Friday, October 14, 2011

သူပျော်ပါစေ



အရာရာမှာ သိသလိုလိုနဲ့ မသိတတ်တဲ့ငါ့လို လူတစ်ယောက်ကို နင်နားလည်ပေးနိုင်ဖို့ လွယ်မှာမဟုတ်ဘူး။
ဘယ်အရာဖြစ်ဖြစ် တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ ငါဟာ တန်ဖိုးမရှိတဲ့သူဆိုတာ နင်အသိဆုံးဖြစ်မှာပါ။
လူတစ်ယောက်ရဲ့ တဒင်္ဂစိတ်ခံစားချက်တွေကို အထင်ကြီးပြီး ဘ၀နဲ့ရင်းပြီးချစ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ
အကြောင်းပြချက်ကင်းမဲ့စွာနဲ့ နှုတ်ဆိတ်သွားခဲ့တဲ့ နင့်ကို ငါအံသြလို့ မဆုံးပါဘူး။
အတွေးပေါင်းများစွာနဲ့ပဲ တွေးရင်း အဖြေရှာမရလောက်အောင် နင့်မေးခွန်းတွေက ခက်ခဲလွန်းပါတယ်။
အဖြေကဘာလဲ?။ နင်ဆီက ရိုးသားတဲ့ မုသားဖြူလေးတွေကို ငါကြားချင်သေးတယ်။
ငါနှုတ်ဆက်ချင်ပေမယ့် နှုတ်ဆက်ခွင့်လေးတောင်မရပါလားဆိုပြီး ၀မ်းနည်းနေသေးတယ်။
သိပ်ချစ်တယ်ဆိုတာထက် ပိုပြီးပြောလို့ရရင် ပြောလိုက်ချင်သေးတယ်။ ဒါပေမယ့်...
နင်ပျော်မှာပါ... ငါမရှိရင်....နင်ပိုပျော်မှာပါ။
အခုဆိုနင်ပေးခဲ့တဲ့ အမှတ်တရနေ့ရက်တွေက ငါ့ဘ၀အတွက် အရိပ်မည်းကြီးဖြစ်နေပြီလား။
အခုနေပြန်တွေ့ရင် ဆိုတဲ့ အတွေးမျိုးက မမျှော်လင့်ရဲတော့တဲ့ အတွေးပုံရိပ်လေးတစ်ခုဖြစ်မှာပါ။
နင်နဲ့ငါ ချစ်ခဲ့ကြတုန်းက အတူထိုင်ခဲ့တဲ့ ခုံတန်းလေးတွေ၊ အတူလျှောက်ခဲ့ကြတဲ့ မြေနီလမ်းလေးတွေဟာ
ငါ့အတွက် အထီးကျန် အလွမ်းလေးတွေပါပဲ။
မပြေလည်နိုင်တဲ့ တို့နှစ်ယောက်ရဲ့ သဘောထားတွေ၊ခံယူချက်တွေကြောင့် ပြန်ဆုံနိုင်ဖို့ဆိုတာ
ဟိုး....အဝေးကြီးမှာ ကျန်ခဲ့ပြီပေါ့နော်။
နေရာတိုင်းမှာ အသားတကျဖြစ်အောင် ငါကြိုးစားခဲ့ပေမယ့် ငါ့နှလုံးသားထဲမှာတော့ လိုအပ်ချက်လေးတစ်ခုရှိနေစဲပါ။
နင်မလိုချင်တဲ့ ငါဘ၀လေးက အခုဆို မှောင်မိုက်တဲ့ ညလေးတစ်ညဖြစ်ခဲ့ပြီပေါ့။
အနေချင်းနီးဖို့ မဖြစ်နိုင်မှန်းသိရက်နဲ့ တစ်ခါတစ်ခါ နင့်နာမည်လေးကို ငါယောင်ယောင်ပြီးခေါ်နေမိတယ်။
အခုဆို နင်လည်း ဘ၀သစ်မှာ အချစ်သစ်တွေနဲ့ပျော်နေရောပေါ့။
နင်ကံကောင်းပါတယ်။ တကယ်လည်း ကံကောင်းခဲ့ပါတယ်။
ငါမရှိရင် နင့်အတွက်ပိုကောင်းမှာပါ။ငါဆုတောင်းပေးပါတယ်။ နင်အမြဲ...ကံကောင်းပါစေလို့။

No comments: