Friday, February 24, 2012

နွေဦး


ရိုးတံကျဲကျဲနဲ့
အလှခြင်းပြိုင်နေတဲ့
ပင်အိုကြီးတွေ။ ။
ပင်ခြေရင်းက ရွက်ခြောက်တွေ...
ဆွေးမြေ့စွာ တွန်ကျူးနေတဲ့
ဥသြရဲ့ တေးဆိုးသံတွေ...
အော် နွေရောက်ပါပြီလား
နွေအလှ နွေညမှာ
မြူခိုးဝေတဲ့တောတောင်တွေ...
ဝေနေတဲ့ ပုရစ်ဖူးတွေ..
ပွင့်လန်းကြတဲ့ ပန်းပိတောက်တွေ...
ကျောင်းလမ်းပေါ်မှာကြွေနေတဲ့
စိန်ပန်းနီတွေ...
အားလုံး...အားလုံး....
နွေသရုပ်ကို ပန်းချီချယ်လို့
စာစီကာ သီကုံးနေမိတယ်
တိတ်ဆိတ်နေတဲ့ နွေဦးရယ်....

အလွမ်းသင့်သူ



နေသာတဲ့ မနက်ခင်းလေးမှာ
အခန်းကျဉ်းလေးရဲ့ ပြတင်းတံခါးလေးကနေ
တစ်ယောက်တည်း အလွမ်းသင့်နေတယ်။
လမိုက်ညတွေရောက်တော့လဲ
ကြယ်တွေဆီငေးမောရင်း
အလွမ်းသင့်နေမိတယ်။
တစ်ကိုယ်တည်း နေရဲပေမယ့်
တစ်ခါတစ်လေကျရင်
နှစ်ကိုယ်ပေါင်းမှ တစ်ရွက်ဖြစ်ရတဲ့
စွယ်တော်ရွက်လေးကို အားကျမိတယ်။
ရင်နှစ်လွှာချင်း ဝေးပေမယ့်
မမြင်သာ မကြင်နာတော့ရင်
အထင်အမြင်လွဲမှာကြောက်လို့
အပြင်မှာ လမ်းတွေလျှောက်ရရင်
အိမ်မှာနေရတာလောက် မပျော်နိုင်ခဲ့ဘူး။
နေရာတကာမှာ အမှတ်တရတွေများရင်
အကြိမ်ကြိမ် အခါခါလွမ်းမိလို့
နေပါစေ ထားခဲ့တော့မယ်။
အခုတော့...အလွမ်းသင့်သူတစ်ယောက်
အိမ်အပြန်မိုးတွေမိတဲ့အခါ
ကော်ဖီသောက်ရင်း အခန်းကျဉ်းလေးထဲမှာ
ကဗျာတွေရေးနေတဲ့သူပါ
တကယ်တော့ ကိုယ်ဟာ အလွမ်းသင့်ခဲ့သူတစ်ယောက်ပါ။  ။

Thursday, February 23, 2012

စေတနာသည် လူတိုင်းနှင့်တန်ပါသည်



လူတွေကပြောကြတယ်။ စေတနာဟာ လူတိုင်းနဲ့မတန်ပါ တဲ့။

သက်ရောက်မှုတိုင်းမှာ တန်ပြန်တုံ့ပြန်မှုဆိုတာ ရှိပြီးသားပါ။
စေတနာမှန်ရင် ပြန်လာပါတယ်။စေတနာကောင်းရင် အနှောင်းသေချာပါတယ်။

တကယ့်စေတနာအမှန်ဆိုတာ အဆင်ပြေမှ၊ အဆင်မပြေမှ ဆိုတာတွေနဲ့ တိုင်းတာလို့မရပါဘူး။
တကယ့်စေတနာအမှန်မှာ ကိုယ်အဆင်ပြေတဲ့အချိန်မှာလဲ စေတနာအမှန်ပဲ၊ ကိုယ်အဆင်မပြေတဲ့အချိန်မှာလဲ စေတနာမှန်နေတုန်းပဲ။
ဒါမှ တကယ့်စေတနာပါ။စေတနာဟာ ဝေဒနာနဲ့ တခြားစီပါပဲ။
တချို့ကပြောကြတယ် စေတနာဟာ ဝေဒနာဖြစ်တယ်တဲ့။
စေတနာဟာ ဝေဒနာပေးသွားတာလား။
မဖြစ်နိုင်ပါဘူး။
စေတနာဟာ ဖြူစင်ပြီးသားပါ။စေတနာရဲ့ တန်ဖိုးကိုနားမလည်လို့သာ ဝေဒနာလို့ပြောတာပါ။

လူတွေဟာ တစ်ယောက်ယောက်ရဲ့ စေတနာကြောင့်
သူတို့မှာ အခက်အခဲတွေအတားအဆီးတွေနဲ့ကြုံရတဲ့အခါတိုင်း အဲဒီစေတနာပေးသူကို ပြစ်တင်ကြတယ်။ပုတ်ခတ်ကြတယ်။
နောက်ဆုံးကျတော့လဲ သူ့ကိစ္စနဲ့သူ လျှောလျှောရှုရှုတော့ဖြစ်သွားတာပါပဲ။
ဒါပေမယ့် စေတနာက နားလည်ရခက်တယ်။
အထူးသဖြင့် စေတနာမမှန်ခဲ့ရင် ကိုယ့်အတွက်ဝေဒနာပြန်ဖြစ်တတ်တယ်။
စေတနာမှန်ပေမယ့် ဝေဒနာဖြစ်တယ်လို့ပြောကတည်းက စေတနာမမှန်သေးလို့ပါ။
စေတနာထားရာမှာ လိုအပ်ချက်လေးတွေရှိနေလို့ပါ။
စေတနာဟာ လူတိုင်းနဲ့ တန်ပါတယ်။စေတနာအမှန်ဟာ ကိုယ့်ဆီပြန်လာတတ်ပါတယ်။
ဒါပေမယ့် စောင့်မျှော်နေဖို့တော့မဟုတ်ဘူး။နောက်ပြီးစေတနာဆိုတာ ပေးဆပ်ခြင်းသက်သက်ပဲ။
တကယ့်စေတနာဟာ ရယူပိုင်ဆိုင်ဖို့မဟုတ်ဘူး။
တကယ်တော့ စေတနာဟာ စေတနာပါပဲ။စေတနာဟာ စေတနာနဲ့ပဲယှဉ်လို့ရတယ်။တခြားဘာနဲ့မှသွားမယှဉ်မိစေနဲ့။
စေတနာဟာ နဂိုကတည်းက ပေးဖို့သက်သက်ပါပဲ။




လောကဓံနှင့် လမ်းလျှောက်ထွက်ခြင်း



ပေတစ်ရာလမ်းဘေးတစ်လျှောက်က တမာပင်အိုကြီးတွေကိုငေးမောရင်း ကျွန်တော်တစ်ယောက်တည်းလမ်းလျှောက်ခဲ့တယ်။
သစ်ရွက်ခြောက်တွေနင်းမိလို့ တစ်ဖြောက်ဖြောက်မြည်တဲ့အခါတိုင်း ဘာကိုဝမ်းနည်းမိမှန်းလဲမသိဘူး။
စိုးစိတ်ကနှိုးဆွလို့ သတိမကပ်တဲ့သစ်ရွက်ခြောက်တွေကြွေတဲ့အချိန်မှာ ဥသြလေးကတေးဆိုနေတယ်။
သူဆိုတဲ့တေးသံနားဆင်လို့ ရှေ့ဆက်လျှောက်ရင်းအမှောင်လမ်းမထက်မှာ ကြယ်တွေလဲလင်းလက်လာခဲ့ပြီပေါ့။
ကျွန်တော်ဆိုးခဲ့ပါတယ်။ကံတွေလဲဆိုးခဲ့ပါတယ်။မှားခဲ့သမျှ အရာရာကို ပြန်တွေးမိတိုင်း နောင်တတွေလဲရခဲ့ပါတယ်။
ခရီးလမ်းတိုင်းမဖြောင့်ဖြူးခဲ့လို့ စိတ်ဓာတ်တွေလဲကျခဲ့ဖူးပါတယ်။
ခရီးလမ်းမှန်သမျှဟာ အစမှာတော့ကြမ်းတမ်းတာ အမှန်ပဲ။
ခရီးတိုလေးတွေသွားရင်း မိုင်ပေါင်းများစွာရှည်လျားတဲ့ ခရီးကြမ်းကြီးတွေဆီကို ဦးတည်လာရင်းနဲ့
တစ်ခါတစ်ခါ လမ်းပျောက်သွားတယ်။တစ်ခါတစ်ခါ လမ်းတစ်ဝက်လောက်ရောက်မှ လမ်းမှားနေမှန်းသိတော့တယ်။
တကယ်တော့ ခရီးဆိုတာ ကြမ်းချင်ကြမ်း ပန်းချင်ပန်းပါစေ။ပန်းတိုင်ရောက်ဖို့သာ အဓိကပါ။
ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်သွားတော့ ကိုယ့်ပန်းတိုင်မှာ ဘာတွေရှိလဲလို့ကျွန်တော်စမ်းစစ်ကြည့်မိတယ်။
အော်ပန်းတိုင်ရောက်ပြန်တော့လဲ ဘာမှမရှိသေးပါလားဆိုတဲ့ အသိကလွဲရင် ကျွန်တော်ဘာမှမရလိုက်ပါဘူး။
သေချာတာကတော့ ပန်းတိုင်ဆိုတာ တစ်တိုင်ပြီးရင် တစ်တိုင်ရှိနေဦးမှာပါ။
အရေးကြီးတာက ရပ်တန့်မနေဖို့ပဲလို့ ကိုယ့်ကိုယ်ကို အားတင်းလိုက်တယ်။
အချိန်တွေပြောင်းလို့ ရာသီစက်ဝန်းကြားမှာ လောကဓံရဲ့ အထုအဆစ်ကိုခံရင်းနဲ့ နှလုံးသားမှာ ဒဏ်ရာတွေရ၊
အထိနာတဲ့ ဒဏ်ချက်တွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဆုံးမမှုတွေကိုလဲခံရသေးတယ်။
ဘေးစကား၊အတင်းစကားတွေဘေးချိတ်လို့ ကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်လဲ သူတို့အပြော၊သူတို့မနောမှာ
ကျွန်တော်ဟာ တံတွေးခွက်ထဲပက်လက်မျောခဲ့ရတယ်။ထားလိုက်ပါလေ မုန်တိုင်းဘယ်လောက်ကြမ်းကြမ်း
မုန်တိုင်းပြီးတော့ လေပြေလာစမြဲပါ။ကျွန်တော်စောင့်နေခဲ့တယ်။ဘယ်အချိန်ကျမှ လေပြေလေညင်းလေးတွေနဲ့ ထိတွေ့ရမလဲဆိုတာ။
သိပ်ပြီးအဖိုးတန်တဲ့အချိန်တွေမှာ တန်ဖိုးရှိတဲ့အပြောတွေ၊တန်ဖိုးရှိတဲ့ စကားတွေနဲ့ ကိုယ့်တန်ဖိုးကိုယ်မြှင့်ဖို့ကြိုးစားရမယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့ဘ၀မှာ ကျွန်တော်နေတတ်သလို ကျွန်တော်နေပျော်သလိုနေနေရင်းနဲ့ ကိုယ့်ကိုယ့်ကိုဖြေသိမ့်ခဲ့ပါတယ်။
အမှားရှိရင်ခွင့်လွှတ်ဖို့ တောင်းပန်ရမယ်။
အမှန်သိရင် နားလည်ဖို့ကြိုးစားရမယ်။
လောကဓံနဲ့အတူတူကျွန်တော်ရှေ့ဆက်ဦးမယ်။....။

Friday, February 17, 2012

မယုံချင်ဘူး



ခံစားချက်တွေကို မယုံဘူး
လိမ်လည်လှည့်စားတတ်လို့...။
အချစ်ဆိုတာကို မယုံဘူး
တကယ်ယုံရင် စိုးရိမ်စရာမလိုဘူး။
သောကတွေကို မယုံရဲဘူး
ဖြစ်ဖို့မသေချာရင် မမျှော်လင့်တာပဲကောင်းပါတယ်။
စကားအကောင်းပြောတိုင်းမယုံဘူး
အကောင်းတွေပဲပြောနေတော့ အဆိုးတွေကိုမျက်ကွယ်ပြုရာကျတယ်။
အပျက်စကားတွေပြောတိုင်းလဲမယုံဘူး
စာအုပ်တွေနဲ့ ကိုးကားပြောတိုင်းလဲမယုံဘူး
ကိုယ်တွေ့ဆိုလို့လဲ မယုံဘူး
အများအမြင်ပြောလို့လဲ မယုံဘူး။
မယုံတာ ယုံတာ ကိုယ့်အပိုင်းပဲ
ဥာဏ်ရှိရင် ဆင်ခြင်တတ်တယ်
အသိရှိရင် သတိလဲရှိတယ်။
ကျွန်တော်ကတော့ သူတို့ပြောသမျှ မယုံချင်ဘူး။

ဥသြလေးငိုနေတဲ့ညနေ



ကျွန်တော်လွမ်းနေတာကို ချင်းတွင်းမြစ်ကြီးသိပါတယ်။
ကမ်းစပ်ကသဲသောင်တွေလဲသိပါတယ်။
ကမ်းနားက အုတ်ခုံလေးလဲသိပါတယ်။
မသိသေးတာက ကျွန်တော့်ချစ်သူပါ။
အခုဆို ကဗျာတွေ စာတွေရေးလို့
ကျွန်တော်လွမ်းတဲ့အကြောင်း ပြောပြရဦးမယ်။
ဝေးခဲ့ရတာ နှစ်လကြာခဲ့ပေမယ့်
မဟောင်းနွမ်းတဲ့ ချစ်ခြင်းတွေနဲ့
ပုံပြောကောင်းတဲ့သူလေး အခုတော့
ငိုနေတဲ့ ပါးပြင်မှာ မျက်ရည်တွေနဲ့စိုနေရောပေါ့။
သူမခင် စိမ်းကားရက်လို့ လွမ်းရတာကြာခဲ့ပါပြီချစ်သူ...
အပြစ်ယူတဲ့ အမုန်းစကားတွေနဲ့ သူပြောခဲ့တဲ့ အချစ်ဆုံးစကားတွေ
တွေးကြည့်လိုက်တော့ ဆန့်ကျင်ဘက်တွေနဲ့
မြင်မြင်သမျှလူတွေက ငါ့ကိုပြောနေကြပြီ
မင်းသိပ်အတာပဲ တဲ့။
ကိုယ်... အ... လို့ ကိုယ်ခံတာမှန်ပေမယ့်
ကိုယ်ချစ်လို့ ကိုယ်မပန်ရတာပါ။
ဒါတွေကို ဥသြလေးကသိတယ်။
သူတေးဆိုတဲ့ ညနေခင်းလေးက
ရွက်ခြောက်တွေလို ကြွေနေတဲ့ ငါ့အသည်းကို လှုပ်ခတ်စေခဲ့တယ်။
အခုတော့ တော်ရာမှာ နေပျော်လို့
မတော်ရာ မတန်ရာကိုလဲ မမှန်းရဲတော့ပါဘူး။
ပင်ယံအောက်က ရွက်ခြောက်လေးမို့ ငါ့ဘ၀ အမှိုက်သရိုက်လေးပါပဲ။
ငါနားလည်ပါပြီ...
ဥသြလေးကို စာနာတတ်ပါပြီ။
အခုတော့ သူဆိုတဲ့ လွမ်းတေးသီချင်းလေးက
ကျွန်တော့်ရင်ကိုထိလို့ ကွဲအက်ခဲ့တဲ့ နှလုံးသား
ကိုယ်ချင်းစာတရားတွေနဲ့ အမှန်ကိုလဲမြင်နိုင်ခဲ့ပါပြီ။

Sunday, February 12, 2012

တက္ကသိုလ်ဆိုတာ...



သူငယ်ချင်း...
တက္ကသိုလ်ဆိုတာ ဘယ်နေရာ ဘယ်လိုပုံဆံမျိုးမှာပဲရှိရှိ သူ့နှလုံးသား
သူ့ဝိညဉ်ကတော့ ကိန်းဆက်ခိုအောင်းနေတာပါပဲသူငယ်ချင်းရာ။
ခိုးအောင်းနေတဲ့ သူ့ဝိဥာဉ်နဲ့ ငါတို့နှလုံးသားတွေပေါင်းစုပြီး
အမှတ်တရဆိုတဲ့ စကားသံထွက်လာခဲ့တယ်။
အဲဒီအမှတ်တရဆိုတာ ဘာလဲ...
မင်းသိလား..သူငယ်ချင်း။

သူငယ်ချင်း...
တကယ်တော့ တက္ကသိုလ်ဆိုတာ မင်းလိုချင်တဲ့ပုံဆံ
မင်းဖြစ်ချင်တဲ့ပုံဆံအတိုင်းဖြစ်နေလို့ရှိရင်
ဘယ်လိုနေရာမျိုးမှာပဲ တက်ရတက်ရ
တက္ကသိုလ်ဆိုတာ မင်းအတွက် အမှတ်ရနေမှာပါ။
အတူတူသွားကြ လာခဲ့ကြတဲ့ ဒီနေရာလေးဟာ
မင်းအတွက် သတိရစရာနေရာလေးတွေပါ။

သူငယ်ချင်း...
မင်းတို့ ငါတို့တွေအတူရှိခဲ့ဖူးတဲ့ ကျောင်းထဲက ကျောင်းဆောင်ကြီးတွေကိုမင်းသတိရသေးရဲ့လား။
ငါတို့တစ်တွေ အိုဟောင်းနေတဲ့ ကျောင်းဆောင်တွေကြားမှာ ပျော်ခဲ့ကြ၊ဆုံခဲ့ကြတယ်လေ။
အဲဒီစဥ့်ညိုညို ၀ါဝါတွေနဲ့ ဆောက်ထားတဲ့ ကျောင်းလေးကို
မိခင်တက္ကသိုလ်ကြီးတမျှ
ချစ်ခဲ့ရ...
နေ့တိုင်း အပြေးအလွှားလာခဲ့ရ..
ဒါတွေဟာ အိပ်မက်မဟုတ်ခဲ့ဘူး သူငယ်ချင်း။
ဒါတွေတွေးပြီး မင်းလွမ်းနေမှာ...

သူငယ်ချင်း....
မင်းလိုချင်တဲ့ အနာဂါတ်ပန်းတိုင်အတွက် မင်းမှာရှေ့ဆက်ဖို့ ခွန်အားတွေရှိတယ်ဆိုတာငါသိတယ်။
ဒါပေမယ့် အမိတက္ကသိုလ်နဲ့ ခွဲခွါလာခဲ့ပြီး နောက်ပိုင်းမှာ ငါတို့ရဲ့ နှလုံးသားတွေ၊စိတ်ဓာတ်တွေကတော့
အရင်လိုပါပဲကွာ။
မျက်ရည်တွေသုတ်.... လက်ဆွဲအိတ်လေးကိုဆွဲပြီး.... ခွဲခွါသွားခဲ့ကြတဲ့ .... ငါတို့အဖြစ်တွေ...
ကားဂိတ်မှာ လက်ပြနှုတ်ဆက်လို့ အိမ်ပြန်ကြတဲ့အချိန်တုန်းက ငါနှလုံးသားမှာ မျက်ရည်တွေနဲ့ဆို့နင့်ခဲ့သေးတယ်
ဒါတွေ အားလုံးကို မမေ့လိုက်ပါနဲ့ သူငယ်ချင်း။
စိမ်းလန်းတဲ့ ကျောင်းပရ၀ုဏ်ထဲက ထင်းရူးပင်တွေ၊ ရေတမာပင်ကြီးတွေ၊ စိန်ပန်းပင်ကြီးတွေကတော့
ရာသီအလိုက် ပွင့်ဖူးလို့ အစဉ်အမြဲအားအင်တွေနဲ့ပြည့်နေဦးမှာပါ။
အခုတော့...
ပြန်လိုချင်လိုက်တာ....
ပြန်မျှော်နေရတာ...
ကြာလာတော့ လွမ်းစိတ်တွေတက်လို့...
ခွဲခွါရတာကြာပြီဖြစ်တဲ့ နေရာဟောင်းလေး
နှလုံးသားထဲက ရေးထိုးထားတဲ့ ပန်းဥယျာဉ်လေးဆီကို
တစ်နေ့တော့ ငါအရောက်လာခဲ့ဦးမယ်....

Friday, February 10, 2012

အချစ် သံသရာ



အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘူး။
ရယူလိုတဲ့အချစ်ဟာ အချစ်စစ်မဟုတ်ဘူး။
အချစ်ဆိုတာ ပေးဆပ်ခြင်းမဟုတ်ဘူး။
ပေးဆပ်နေရတဲ့အချစ်ဟာ ဘယ်တော့မှ စိတ်ကျေနပ်မှုမပေးစွမ်းနိုင်ဘူး။
အချစ်ဆိုတာ ရူးသွပ်ခြင်းမဟုတ်ဘူး။
အချစ်ဆိုတာ မျှော်လင့်လို့ရတာမဟုတ်ဘူး။
အချစ်က နက်နဲလွန်းပါတယ်။ဆန်းပြားလွန်းပါတယ်။ဒါပေမယ့် သေချာတွေးကြည့်ရင်တော့ အချစ်ကရိုးရှင်းပါတယ်။
...............................
အချစ်ဆိုတာ ချစ်တုန်းခဏပါ။မချစ်တော့အခါ၊ မချစ်နိုင်တဲ့အကြောင်းတွေပေါ်လာတဲ့အခါ အချစ်က နာကျင်စေပါတယ်။
ချစ်တုန်းတော့ ချစ်စကားကြိုက်စကားတွေ ပြောလိုက်ကြ၊ကြည်နူးလိုက်ကြပေါ့။ တကယ်အရေးကြုံလာတော့ အဲဒီကြည်နူးပျော်ရွှင်မှုတွေဟာ အလကားပဲ။
အချစ်က ထမင်းမရှိရင် ရှင်သန်လို့မရဘူး။
အချစ်က ပိုက်ဆံမရှိရင်လျှောက်လည်လို့မရဘူး။
အချစ်က ရေမသောက်ရရင် ကျေနပ်မှာမဟုတ်ဘူး။
အချစ်က အချိန်မပေးနိုင်ရင် စိတ်ရှည်သည်းခံနိုင်မှာမဟုတ်ဘူး။
အချစ်က ရိုးရှင်းတယ်ဆိုတာ လက်တွေ့ချစ်ဖူးတဲ့သူတိုင်းသိပါတယ်။ ခံစားချင်ရင် ခံစားလို့ရတယ်။
ကြည်နူးချင်ရင် ကြည်နူးခွင့်ရှိတယ်။လွတ်လပ်ပျော်ရွှင်စွာ ချစ်လို့ရတယ်။ဒါပေမယ့် "အပြုံးတစ်လှည့်အငိုတစ်လှည့်ဆိုတာ မမေ့ပါနဲ့။"
မေ့လို့မရတဲ့ချစ်သူကို မေ့ဖို့မကြိုးစားပါနဲ့။မုန်းလို့မရတဲ့ချစ်သူကိုလဲ မုန်းဖို့မကြိုးစားပါနဲ့။
ကြိုးစားလေ ခံစားရလေ ဆိုတာ အချစ်ပါပဲ။
အချစ်က အိပ်ရာဝင်ပုံပြင်တွေမပြောတတ်ဘူး။
အချစ်က မနက်စာအတွက် အဆင်သင့်လုပ်ပေးနိုင်မှာမဟုတ်ဘူး။
အချစ်က တန်ရာတန်ကြေးပေးတတ်မှာမဟုတ်ဘူး။
အချစ်ကို တန်ဖိုးထားလေလေ ကိုယ်ကတန်ဖိုးနိမ့်နိမ့်သွားလေလေပါပဲ။
အချစ်က ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအရာဖြစ်တယ်။
အချစ်က ဆွဲဆောင်အားပြင်းတယ်။
အချစ်နဲ့စတွေ့တဲ့အချိန်မျိုးမှာ အချစ်က နူးညံ့စွာနဲ့ တိုးဝင်လာတတ်တယ်။
နောက်ပြီး မြင်မြင်ခြင်းအချစ်ဆိုတာမဖြစ်နိုင်ပါဘူး။
တစ်ခါမြင်ရုံနဲ့ တစ်သက်လုံးစွဲသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
အချစ်ဆိုတာ အချိန်ကြာကြာတန်ဖိုးထားလေလေ ပိုပြီးချစ်မိလာလေလေပါပဲ။
တခဏနဲ့ ချစ်၊ တခဏနဲ့ မေ့ တယ်ဆိုတာ အချစ်မဟုတ်ပါဘူး။
အချစ်ကမြဲမြန်လေ သတ္တိရှိလေလေပါပဲ။
.
ဒီဘက်ခေတ်မှာ အချစ်စစ်မရှိဘူးလို့ လူပြောများကြတယ်။ ကျွန်တော်ဒီစကားကိုကန့်ကွက်ပါတယ်။
အချစ်စစ်မရှိဘူးလို့ ပြောတဲ့သူတွေဟာ သူတို့ကိုယ်တိုင် အချစ်စစ်ပေးရဲတဲ့သတ္တိမရှိသူတွေပါ။
တစ်နည်းအားဖြင့် သူချစ်တာပဲလိုချင်ပြီး ကိုယ်ချစ်တာမချစ်နိုင်တာကို ဂရုမစိုက်တဲ့သူတွေပါ။
အချစ်က တန်ပြန်တုံ့ပြန်မှုတွေပေးစွမ်းနိုင်တယ်။
အချစ်က တစ်ခါတစ်ခါ သ၀န်တိုတတ်တယ်။
အချစ်က နေရာတကာ နေချင်တယ်။
အချစ်က အားလုံးကိုပိုင်ဆိုင်ချင်တယ်။
အချစ်က ငိုနေသူကိုပြုံးရယ်စေတယ်။
အချစ်က ပင်လယ်ရေနဲ့တူတယ်။
အချစ်က အချစ်ပါပဲ။အချစ်ဆိုတာရှိနေသရွေ့ ချစ်ရမယ်ကြိုက်ရမယ်။နောက်ပြီး ပူပင်ရမယ်။ဝမ်းနည်းရမယ်။ပျော်ရွှင်ရမယ်။
.....လောကမှာ ရသအစုံအလင်ဆုံးပေးနိုင်တာ အချစ်တစ်ခုပဲရှိပါတယ်။ .............
ဒါ့ကြောင့် အချစ်ကိုခံစားချင်ရင် ခံစားပါ။
အချစ်ကို ပိုင်ဆိုင်ရင် ပိုင်ဆိုင်နိုင်အောင်ကြိုးစားပါ။ပေးဆပ်ချင်ရင် ပေးဆပ်နိုင်အောင်ကြိုးစားပါ။
အချစ်ကတော့ ကမ္ဘာတည်သရွေ့လည်ပတ်နေဦးမှာပါ။ဒါပေမယ့်ကမ္ဘာကြီးစောင်းနေသလို အချစ်နဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးတွေလဲ ကွဲလွဲနေဦးမှာပါ။

Tuesday, February 7, 2012

စကားပြောခြင်း



စကားကတော့ ပါးစပ်ပါတဲ့လူတိုင်းပြောတတ်ကြမှာပါ။ဒါပေမယ့် စကားဆိုတာက ပြောတိုင်းလဲမဟုတ်ဘူး။
များများပြောရင် ပြောသလို၊နည်းနည်းပြော ပြောသလို ကဲ့ရဲ့တာတွေတော့ခံရမှာပဲ။
ကျွန်တော်ကတော့ စိတ်ပါရင်ပါသလို မပါရင်မပါသလိုပဲပြောတယ်။
ကိုယ်ကျိုးမရှိဘဲ လူတစ်ယောက်ကိုကောင်းတာပြောဆိုတာဟာလဲ အဲဒီလူကို အားပေးရာမရောက်ပါဘူး။
စကားပြော ပြောပါများ စကားထဲကဇာတိပြ ဆိုသလိုပဲ စကားဆိုတာ ပြောပါများလေ ကိုယ့်အကြောင်းသူသိလေပါပဲ။
ဒီတော့ စကားမပြောဘဲနေတော့မှာလား။ဒီလိုလဲ မဟုတ်သေးပါဘူး။ လူပဲ စကားတော့ ပြောချင်မှာပေါ့။
ဒါပေမယ့် စကားပြောတဲ့အခါ စည်းမျဉ်းလေးတွေလိုက်နာပြီးပြောတာကောင်းမယ်။စည်းကျော်ရင်မကောင်းဘူးလေ။
သူ့စည်း ကိုယ့်စည်းဆိုတာထားပြီးပြောမှ စကားပြောရတာပိုကောင်းမှာပေါ့။
ဟုတ်ပါပြီ ကျွန်တော်စကားတစ်ခွန်းကိုပြောလိုက်ပါပြီတဲ့ အဲဒီစကားတစ်ခွန်းကို ကျွန်တော်တာဝန်မယူနိုင်ရင် ကျွန်တော်ဘာဖြစ်သွားမလဲ။
သိပ်ဟုတ်တာပေါ့ဗျာ ကိုယ်တိုင်လဲပြောမယ် သူပြောတာလဲနားထောင်ရမယ်။နောက်ပြီးဆွေးနွေးမယ်။
သူ့လဲ သူ့စကားကိုသူတာဝန်ယူ၊ကိုယ်လဲ ကိုယ့်စကားကို တာဝန်ယူနိုင်မှ ဆက်ဆံရေးလဲပြေပြစ်မှာပေါ့။
ဒါကြောင့် ဘာပဲပြောပြော တာဝန်ယူရဲမှပြောတာကောင်းတယ်။
ငါ့စကားနွားရဆိုသလို လုပ်နေရင်တော့ မြောင်းပုတ်ထဲမှာ ခင်ဗျားဘ၀ပက်လက်မျောပြီလို့သာမှတ်လိုက်တော့။
စကားပြောရမှာကို ကျွန်တော်အရင်တုန်းကကြောက်တယ်။ဘာ့ကြောင့်ကြောက်တာလဲဆိုတော့ ကိုယ်ပြောရမဲ့သူနဲ့ စိမ်းတာရယ်၊
နောက်ပြီး အရေးကြီးဆုံးကတော့ ကိုယ်ပြောတာအမှားပါသွားမှာကိုပါပဲ။ဒါပေမယ့် စကားပြောရင် အမှားတော့ ပါကောင်းပါနိုင်ပါတယ်။
စကားပြောသရွေ့ အမှားတွေ့နေရဦးမှာပါ။ဒါသဘာဝလေ လူ့ကျင့်ဝတ်ဆိုတာ အမှားပြောမိရင် အဲဒီအမှားကိုပြန်ပြင်ပြောရမဲ့ သတ္တိပဲ။
ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ စကားတွေပြောကြတယ်။စကားတွေထဲမှာ အတင်းတွေလဲပါမယ်။သတင်းတွေလဲပါမယ် အစုံပေါ့ဗျာ။
မွေးကတည်းကအခုချိန်ထိ စကားပြောလာပေမယ့် မတတ်သေးတာတစ်ခုပဲရှိတယ်။စကားပြောခြင်းပဲ။
မယုံဘူးလား သေချာစဉ်းစားကြည့်ပါဦး သင်စကားပြောတတ်ပြီလားဆိုတာ။တကယ်စကားပြောတတ်တယ်ဆိုရင် သင့်အနေနဲ့
သူများဝေဖန်မှာ ကဲ့ရဲ့မှာ၊စိတ်ပူမှာ ဘာမှကြောက်နေစရာမလိုတော့ပါဘူး။ဒါပေမယ့် လူ့သဘာဝ ဘာပဲပြောပြော
ပြောတာရှိရင် ကဲ့ရဲ့တာလောက်တော့ အထိုက်အလျှောက်ရှိနေမှာပါ။လူမှု့ဘ၀နယ်ပယ်မှာ စကားပြောအတတ်ပညာဟာ
အရေးပါတဲ့နေရာမှာရှိနေပါတယ်။စကားပြောပြီး မိတ်ဆွေဖွဲ့မယ်။စကားပြောပြီး မသိနားမလည်တာတွေမေးမယ်။
ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စကားပြောနေကြဦးမှာပါ။ကျွန်တော်တစ်ခုအကြံပေးလိုက်ဦးမယ်။
စကားပြောတဲ့အခါ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးပြောပေါ့။ဒါဆိုရင် စကားပြောတာအဆင်ပြေမှာပါ။
လေးစားစွာဖြင့်.....

ကြိုးစားပါဦးမည်။  ။

မျောလွင့်နေသော စိတ်ကူးအပိုင်းအစလေးများ



တစ်နေ့က လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကော်ဖီလေးသောက်နေတုန်း တစ်ယောက်တည်းတွေးနေမိတယ်။
ဘာတွေတွေးနေတာလဲဆိုတာတော့ ပြောမပြတတ်ပါဘူး။အဲဒီလိုပဲ ဘတ်စ်ကားစီးတဲ့အခါတွေးတယ်။
လမ်းလျှောက်နေတဲ့အခါ တွေးတယ်။တွေးတော့တွေးနေတယ်။ ဘာကိုတွေးမှန်းရေရေရာရာမသိဘူး။
တစ်နေ့တော့ ကျွန်တော်တစ်ယောက်တည်းလမ်းလျှောက်နေတုန်း အတွေးလေးတစ်ခုကစိုးမိုးနေလို့
ကျွန်တော်လမ်းတွေလျှောက်နေတယ်ဆိုတာပဲသိတယ် ဘယ်ကိုသွားနေတယ်ဆိုတာတောင်မသိတော့ဘူး။
အင်း အဲဒါစိတ်ကူးလား စိတ်ကူးယဉ်မိတာလားတော့မသိပါဘူး။တစ်ခါတစ်ခါ စာအုပ်ကောက်ကိုင်ပြီး တွေးချင်တာတွေးနေမိတယ်။
တစ်ခါတစ်ခါ စက်ဘီးစီးရင်း၊ဆိုင်ကယ်စီးရင်းနဲ့ တွေးချင်ရင်တွေးနေမိတာ။တွေးရတာကိုတော့ ကျွန်တော်ပျော်တယ်။
ကျွန်တော့်ဘ၀မှာ အတွေးလေးတွေနဲ့စီချယ်ထားတဲ့ စိတ်ကူးအိပ်မက်တွေရှိတယ်။
အတွေးလေးနဲ့ရေးဆွဲထားတဲ့ စာပန်းချီလေးတွေလဲရှိတယ်။
တကယ်တော့ တွေးတယ်ဆိုတာ အကြောင်းရှိလို့ပါ။အကြောင်းမရှိဘဲနဲ့ တွေးစရာဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် အကြောင်းရှိတိုင်း၊အဲဒီအကြောင်းကို သတိရတဲ့အခါတိုင်း ကျွန်တော်တို့တွေးနေကြတယ်။
အတွေးဟာ လူ့ရဲ့စိတ်ပါ။အဲဒီစိတ်ကို ကျွန်တော်တို့ ပုံပန်းသွင်ပြင်လေးတွေဖော်လိုက်တော့ စိတ်ကူးတွေဖြစ်လာတယ်။
နောက်တော့ အဲဒီစိတ်ကူးလေးကနေ မျှော်လင့်ချက်လေးတွေလဲပြည့်ဝလာတယ်။ညအိပ်ရာဝင်တော့လဲ နဖူးပေါ်လက်တင်ပြီး
တွေးချင်တာတွေးပြီးမှ အိပ်ပျော်တယ်။တွေးစရာမရှိတဲ့ဘ၀ဟာ ပျင်းစရာကောင်းတဲ့ ဘ၀ပါပဲ။
ခင်ဗျားမှာ တွေးစရာမရှိဘူးဆိုရင် ခင်ဗျားဘ၀ဟာအဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။
စဉ်းစားကြည့်စမ်းပါဦး ခင်ဗျားကမတွေးတတ်ဘူးဆိုရင် ဘယ်သူနဲ့တူသလဲဆိုတော့ လမ်းပေါ်မှာလျှောက်သွားနေတဲ့ အရူးကြီးနဲ့တူသွားပြီ။
ဒါတောင် တချို့အရူးတွေက တွေးတတ်ကြတယ်။လူတချို့ပြောကြတယ် သိပ်မတွေးနဲ့ ဂေါက်သွားဦးမယ်တဲ့။
ကျွန်တော့်အထင် အတွေးအခေါ်မရှိတဲ့သူတွေက ဂေါက်တာများပါတယ်။အတွေးမရှိရင် ဝေဖန်မှုမရှိဘူး။
ဝေဖန်မှုမရှိရင် ဆင်ခြင်သုံးသပ်မှုမရှိဘူး။ဆင်ခြင်တုံတရားကင်းမဲ့သွားရင် အရူးနဲ့တူသွားပြီလေ။
ကျွန်တော်ကတော့ တွေးရတာကိုကြိုက်တယ်။အတွေးထဲမှာ နစ်မြောနေရတာကိုပျော်တယ်။
အတွေးက အဖော်ကင်းမဲ့တဲ့အချိန်မှာ ဘေးနားမှာစကားတွေလာပြောတတ်တယ်။
လဲကျနေတဲ့အခိုက် အားပေးတတ်တယ်။အမြင့်ရောက်နေတဲ့အခိုက် သတိပေးတတ်ဘူး။
ဒါ့ကြောင့်အချိန်ရှိတိုင်းတွေးပါလို့ ပြောကြတာပေါ့။ဒါပေမယ့် ကျွန်တော်တို့က တွေးတာကိုပဲသိတာ။
အဲဒီအတွေးဟာ ကျွန်တော်တို့ကိုဘယ်လောက်ထိအကျိုးပြုမယ်ဆိုတာကိုတော့ မတွေးမိကြတာများတယ်။
ဒါ့ကြောင့်လဲ တွေးတောရင်းအချိန်မကုန်ပါစေနဲ့လို့ သတိပေးကြတာဖြစ်မှာပါ။
ဟုတ်ပါတယ် တွေးနေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် အတွေးလေးတွေက ဘ၀ကိုအများကြီးပြောင်းပေးနိုင်ပါတယ်။
ကိုယ့်ဘ၀အမြင့်ရောက်ချင်တဲ့သူရဲ့ အတွေးနဲ့၊ နိမ့်နိမ့်လေးမှာပဲရှင်သန်နေရတဲ့သူရဲ့ အတွေးနဲ့တော့ ဘယ်တူနိုင်မလဲ။
လူတစ်ကိုယ် အတွေးတစ်မျိုးရှိမှာပေါ့။တွေးတောခြင်းအားဖြင့် အကြံကောင်းညဏ်ကောင်းတွေရနိုင်တယ်။ပစ္စည်းဥစ္စာတွေတိုးပွားစေနိုင်တယ်။
အောင်မြင်တဲ့လူတိုင်းဟာ အစတုန်းကတော့အတွေးသမားတွေပါပဲ။နောက်တော့ အတွေးတွေကနေတစ်ဆင့် သူတို့တကယ်ကြိုးစားကြလို့ အောင်မြင်ကြတာပါ။
လူတချို့ကတော့ တွေးရမှာကိုတောင်ပျင်းကြတယ်။အဲဒီလူတွေဟာ ဘယ်တော့မှ သူများရှေ့မှာနေရမဲ့သူတွေမဟုတ်ဘူး။
ဘ၀ကိုဖြစ်သလိုနေမယ်၊ဖြစ်သလိုပဲရှင်သန်မယ်ဆိုတဲ့သူတွေပေါ့။ဘာပဲဖြစ်ဖြစ်သေချာမစဉ်းစားမတွေးတောဘဲ
ဘ၀ကိုဖြတ်သန်းနေကြတာ။သူတို့ဟာ ကံကြမ္မာရဲ့အဆုံးအဖြတ်ကိုခံယူထားသူတွေဖြစ်ကြတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ ဘယ်တော့မှ ကံကြမ္မာကိုဖန်တီးခွင့်မရကြဘူးပေါ့။
နိဂုံးချုပ်အနေနဲ့ အတွေးလေးတစ်ခုလူကြုံပါးလိုက်ပါရစေ...
ကျွန်တော်တွေးတယ် ဒါ့ကြောင့် ကျွန်တော်ဖြစ်တယ်။(ဆိုကရေးတီး)