Monday, October 31, 2011

ခရီးသည်



လူတွေအားလုံး ဖြတ်သန်းသွားလာနေကြတယ်
တချို့က နားနားနေနေနေရစ်ခဲ့ကြတယ်။
တချို့က စိတ်ဓာတ်အင်အားအပြည့်နဲ့ရှေ့ကိုတိုးကြတယ်။
တချို့က နောက်မှာကျန်ရစ်တယ်။
တချို့က သူများအပေါ်ကျော်ပြီးသွားကြတယ်။
တချို့များကျတော့ ဘေးဘီဝဲယာကိုကြည့်ပြီးသွားကြတယ်။
ငါလည်းပဲ ခရီးသည်ပါ
ခရီးမဆုံးခင်အချိန်ထိ ခရီးသွားရဦးမယ်
ခရီးကအပြန်မှာ ငါ့အတွက်ဘာမှမရှိတော့ဘူး
ငါပိုင်တာလဲ တစ်ခုမှမရှိဘူး
တခြားအရာတွေပိုင်ဆိုင်ဖို့နေနေသာသာ
ငါ့ကိုယ်ငါတောင်မပိုင်ဘူး။
စိတ်သွားရာကိုယ်ပါ ကိုယ်သွားရာစိတ်ပါနဲ့
လုံးပါးပါးလာတဲ့ ဒီခရီးလမ်းက
ဘယ်တော့များအဆုံးသတ်မှာလဲ။
ဒါပေမယ့်...
ခရီးမဆုံးခင် ခရီးသွားနေရဦးမယ်။

Tuesday, October 18, 2011

အိပ်မက်မဆန်သော ဘ၀များ

နေ့စဉ်နဲ့အမျှ လှုပ်ရှားရင်းနဲ့
ဘ၀ရဲ့ အဓိပ္ပါယ်ကို ငါရှာကြည့်တယ်
လမ်းဘေးက သူတောင်းစားတို့ရဲ့ဘဝ
ပလပ်ဖောင်းတွေပေါ်က ဈေးသည်တွေရဲ့ ဘဝ
ချွေးတရွှဲရွှဲ ဖြတ်သန်းနေရတဲ့ ဆိုက်ကားသမားတွေရဲ့ ဘဝ
နေပူပူ မိုးရွာရွာ ၀မ်းရေးအတွက်
ရုန်းကန်နေရတဲ့ အလုပ်သမားတွေရဲ့ဘဝ
ပင်လယ်ပြင်က မုန်တိုင်းကိုအံတုနေရတဲ့
တံငါသည်တို့ရဲ့ ဘဝ
အားလုံး အားလုံး
လူတွေအားလုံးရဲ့ ဘ၀မှာ
ငွေရဖို့ ပန်းတိုင်ပဲ ရှိတာလား
ဒါမှမဟုတ် ဂုဏ်ရှိဖို့အတွက်လား
အကြွေးပင်လယ်ထဲက ရုန်းထွက်ဖို့အတွက်လား
အိမ်ကကလေးတွေ ကျောင်းထားပေးနိုင်ဖို့လား..
...................................................................
ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကို သူတို့ အံတုရဲတယ်
ပင်ပန်းနွမ်းနယ်မှုတွေကို သူတို့ရင်ဆိုင်ရဲတယ်
အခက်အခဲတွေကို သူတို့ကျော်ဖြတ်ရဲတယ်
စိန်ခေါ်မှုတွေကို သူတို့ လက်ခံရဲတယ်
မိသားစုအတွက် အသက်ကိုတောင်စွန့်ရဲတယ်။
..............................................................
ဒီလို ဒီလို အိပ်မက်မဆန် ခက်ခဲကြမ်းတမ်းတဲ့
လမ်းတွေပေါ်က
သူတို့လို့လူတွေအားလုံးကို လေးစားတယ်
နောက်ပြီး..
သူတို့တစ်တွေဟာ တန်ဖိုးရှိတဲ့သူတွေဖြစ်တယ်။
သူတို့ဟာ ငွေကြေးချို့တဲ့ တဲ့သူတွေဖြစ်ရင်ဖြစ်မယ်
ဒါပေမယ့်....
ဘ၀ရဲ့ အဓိပ္ပါယ်ကို နားလည်တဲ့သူတွေဖြစ်တယ်။




သူငယ်ချင်းတစ်ယောက်ရဲ့ ဒိုင်ယာရီ

ကျောင်းအကြောင်းရေးခဲ့တာတွေလည်း များလာပါပြီ။ဒီတစ်ခါလည်းကျောင်းအကြောင်းတွေပဲပြောဦးမယ်ဗျာ။
ကျွန်တော်တို့ကျောင်းမှာ ကဗျာစပ်အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖူးတယ်။ သူက အရေးအသားအရမ်းကောင်းတော့
တစ်ခါတစ်ခါ မျက်ရည်တောင်ကျမိတယ်။ သူပြောတဲ့ စကားတွေတိုင်းဟာလည်း ကဗျာတွေရွတ်နေသလိုပါပဲ။
ဒီလိုလူမျိုး ကို ဘယ်သူမှကောင်းကောင်း မသိကြပါဘူး။သူကဗျာသမား စာသမားလေးဆိုတာကိုလည်း ကျွန်တော်ကလွဲရင် ဘယ်သူမှမသိခဲ့ကြပါဘူး။
နောက်ပြီး သူက သီချင်းဆိုအရမ်းကောင်းတယ်ဗျ။ သူဆိုတဲ့သီချင်းတိုင်းကိုလည်း ကျွန်တော်ကြိုက်တယ် တစ်ခါတစ်ခါ own tune တွေလည်းပါသေးတယ်။
သူ့အကြောင်းကိုပြောရင် သူ့ခံစားချက်တွေကို မေ့ထားလို့မရပါဘူး။ သူက ခံစားချက်ကြီးတဲ့သူတစ်ယောက်ပါ။

သူ့မှာ  ချစ်ရတဲ့သူ ရှိတယ်
သူ့မှာ ကဗျာတွေရှိတယ်
သူ့မှာ ဒိုင်ယာရီလည်းရှိသေးတယ်။

ကျောင်းကပြန်လာတဲ့ အချိန်တိုင်း သူ့ဒိုင်ယာရီလေးကိုဖွင့်ပြီး ကျောင်းတုန်းက ဖြစ်ပျက်ခဲ့သမျှလေးတွေကို စာစီတော့တာပါပဲ။
စကားနည်းတဲ့လူတစ်ယောက်မှာ ပြောစရာတွေအများကြီးရှိတတ်တယ်တဲ့။ နောက်ပြီး စာသမားပေသမားတွေဟာ အများနဲ့မတူတာက တစ်ယောက်တည်း
နေရတဲ့ဘ၀ကို နှစ်သက်တယ်တဲ့။ သူစကားတွေတိုင်းမှာ ၀မ်းနည်းစရာတွေ အများကြီးပါတယ်ဗျ။
လသာတဲ့နေ့တွေဆိုရင် လမင်းကြီးကိုငေးပြီးတွေးနေတတ်တယ်။ သူဟာအများနဲ့တကယ်ကိုမတူတဲ့သူပါ။သူ့လို သူငယ်ချင်းမျိုးကို ကျွန်တော်အရင်တုန်းကရော
အခုရော မတွေ့ဘူးပါဖူး။ သူ့အကြောင်းတွေကိုများများမပြောတော့ဘူးဗျာ။ကဲ အခုကျွန်တော် သူ့ဒိုင်ယာရီထဲက အကြောင်းလေးတွေပြောတော့မယ်

xx.x.xxxx

ဒီကနေ့ အခန်းထဲက ကောင်မလေးသူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုမေးတယ် ။ နင့်မှာချစ်ရတဲ့သူရှိလားတဲ့ ။ ကျွန်တော်ဖြစ်နိုင်မယ်ဆိုရင် ရှိတယ်လို့ပြောလိုက်ချင်တာပေါ့။
ဒါပေမယ့် သူကိုယ်တိုင်က ကျွန်တော်ချစ်နေတဲ့သူဖြစ်နေတော့ ပြောဖို့ခက်တယ်ဗျာ။ ဒါ့ကြောင့်လည်း မရှိပါဘူး ဆိုတဲ့ စကားလေးနဲ့တင် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေကို
ဖြေသိမ့်ခဲ့ရတာပေါ့။
 အရင်တစ်ခေါက် ကျူတိုရီရယ်မှာတုန်းက ကျွန်တော်သူနဲ့ အတူတူ တစ်ခုံတည်းမှာ ဖြေခဲ့ရတယ်။ အဲဒီတုန်းက သူ့မျက်နှာလေးကို ခဏခဏ ခိုးကြည့်မိခဲ့တယ်။
ကျွန်တော့်ရင်ခုန်သံတွေကို သူကြားမှကြားရဲ့လားမသိဘူးဗျာ။ သူကတော့ စာပဲအဆက်မပြတ်ရေးနေတယ်။ကျောင်းဆင်းတော့ အခန်းရှေ့ကနေ ကျွန်တော်ထွက်စောင့်နေမိတယ်။
ဘာရယ်မဟုတ်ပါဘူး သူ့မျက်နှာလေးကို မြင်ချင်လွန်းလို့ပါ။ ဒါပေမယ့် ကျွန်တော့် ဆန္ဒတွေမပြည့်ဝခဲ့ပါဘူး ။သူထွက်သွားတာကို ကျွန်တော်မမြင်မိလိုက်ဘူးဗျာ။
ကျောင်းဆင်းချိန်ဆိုတော့ လူတွေများနေလို့ မသိလိုက်တာပဲဖြစ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း အဆောင်ကိုလှည့်ပြန်ခဲ့ရတယ်။
တစ်လမ်းလုံးသူ့အကြောင်းတွေပဲ တွေးနေမိတယ်။
ကျွန်တော်အဲဒီတုန်းကတည်းက သူ့ကိုချစ်မိသွားပြီဆိုတာ ကိုယ့်ကိုကိုယ် ၀န်ခံလိုက်ပါတယ်။
နောက်ရက်တွေ နောက်ရက်တွေရောက်ရင် သူ့ကိုချစ်တဲ့အကြောင်း၊လွမ်းရတဲ့အကြောင်း  ပြောရဦးမယ်(ရင်ထဲကနေ)။

အဲဒါသာကြည့်ပါတော့ သယ်ရင်းတို့ရာ သူက အဲဒီလိုပဲ။ဒါပေမယ့် သူကံကောင်းတာလား ကံမကောင်းတာလားတွေ မတွေးတတ်ဘူးဗျာ။
နောက်ပိုင်းမှာ သူ့ကောင်မလေးနဲ့ အဆင်ပြေသွားကြတယ်။သူတို့တစ်တွေ မုံရွာမြို့က ဘုရားတွေစုံအောင် အတူလှည့်ဖူးခဲ့ကြပါသေးတယ်။
အဆောင်ရောက်ရင် သူပျော်ခဲ့တဲ့အကြောင်းလေးတွေ၊သူ့ကောင်မလေးရဲ့ ချစ်စရာ့ မျက်ဝန်းလေးအကြောင်းတွေ ကျွန်တော့်ကို ခဏခဏပြောပြပါသေးတယ်။ ညအိပ်ရာဝင်တဲ့ အချိန်ထိအောင်ပဲဗျာ။
ဒါတောင်တချို့ညတွေဆိုရင် မိုးလင်းထိအောင်ပြောတယ်ဗျာ။
ဒါပေမယ့် သူကံမကောင်းဘူးဆိုတာကို ကြိုသိခဲ့ပုံမပေါ်ဘူးဗျာ။ သူ့ကောင်မလေးနဲ့သူ လမ်းခွဲရလောက်အောင်ထိ အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါတယ်။
သူတို့လမ်းခွဲသွားပုံကတော့ ကဗျာမဆန်လို့ မပြောချင်တော့ဘူးဗျာ။
ဒါပေမယ့် သူ့ကောင်မလေးကို တစ်စက်လေးမှ အပြစ်မမြင်ခဲ့ပါဘူး။ ချစ်လွန်းလို့ မမြင်တော့တာနဲ့တူတယ်။
စိတ်နဲ့မနာပေမယ့် သူ့ရင်ထဲမှာ နာကျင်ခဲ့တာကိုတော့ ကျွန်တော်သိခဲ့ရတယ်။ အဲဒါပါပဲဗျာ။
သူပြောတဲ့ သူ့ချစ်သူက အရမ်းမာနကြီးတယ်။မိုးထိအောင် အတ္တကြီးတယ်။
သူဒီလောက်ထိချစ်တာကို သူ့ချစ်သူက အသိအမှတ်မပြုနိုင်လောက်အောင် အသည်းမာတယ်နဲ့တူပါတယ်ဗျာ။
နောက်ဆုံးတော့ အချစ်စစ်နဲ့ချစ်တဲ့သူ၊ တစ်ဘ၀လုံးနဲ့ရင်းပြီး ချစ်တဲ့ သူသာ အသည်းတွေကွဲလုမတတ်ခံစားရတယ်။
တန်ဖိုးထားတတ်တဲ့သူသာ တန်ဖိုးမဲ့တဲ့သူ ဖြစ်သွားတာပါပဲ။
 ဒီဇာတ်လမ်းလေးကို သိသွားတဲ့ ဘော်ဒါတွေလည်း ကိုယ့်ကိုချစ်နေတဲ့သူရှိရင် အဲဒီလူကို  နာကျင်အောင်မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။












နိုင်ငံရေးလုပ်တယ်ဆိုတာ

ကျွန်တော်တို.က လက်ရှိအစိုးရကိုတော်လှန်နေမှ နိုင်ငံရေးလုပ်တယ်လိုထင်နေကြတာ။ တကယ်တော့အဲလိုမဟုတ်ဘူးဗျ။ လမ်ပေါ်မှာ ဆူးတစ်ချောင်းကျနေလို အခြားလူတွေဆူးမှာဆိုးလို. အမှုက်ပုံးထဲကောက်ထည့်ပေးတာဟာလည်း နိုင်ငံရေးလုပ်တာပါပဲ။ အဲဒီလိုပဲ နိုင်ငံတော်ကောင်းဖို.၊ နိုင်ငံသားတွေကောင်းဖို.ကိုယ့်ကျိုးကိုစွန်.ပြီး ဆောင်ရွက်တာဟာ ကောင်းမွန်သော နိုင်ငံရေးလုပ်ခြင်းဖြစ်တဲ့အတွက် ဘယ်သူမဆိုနိုင်ငံရေးလုပ်သင့်တယ်လို. ကျွန်တော်ကတော့ထင်တာပဲ။ ဟဲဟဲ စကားကြီးစကားကျယ်တွေ ပြောရတာမောသွားပြီ။
source: kopyaesone.co.cc

Friday, October 14, 2011

အချစ်ကဗျာ

မင်းရှေ့က အနာဂါတ်မှာ

အရေးမပါတဲ့ ငါ့အတွက်

အသုံးမကျတဲ့ မျက်ရည်တွေနဲ့

ငိုမနေနဲ့နော်....

ဖြစ်နိုင်မယ်ဆိုရင်

အပေါစားကောင်

အညံ့စားကောင်

ဆိုတဲ့ စကားတွေထက်

ပိုပြီးနာကျင်စေမယ့်

စကားလုံးတွေနဲ့

ငါ့ရင်ကိုခွဲလိုက်စမ်းပါ။

ငါအရမ်းချစ်လွန်းလို့ပါ။

ကျွန်တော့်ရဲ့မှတ်စု



ကျွန်တော်တို့မှာ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ခံယူချက်တွေ ရှိကြတယ်။ ခံယူချက်ခြင်း ဆန့်ကျင်
လာတဲ့ အခါမှာ တစ်ဘက်က နောက်တစ်ဘက်ကို လွှမ်းမိုးဖို့ ကြိုးစားလာတော့တယ်။ အဲဒီ
အချိန်မှာ နှစ်ဘက်စလုံးက ကိုယ့်ခံယူချက် ဘယ်လောက် မှန်ကန်ကြောင်း အထောက်အ
ထားတွေ ရှာတော့တယ်။ မရင့်ကျက်တဲ့ လူတွေကျ ဆန့်ကျင်နေတဲ့ ခံယူချက်အတွက်
အားနည်းချက်တွေ မရှိရှိတာ ဆွဲထုတ်တော့တာပဲ။ ငယ်ငယ်က သူငယ်ချင်း အချင်းချင်း
သဘောထား မတိုက်ဆိုင်ရင် ငယ်ကျိုးငယ်နာ ဖော်ပြီး ရန်ဖြစ်ကြတော့တာပဲ။ ငယ်ငယ်က
ကမ္ဘာကြီးကို ကိုင်လှုပ်တဲ့သူ ဖြစ်ချင်ခဲ့တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊
ကိုယ့်မြို့၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ကမ္ဘာမြေကြီး သာယာဝပြောဖို့ ဦးဆောင်နိုင်မယ့်သူ တစ်
ယောက်အနေနဲ့ ဖြစ်ချင်ခဲ့တယ်။ မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ကောင်ကင်ပေါ်က
သိကြားမင်းကို တုတ်နဲ့ ထိုးချဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ တူနေပါလားလို့ ကြီးမှ
တွေးလာမိတယ်။ ကျွန်နော်တို့ဟာ လူတစ်ယောက်နဲ့ သဘောထား မတိုက်ဆိုင်တိုင်း
အဲဒီလူကို ပြင်ခိုင်းဖို့ပဲ အမြဲ ကြိုးစားနေမိတယ်။ တစ်ဘက်လူကလဲ အဲလိုပဲ စဉ်းစားနေ
တော့ သဘောတူညီမှုဆိုတာ ရလာနိုင်ပါ့မလား။ သဘောတူညီမှု မရရင်ကော ငြိမ်းချမ်း
ပါတော့မလား။ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ကြရင်ကော။ အိမ်နီးနားချင်း ရန်ဖြစ်ကြ
ရင်ကော။ ခေါင်းဆောင်နှစ်ယောက် အာဏာလုကြရင်ကော။ နိုင်ငံအချင်းချင်း ပြဿနာ
ဖြစ်ကြရင်ကော။ စနစ်နှစ်ခု တွန်းတိုက်မိကြရင်ကော။
ငလျင်လှုပ်ရင် တိုက်တွေပြိုပြီး လူတွေသေကြလို့ တိုက်မဆောက်ဘဲ နေသင့်သလား။ နိုင်ငံ
နှစ်နိုင်ငံက လက်နက်တွေ ဖျက်သိမ်းလိုက်လို့ အဲဒီ နှစ်နိုင်ငံ ခိုက်ရန် မဖြစ်ကြတော့ဘူး
လား။ ကလေးတွေ နှစ်ယောက်ရှိရင် ရန်ဖြစ်လို့ဆိုပြီး ကလေးတစ်ယောက်တည်း နေခိုင်း
ထားသင့်သလား။ ညှိနှိုင်းမှုကို အဖြေရှာဖို့ တစ်ဘက်ဘက်က နုတ်ထွက်ပေးရမှာလား။
ခိုးဆိုး လုယက်မှုတွေအတွက် လူမိုက်တွေကို ဖမ်းဆီးသုတ်သင်ခြင်းက အဖြေလား။

ကျွန်နော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးကို သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ နေရာတစ်ခု အ
ဖြစ် ဖန်တီးချင်ကြတယ်။ တကယ်တမ်းက ကျွန်နော်တို့ ကိုယ့်ကိုယ် အရင်ပြင်ဖို့ပါ။ ကျွန်နော်
တို့ရဲ့ နှလုံးသားကို။ လောကကြီးကို မဟုတ်ပါဘူး။
ဘယ်လိုချစ်မလဲ သင်ယူမှာလား။
ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။
မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။

သူပျော်ပါစေ



အရာရာမှာ သိသလိုလိုနဲ့ မသိတတ်တဲ့ငါ့လို လူတစ်ယောက်ကို နင်နားလည်ပေးနိုင်ဖို့ လွယ်မှာမဟုတ်ဘူး။
ဘယ်အရာဖြစ်ဖြစ် တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ ငါဟာ တန်ဖိုးမရှိတဲ့သူဆိုတာ နင်အသိဆုံးဖြစ်မှာပါ။
လူတစ်ယောက်ရဲ့ တဒင်္ဂစိတ်ခံစားချက်တွေကို အထင်ကြီးပြီး ဘ၀နဲ့ရင်းပြီးချစ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ
အကြောင်းပြချက်ကင်းမဲ့စွာနဲ့ နှုတ်ဆိတ်သွားခဲ့တဲ့ နင့်ကို ငါအံသြလို့ မဆုံးပါဘူး။
အတွေးပေါင်းများစွာနဲ့ပဲ တွေးရင်း အဖြေရှာမရလောက်အောင် နင့်မေးခွန်းတွေက ခက်ခဲလွန်းပါတယ်။
အဖြေကဘာလဲ?။ နင်ဆီက ရိုးသားတဲ့ မုသားဖြူလေးတွေကို ငါကြားချင်သေးတယ်။
ငါနှုတ်ဆက်ချင်ပေမယ့် နှုတ်ဆက်ခွင့်လေးတောင်မရပါလားဆိုပြီး ၀မ်းနည်းနေသေးတယ်။
သိပ်ချစ်တယ်ဆိုတာထက် ပိုပြီးပြောလို့ရရင် ပြောလိုက်ချင်သေးတယ်။ ဒါပေမယ့်...
နင်ပျော်မှာပါ... ငါမရှိရင်....နင်ပိုပျော်မှာပါ။
အခုဆိုနင်ပေးခဲ့တဲ့ အမှတ်တရနေ့ရက်တွေက ငါ့ဘ၀အတွက် အရိပ်မည်းကြီးဖြစ်နေပြီလား။
အခုနေပြန်တွေ့ရင် ဆိုတဲ့ အတွေးမျိုးက မမျှော်လင့်ရဲတော့တဲ့ အတွေးပုံရိပ်လေးတစ်ခုဖြစ်မှာပါ။
နင်နဲ့ငါ ချစ်ခဲ့ကြတုန်းက အတူထိုင်ခဲ့တဲ့ ခုံတန်းလေးတွေ၊ အတူလျှောက်ခဲ့ကြတဲ့ မြေနီလမ်းလေးတွေဟာ
ငါ့အတွက် အထီးကျန် အလွမ်းလေးတွေပါပဲ။
မပြေလည်နိုင်တဲ့ တို့နှစ်ယောက်ရဲ့ သဘောထားတွေ၊ခံယူချက်တွေကြောင့် ပြန်ဆုံနိုင်ဖို့ဆိုတာ
ဟိုး....အဝေးကြီးမှာ ကျန်ခဲ့ပြီပေါ့နော်။
နေရာတိုင်းမှာ အသားတကျဖြစ်အောင် ငါကြိုးစားခဲ့ပေမယ့် ငါ့နှလုံးသားထဲမှာတော့ လိုအပ်ချက်လေးတစ်ခုရှိနေစဲပါ။
နင်မလိုချင်တဲ့ ငါဘ၀လေးက အခုဆို မှောင်မိုက်တဲ့ ညလေးတစ်ညဖြစ်ခဲ့ပြီပေါ့။
အနေချင်းနီးဖို့ မဖြစ်နိုင်မှန်းသိရက်နဲ့ တစ်ခါတစ်ခါ နင့်နာမည်လေးကို ငါယောင်ယောင်ပြီးခေါ်နေမိတယ်။
အခုဆို နင်လည်း ဘ၀သစ်မှာ အချစ်သစ်တွေနဲ့ပျော်နေရောပေါ့။
နင်ကံကောင်းပါတယ်။ တကယ်လည်း ကံကောင်းခဲ့ပါတယ်။
ငါမရှိရင် နင့်အတွက်ပိုကောင်းမှာပါ။ငါဆုတောင်းပေးပါတယ်။ နင်အမြဲ...ကံကောင်းပါစေလို့။

Tuesday, October 11, 2011

အရေးအကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း



"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို အဖြေ
မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ မေးလေ့
ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း အပြောခံနေရတယ်။
ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့
ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့ အဖြေပေးခဲ့ဖူး
တယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာထပ်စဉ်း
စားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"
နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။
ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ ဒီတစ်
ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက် အင်မတန်
အ ရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ ဖြစ်ရမယ်"
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။ လော
ကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့ ပြန်ပြောသွားတယ်။
ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့ ကျ
နော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့ လေ့ကျင့်ခန်း
ကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ ကြားမှာလည်း မေမေ့ကို ခဏ
ခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့ အားပေးစကားက မပြောင်းလဲခဲ့
ဘူး။
"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တွေးတတ်ခေါ်
တတ်လာတာပဲ"
တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။ အား
လုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော် ကောင်းကောင်း မှတ်မိ
တာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို နှစ်ခါပဲ မြင်ဖူးသေးတာ။
အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အ
ဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော အ
မေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို လှမ်းပြောလိုက်တယ်။
"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"
ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။ အမေးခံလိုက်ရ
တော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း ဆော့တဲ့ ဂိမ်းတစ်ခု
ပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကျနော်မျက်နှာကို အကဲခတ်
မိတဲ့ မေမေက
"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက် နေထိုင်နေ
သလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က အစိတ်အပိုင်း အတော်
များများ ကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပ
မာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့
မှတ်ကို မှတ် သားမှ ဖြစ်မယ်။"
မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ပြောလာ
တယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့ ဖုံးလွမ်းနေတာ ကျနော် သတိထားမိ
တယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက မင်းရဲ့ ပုခုံး
တွေပဲ"
"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"
"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့်
ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်
မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊ သား။ သားမှာ လုံလောက်
တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အ
ခါ ပုခုံးမှီ ပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်း
ပေးနေပါတယ်"
သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ
မဟုတ်ပါဘူး။

ပီကေကပ်သော အတွေးများစာအုပ်မှ ထုတ်နှုတ်တင်လိုက်ခြင်းဖြစ်ပါသည်။
မငိုပါနဲ့လား ချစ်သူ
ဝေးနေနေ နီးနေနေ
စည်းခြားနေတဲ့
တို့ရဲ့ ခံစားချက်တွေကြောင့်
မျက်ရည်တွေနဲ့ အစားမထိုးလိုက်ပါနဲ့လားကွယ်။
စာပန်းချီ အလှတွေနဲ့
ကဗျာတွေ သီဖွဲ့ခဲ့ပေမယ့်
မဆုံးနိုင်တဲ့ စာလုံးတွေကြောင့်
ရေးကာ စီကာပတ်ကုံးနေမိတယ်
အလွမ်းများနဲ့ ရေးတဲ့စာ...

သူငယ်ချင်းနဲ့ ပတ်သက်လာရင်

ချစ်သူက လူကို မျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီ ကျလာတဲ့ မျက်ရည်ကို သုတ်ပေးတဲ့သူဖြစ်တယ်။
သူငယ်ချင်းဆိုတာ တစ်ခါတစ်ရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊
သင့်ကို ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှယူသူ၊ သင့်ကိုပျော်ရွှင်စေချင်သူ၊
သင့်ကို ရယ်အောင် စနောက်တတ်သူ ဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်း ဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့ အရာဖြစ်တယ်။
စိတ်ထိခိုက်ချိန် ကိုယ့်ကို ရင်ဖွင့်ပါ။ နာကျင် ၀မ်းနည်းချိန် ကိုယ့်ကိုမေ့မထားနဲ့။
ဖျားနာချိန် ကိုယ့်ကို အကြောင်းကြားဖို့ သတိရပါ။
အခက်အခဲကြုံတဲ့အချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။
မျှော်လင့်ချက်မဲ့ ချိန် အနားမှာ ကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။
ပျော်ရွှင်ချိန် ကိုယ့်ကို မေ့မထားနဲ့..... သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က

"ငါတို့က  သူငယ်ချင်း"  ဆိုတာနဲ့တင် လုံလောက်သွားပါပြီ။


အချစ်နဲ့ ပတ်သက်လာရင်



ဒီထက် ပိုကောင်းတဲ့ အချစ်ရှိသေးတယ်လို့ မထင်လိုက်ပါနဲ့။
အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်က အကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှ အိမ်ထောင်ပြုလည်း ရတယ်လို့မထင်လိုက်ပါနဲ့။
အချစ်က အသက်အရွယ်ကို စောင့်နေမှာ မဟုတ်ဘူး။

အကွာအဝေးကြောင့် အချစ်ကို လက်လွှတ်ဖို့ မကြိုးစားပါနဲ့။
အချစ်က ကိုယ်နဲ့ အတူ ရထား၊ လေယာဉ်စီးလို့ ရပါတယ်။

ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွှတ်လိုက်ပါနဲ့။
အသုံးမကျတဲ့ လူကလွဲလို့ လုံ့လ၀ီရိယ ရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။

အချစ်ကိုကျေကျေနပ်နပ် ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံ တစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။

လူတစ်ယောက်ကိုမှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။

www.99sanay.com

Sunday, October 9, 2011

မိတ်ကောင်းဆွေကောင်းဆိုတာ

သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်

ထဲထဲဝင်ဝင် ရင်းနှီး၍ အတွင်းသိ အစင်းသိ ဖြစ်သောကြောင့်
ယုံယုံကြည်ကြည် စိတ်ချလက်ချ ပေါင်းသင်းနိုင်သော မိတ်ဆွေသည်
ဆွေမျိုးသားချင်းနှင့် တူ၏။ သာမန် ဆွေမျိုးတို့ထက်ပင် မြင့်မြတ်သေး၏။
ထို့ကြောင့် မြန်မာစကား၌လည်း “ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဟု
အဆိုတွင်၏။

မိတ်ဆွေကောင်း၏ကျေးဇူး

ထိုသို့ ဆွေးမျိုးအဖြစ် သတ်မှတ်သင့်သော၊ သာမန် ဆွေမျိုးများထက်ပင်
သာလွန် မြင့်မြတ်သော မိတ်ကောင်းဆွေကောင်းတို့သည် သတ္တလောကကို
ငြိမ်းချမ်းစေ၏။ ဘ၀ါဘ၀တို့ကို တိုးတက်စေ၏။
မိတ်ကောင်းဆွေကောင်းသည် ဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက်
မရှိမဖြစ် လိုအပ်သော အမှီသဟဲကောင်း ဖြစ်၏။ လောက
ငြိမ်းချမ်းသာယာရေးအတွက် အဓိကကျသော အစိတ်အပိုင်းလည်း ဖြစ်၏။

မိတ်ဆွေမည်ပုံ

မေတ္တာရှိသူ မေတ္တာသက်ဝင် ချစ်ခင်အပ်သူများသည် မိတ္တမည်၏။
သက်တူရွယ်တူသည် ၀ယသ မည်၏။
ဆိုးတူကောင်းတူ ရှိနိုင်သူများသည် သဟာယမည်၏။ အချိန်မရွေး
နေရာမရွေး ပေါ်ပေါက်လာသော အမှုကိစ္စတိုင်းကို အတူလက်တွဲ
ဆောင်ရွက်နိုင်သူများပင် ဖြစ်ကြသည်။
မိတ်ဆွေတို့၏ အပြန်အလှန် ယုံကြည်မှုသည် အချိန်ကာလကို မှီ၏။
မိတ်ဆွေစစ်တို့၏ ယုံကြည်စိတ်ချမှုသည် ကာလကြာလေ ခိုင်မြဲလေ ဖြစ်၏။
မိတ်ဆွေတုတို့သည်ကား တွေ့ဆုံခါစ အချိန်၌ စိတ်သဘောထား
ကောင်းနိုင်သော်လည်း၊ အယုတ်ဆုံးအားဖြင့်
ကောင်းဟန်ဆောင်နိုင်သော်လည်း အချိန်ကာလ ကြာလာလျှင်
သဘောဆိုး မနောဆိုးတို့ ပေါ်လာတတ်၏။

မိတ်ဆွေကောင်းမည်သည်

- ပေးနိုင်ခဲသော အရာကို ပေးစွန့်၏၊
- ပြနိုင်ခဲသော အရာကို ပြုပေး၏၊
- သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
- မိမိ၏လျှို့ဝှက်အပ်သော ကိစ္စကိုပင် မိတ်ဆွေအား မလျှို့ဝှက်၊
- မိတ်ဆွေ၏ လျှို့ဝှက်အပ်သော ကိစ္စကို စောင့်ထိန်း လျှို့ဝှက်ထား၏၊
- ဘေးရန်ကြုံသော်လည်း မိတ်ဆွေကို မစွန့်၊
- ဥစ္စာပျက်သော မိတ်ဆွေကိုသော်လည်း မလေးမစား မဆက်ဆံ
- ချစ်လည်း ချစ်ထိုက်၏၊ မြတ်လည်း မြတ်နိုးထိုက်၏၊
- အလေးအမြတ်လည်း ပြုထိုက်၏၊
- နှလုံးကိုလည်း ပွားစေတတ်၏၊
- ဆုံးမတတ်၏၊
- ဆုံးမမှုကို ခံယူ၏၊
- လေးနက်သော တရားစကားကို ပြောဟောတတ်၏၊
- မသင့်တော်သည့် ကိစ္စ၌ မတိုက်တွန်း

ပေးစွန့်နိုင်ခြင်း
မိတ်ဆွေကောင်းမည်သည် သူ့အတွက် သူ့အကြိုက်
အကောင်းအမွန်ဟူ၍ သိုဝှက် မထားဘဲ သူ နှစ်သက်မြတ်နိုးသော
ပစ္စည်းမျိုးကိုပင် မျှဝေပေးကမ်းနိုင်၏။

Wednesday, October 5, 2011

အချစ်ဆိုတာ

       

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ
အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကား
တွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို
သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း
သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့
မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်
တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်
ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့
အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

ပီကေကပ်သော အတွေးများစာအုပ်မှ ကူးယူတင်လိုက်ခြင်းဖြစ်ပါသည်။

ကျေးဇူးကြီးလှတဲ့ ဖေဖေ



သားဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်ကသားအတွက်တော့ အဖေဟာကုဋေကြွယ်သူဠေးကြီးပါကွာ ................

သားအတွက်ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ မင်းအတွက်အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ မင်းနေ၀င်သွားတဲ့အခါ အဖေဟာမင်းအတွက် လမင်းကြီးပါကွာ ...................

ဒါပေမဲ့သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့ နေပါကွာ .................

သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ ................

သားမင်းဟာပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ .........................

ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ .....................

သားဒီကနေ့အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ )အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ .................

သားအဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာကိုသားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့်ပေးနိုင်ပါတယ်ကွာ ...................

သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ ............ ....

မိုးသောက်လုလင်(ရာဇာ)

Tuesday, October 4, 2011

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော် နဲ့ အခုကျွန်တော်



လွန်ခဲ့တဲ့(၄)နှစ်က အိမ်ရဲ့နွေးထွေးမှုကို ကျွန်တော်မသိခဲ့ဘူး။
လေးနှစ်နောက်ပိုင်းမှာ အိမ်ရဲ့နွေးထွေးမှုကို ကျွန်တော်တောင့်တလာခဲ့ရတယ်။

လွန်ခဲ့တဲ့(၄)နှစ်က အိမ်ကထွက်သွားနိုင်ဖို့ ကျွန်တော်မျှော်လင့်ခဲ့တယ်။
အခုတော့ အဝေးကနေပြီး အိမ်ကိုပြန်နိုင်ဖို့ ကျွန်တော်မျှော်လင့်နေမိတယ်။

လွန်ခဲ့တဲ့(၄)နှစ်က အဖေအမေကို ကျွန်တော်ပြန်အော်ငေါက်ခဲ့တယ်။
အခုတော့ ကျွန်တော့်ကို ပြန်အော်ငေါက်ဖို့ မျှော်လင့်နေမိတယ်။

လွန်ခဲ့တဲ့(၄)နှစ်က ဘောလုံးကန်အပြန် ကော်ဖီဆိုင်ရှေ့ဖြတ်တော့
ဆိုင်ထဲမှာ ကောင်မလေးနဲ့မျက်နှာချင်းဆိုင်ထိုင်နေသူဟာ ကျွန်တော်ဖြစ်ချင်ခဲ့တယ်။
အခုတော့ ကော်ဖီဆိုင်ထဲထိုင်ရင်း ဆိုင်ရှေ့ဖြတ်သွားတဲ့ ဘောလုံးသမားတွေကိုကြည့်ပြီး
ကျွန်တော်လည်း သူတို့ထဲကတစ်ယောက်ဖြစ်ချင်မိတယ်။

လွန်ခဲ့တဲ့(၄)နှစ်က ကားစီးပြီးလျှောက်သွားဖို့ ကျွန်တော်အရမ်းပဲမျှော်လင့်ခဲ့တယ်။
အခုတော့ ကျွန်တော်အကြောက်ဆုံးက ကားစီးရတာပဲဖြစ်တယ်။ (ဘတ်စ်ကားစီးရတာကိုပြောတာပါ)

လွန်ခဲ့တဲ့(၄)နှစ်က အဖေအမေ၊ဆရာသမားတို့ရဲ့ သင်ကြားဆုံးမမှုကို နာခံဖို့ စာကြည့်စားပွဲဆီ ကျွန်တော်အတင်းအကျပ်ပို့ခံခဲ့ရတယ်။
အခုတော့ သူတို့ရဲ့ သင်ကြားဆုံးမမှုကို ကျွန်တော်ထပ်နာခံချင်ပေမယ့် ကျွန်တော့်အတွက် စားပွဲမရှိတော့ဘူး။

လွန်ခဲ့တဲ့(၄)နှစ်က မျက်နှာပေါ်က ရင့်ကျပ်မှုကို ကျွန်တော်ပြချင်ခဲ့တယ်။
အခုတော့ နုပျိုနေဖို့ ကျွန်တော်ကြိုးစားနေရပြီ။

လွန်ခဲ့တဲ့(၄)နှစ်က ကိုယ့်ကိုယ်ကို သစ်ပင်တစ်ပင်လို့ထင်ခဲ့တယ်။
တကယ်တော့ ကိုယ်ဟာ မြက်ပင်ဆိုတာကို အခုမှ ကျွန်တော်သဘောပေါက်ခဲ့တယ်။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်အဖြုန်းနိုင်ဆုံးအရာဟာ အချိန်ဖြစ်ခဲ့တယ်။
အခုတော့ အချိန်ကလွဲရင် ဘာမဆိုကျွန်တော်ဖြုန်းနိုင်ခဲ့တယ်။

လွန်ခဲ့တဲ့(၄)နှစ်က ဘ၀ကိုခြယ်လှယ်ကစားနိုင်ခဲ့တယ်။
အခုတော့ ဘ၀ရဲ့ခြယ်လှယ်ခြင်းကိုခံနေရတယ်။

လွန်ခဲ့တဲ့(၄)နှစ်က  ကျွန်တော့်ကို ဆေးလိပ်မသောက်ဖို့ လူတိုင်းက  အကြိမ်ကြိမ်တားဆီးခဲ့တယ်။
အခုတော့ ကျွန်တော် မသောက်ဘဲမနေနိုင်တာ ဆေးလိပ်ဖြစ်နေပြီ။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ ကျောင်းပြီးသွားဖို့ အမြဲမျှော်လင့်ခဲ့တယ်။
အခုတော့ ကျွန်တော်အမျှော်လင့်ဆုံးအရာက ကျောင်းသားတစ်ယောက်ပြန်ဖြစ်ဖို့ပဲ။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ အဆောင်ရှေ့မှာ ငုတ်တုတ်လေးထိုင်ပြီး လမင်းကြီးကို အားရပါးရ ငေးမောနေခဲ့တယ်။
အခုတော့ ငေးဖို့နေနေသာသာ လမင်းကြီးဘယ်နားမှာလဲဆိုတာတောင် မမြင်ရတာကြာရောပေါ့။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာရည်ရွယ်ထားတဲ့ပန်းတိုင်ရောက်ဖို့ပဲ အားသန်နေမိတယ်။
အခုတော့ ပန်းတိုင်ရောက်တော့လည်း အဲဒီပန်းတိုင်မှာလည်း ဘာမှမရှိပါလားဆိုတာကို နားလည်ခဲ့ရတယ်။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ အခန်းကျဉ်းလေးထဲနေရတာကို သဘောကျမိတယ်။
အခုတော့ အခန်းကျဉ်းလေးတွေကို စိတ်ကုန်နေတဲ့သူဟာ ကျွန်တော်ဖြစ်နေပြီ။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ အစ်ကိုတွေအစ်မတွေခရီးသွားဖို့ ကားဂိတ်အထိလိုက်ပို့ခဲ့ဖူးတယ်။
အခုတော့ခရီးသွားတဲ့အခါ ကားဂိတ်အထိခဏခဏလိုက်ပို့ခံနေရတာ ကျွန်တော်ဖြစ်နေပြီ။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ ကျောင်းလမ်းတွေပေါ်မှာ လမ်းလျှောက်ရတာကိုပဲ ပျင်းစရာကောင်းတယ်လို့ထင်ခဲ့မိတယ်။
အခုတော့ ကျွန်တော် အဲဒီကျောင်းလမ်းတွေပေါ်မှာ လမ်းထပ်လျှောက်ချင်နေမိတယ်။

လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ သူငယ်ချင်းတွေကို မကြာခဏလှောင်ပြောင်ခဲ့ဘူးတယ်။
အခုတော့ သူငယ်ချင်းတွေ ကျွန်တော့်ကို လှောင်ပြောင်ဖို့ပဲ တမ်းတနေမိတယ်။

နောက်ဆုံးပြောရရင်
လွန်ခဲ့တဲ့(၄)နှစ်က ပျော်စရာကောင်းတဲ့ အချစ်စစ်တစ်ခုကို ကျွန်တော်လိုချင်တပ်မက်ခဲ့မိတယ်။
အခုတော့ ကျွန်တော်မလိုချင၊်မတမ်းတချင်တော့တာ အချစ်တစ်ခုပဲရှိတော့တယ်။