်တယ်။
ပန်းလှလှမဖြစ်ခဲ့ပေမယ့် ပန်းလှလှလေးလို ကျွန်တော်ကတန်ဖိုးထားခဲ့တာပါ။
နားလည်ရခက်တဲ့အချစ်မှာ မျှော်လင့်စရာတွေလဲမရှိတော့ပါဘူး။
အခုတော့ တစ်ယောက်တည်း ကော်ဖီဆိုင်လေးထဲမှာ တစ်ယောက်တည်း...အလွမ်းတွေသယ်လို့....
မင်းထားခဲ့တာ...လွမ်းဖို့သက်သက်ပဲဖြစ်နေပြီလား...
ကော်ဖီခါးခါးကြိုက်တတ်တဲ့ကျွန်တော်....အချစ်ခါးခါးတော့မလိုချင်ပါဘူး....
အချစ်က ခါးသီးလေလေ ဝေးသထက်ဝေးလေလေပါပဲ...
နောက်ဆုံးတော့ ကျွန်တော်ရလိုက်တာတစ်ခုပဲရှိတော့တယ်....
ကျွန်တော်ကော်ဖီခါးခါးလေးကိုပဲ အခုထိစွဲလမ်းသွားခဲ့တယ်။။။။
သတိရတိုင်း ကော်ဖီသောက်ရင်းနဲ့ ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်ပြီးသတိရနေပါတယ်။
ရုတ်တရက် ကော်ဖီခွက်လေးပြုတ်ကျသွားတာကိုငေးရင်းနဲ့ သူ့ကိုသတိရနေမိပါတယ်။
ဘာပဲဖြစ်ဖြစ်...ဒီလိုအလွမ်းညတွေမှာ ကော်ဖီသောက်ရင်းနဲ့ ကျွန်တော်လွမ်းရဦးမယ်.....


တစ်ခါကဆောင်း



ဆောင်းဦးမှာ ဆောင်းနှင်းတွေဝေတယ်။ဆောင်းပန်းလေးတွေပွင့်ကြတယ်။
ဆောင်းရဲ့ သင်္ကေတ အေးစက်ခြင်း၊အေးချမ်းခြင်းပဲပေါ့။
ဆောင်းရောက်တော့ ဆောင်းဦးရွက်တွေကြွေကျတယ်။
ဆောင်းဦးမှာ ရွက်နုတွေလဲဝေကြတယ်။
ပုရစ်ဖူးလေးတွေစီတွဲနေတဲ့ ရွက်နုလေးတွေထက်မှာ နှင်းစက်လေးတွေခိုးနားကြတယ်။
အေးစက်တဲ့နှင်းမှုန်လေးတွေက မျက်နှာကိုလာထိတဲ့အခါတိုင်း အရိုးထဲထိအောင်ခိုက်ခိုက်တုန်တယ်။
ဆောင်းမနက်ခင်းလေးမှာ ဆောင်းနှင်းတွေဝေတယ်။နှင်းမြူတွေနဲ့အုံ့ဆိုင်းနေတယ်။
လူမကွဲ သူမကွဲတဲ့ နှင်းမြူတွေကြားမှာ နှင်းငွေ့လေးတွေလည်နေတယ်။
နှင်းစက်နှင်းပြောက်လေးတွေ အိမ်ရှေ့ကမြက်ခင်းစိမ်းလေးမှာကျနေတာကိုမြင်တိုင်း ဆောင်းရဲ့အဓိပ္ပါယ်ကိုလေးနက်စေတယ်။
ဆောင်းကချမ်းပါတယ်။ချမ်းလွန်းလို့ နှုတ်ခမ်းတွေတောင်ပြာလာတယ်။
တိတ်တဆိတ်တိုးလာတဲ့ လေညင်းလေးနဲ့ထိတိုက်မိတဲ့အခါတိုင်း ဒူးတွေတုန်အောင်ချမ်းပါတယ်။
ဆောင်းက တိတ်ဆိတ်တယ်။ဆောင်းက လျှို့ဝှက်တတ်တယ်။
ဆောင်းနှင်းလေးတွေက ကဗျာဆန်တယ်။ဆောင်းသီချင်းလေးတွေက နားဝင်ချိုတယ်။
ဆောင်းညလေးမှာ လေညင်းလေးနဲ့အတူတူပျံ့လွင့်လာတဲ့ ညမွှေးပန်းရနံ့လေးကိုသတိရပါတယ်။
ဆောင်းနှင်းစက်လေးတွေနဲ့ ဆောင်းနှင်းပွင့်လေးတွေကိုငေးမောရင်း...
ဆောင်းအတိတ် ဆောင်းအရိပ်အောက်မှာ ဆောင်းသီချင်းလေးတွေဆိုညီးရင်း....
လွမ်းရပါတယ်....ဆွေးရပါတယ်....ကြေကွဲခဲ့ရပါတယ်။
ဆောင်းကလျှို့ဝှက်တယ် ဆောင်းအိပ်မက်တွေက ကဗျာဆန်တယ်။
ဆောင်းညလေးက ရှည်လျားပေမယ့် ဆောင်းမနက်လေးကတော့ အေးစက်ပါတယ်။
ဆောင်းကို ကျွန်တော်ချစ်တယ်။ကျွန်တော်မြတ်နိုးတယ်။ဆောင်းပြန်လေးညှင်းလေးတွေတိုက်လို့
ဆောင်းညလေးတွေကုန်လွန်ချိန်ရောက်ရင် ကျွန်တော်ဆောင်းကိုပိုပြီးချစ်မိတယ်။
ဒါပေမယ့် ဆောင်းရယ်.... ဆောင်းအကုန်...နွေကူးချိန်ရောက်လို့ ဥသြလေးတွေတေးဆိုချိန်ရောက်ရင်
ရင်မှာရှင်သန်လာတဲ့ ဆောင်းနှင်းစက်တွေကြောင့် ကိုယ်အခုတော့ ဆောင်းညရှည်တွေကြားမှာ
ဆောင်းဦးရွက်ကြွေတွေနဲ့အတူ လွင့်မျောခဲ့ပါပြီ။ဆောင်းကုန်လို့ နွေရောက်တိုင်း ဆောင်းကိုအမြဲသတိရနေမယ်နော်....ဆောင်း....