Tuesday, October 18, 2011

သူငယ်ချင်းတစ်ယောက်ရဲ့ ဒိုင်ယာရီ

ကျောင်းအကြောင်းရေးခဲ့တာတွေလည်း များလာပါပြီ။ဒီတစ်ခါလည်းကျောင်းအကြောင်းတွေပဲပြောဦးမယ်ဗျာ။
ကျွန်တော်တို့ကျောင်းမှာ ကဗျာစပ်အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖူးတယ်။ သူက အရေးအသားအရမ်းကောင်းတော့
တစ်ခါတစ်ခါ မျက်ရည်တောင်ကျမိတယ်။ သူပြောတဲ့ စကားတွေတိုင်းဟာလည်း ကဗျာတွေရွတ်နေသလိုပါပဲ။
ဒီလိုလူမျိုး ကို ဘယ်သူမှကောင်းကောင်း မသိကြပါဘူး။သူကဗျာသမား စာသမားလေးဆိုတာကိုလည်း ကျွန်တော်ကလွဲရင် ဘယ်သူမှမသိခဲ့ကြပါဘူး။
နောက်ပြီး သူက သီချင်းဆိုအရမ်းကောင်းတယ်ဗျ။ သူဆိုတဲ့သီချင်းတိုင်းကိုလည်း ကျွန်တော်ကြိုက်တယ် တစ်ခါတစ်ခါ own tune တွေလည်းပါသေးတယ်။
သူ့အကြောင်းကိုပြောရင် သူ့ခံစားချက်တွေကို မေ့ထားလို့မရပါဘူး။ သူက ခံစားချက်ကြီးတဲ့သူတစ်ယောက်ပါ။

သူ့မှာ  ချစ်ရတဲ့သူ ရှိတယ်
သူ့မှာ ကဗျာတွေရှိတယ်
သူ့မှာ ဒိုင်ယာရီလည်းရှိသေးတယ်။

ကျောင်းကပြန်လာတဲ့ အချိန်တိုင်း သူ့ဒိုင်ယာရီလေးကိုဖွင့်ပြီး ကျောင်းတုန်းက ဖြစ်ပျက်ခဲ့သမျှလေးတွေကို စာစီတော့တာပါပဲ။
စကားနည်းတဲ့လူတစ်ယောက်မှာ ပြောစရာတွေအများကြီးရှိတတ်တယ်တဲ့။ နောက်ပြီး စာသမားပေသမားတွေဟာ အများနဲ့မတူတာက တစ်ယောက်တည်း
နေရတဲ့ဘ၀ကို နှစ်သက်တယ်တဲ့။ သူစကားတွေတိုင်းမှာ ၀မ်းနည်းစရာတွေ အများကြီးပါတယ်ဗျ။
လသာတဲ့နေ့တွေဆိုရင် လမင်းကြီးကိုငေးပြီးတွေးနေတတ်တယ်။ သူဟာအများနဲ့တကယ်ကိုမတူတဲ့သူပါ။သူ့လို သူငယ်ချင်းမျိုးကို ကျွန်တော်အရင်တုန်းကရော
အခုရော မတွေ့ဘူးပါဖူး။ သူ့အကြောင်းတွေကိုများများမပြောတော့ဘူးဗျာ။ကဲ အခုကျွန်တော် သူ့ဒိုင်ယာရီထဲက အကြောင်းလေးတွေပြောတော့မယ်

xx.x.xxxx

ဒီကနေ့ အခန်းထဲက ကောင်မလေးသူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုမေးတယ် ။ နင့်မှာချစ်ရတဲ့သူရှိလားတဲ့ ။ ကျွန်တော်ဖြစ်နိုင်မယ်ဆိုရင် ရှိတယ်လို့ပြောလိုက်ချင်တာပေါ့။
ဒါပေမယ့် သူကိုယ်တိုင်က ကျွန်တော်ချစ်နေတဲ့သူဖြစ်နေတော့ ပြောဖို့ခက်တယ်ဗျာ။ ဒါ့ကြောင့်လည်း မရှိပါဘူး ဆိုတဲ့ စကားလေးနဲ့တင် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေကို
ဖြေသိမ့်ခဲ့ရတာပေါ့။
 အရင်တစ်ခေါက် ကျူတိုရီရယ်မှာတုန်းက ကျွန်တော်သူနဲ့ အတူတူ တစ်ခုံတည်းမှာ ဖြေခဲ့ရတယ်။ အဲဒီတုန်းက သူ့မျက်နှာလေးကို ခဏခဏ ခိုးကြည့်မိခဲ့တယ်။
ကျွန်တော့်ရင်ခုန်သံတွေကို သူကြားမှကြားရဲ့လားမသိဘူးဗျာ။ သူကတော့ စာပဲအဆက်မပြတ်ရေးနေတယ်။ကျောင်းဆင်းတော့ အခန်းရှေ့ကနေ ကျွန်တော်ထွက်စောင့်နေမိတယ်။
ဘာရယ်မဟုတ်ပါဘူး သူ့မျက်နှာလေးကို မြင်ချင်လွန်းလို့ပါ။ ဒါပေမယ့် ကျွန်တော့် ဆန္ဒတွေမပြည့်ဝခဲ့ပါဘူး ။သူထွက်သွားတာကို ကျွန်တော်မမြင်မိလိုက်ဘူးဗျာ။
ကျောင်းဆင်းချိန်ဆိုတော့ လူတွေများနေလို့ မသိလိုက်တာပဲဖြစ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း အဆောင်ကိုလှည့်ပြန်ခဲ့ရတယ်။
တစ်လမ်းလုံးသူ့အကြောင်းတွေပဲ တွေးနေမိတယ်။
ကျွန်တော်အဲဒီတုန်းကတည်းက သူ့ကိုချစ်မိသွားပြီဆိုတာ ကိုယ့်ကိုကိုယ် ၀န်ခံလိုက်ပါတယ်။
နောက်ရက်တွေ နောက်ရက်တွေရောက်ရင် သူ့ကိုချစ်တဲ့အကြောင်း၊လွမ်းရတဲ့အကြောင်း  ပြောရဦးမယ်(ရင်ထဲကနေ)။

အဲဒါသာကြည့်ပါတော့ သယ်ရင်းတို့ရာ သူက အဲဒီလိုပဲ။ဒါပေမယ့် သူကံကောင်းတာလား ကံမကောင်းတာလားတွေ မတွေးတတ်ဘူးဗျာ။
နောက်ပိုင်းမှာ သူ့ကောင်မလေးနဲ့ အဆင်ပြေသွားကြတယ်။သူတို့တစ်တွေ မုံရွာမြို့က ဘုရားတွေစုံအောင် အတူလှည့်ဖူးခဲ့ကြပါသေးတယ်။
အဆောင်ရောက်ရင် သူပျော်ခဲ့တဲ့အကြောင်းလေးတွေ၊သူ့ကောင်မလေးရဲ့ ချစ်စရာ့ မျက်ဝန်းလေးအကြောင်းတွေ ကျွန်တော့်ကို ခဏခဏပြောပြပါသေးတယ်။ ညအိပ်ရာဝင်တဲ့ အချိန်ထိအောင်ပဲဗျာ။
ဒါတောင်တချို့ညတွေဆိုရင် မိုးလင်းထိအောင်ပြောတယ်ဗျာ။
ဒါပေမယ့် သူကံမကောင်းဘူးဆိုတာကို ကြိုသိခဲ့ပုံမပေါ်ဘူးဗျာ။ သူ့ကောင်မလေးနဲ့သူ လမ်းခွဲရလောက်အောင်ထိ အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါတယ်။
သူတို့လမ်းခွဲသွားပုံကတော့ ကဗျာမဆန်လို့ မပြောချင်တော့ဘူးဗျာ။
ဒါပေမယ့် သူ့ကောင်မလေးကို တစ်စက်လေးမှ အပြစ်မမြင်ခဲ့ပါဘူး။ ချစ်လွန်းလို့ မမြင်တော့တာနဲ့တူတယ်။
စိတ်နဲ့မနာပေမယ့် သူ့ရင်ထဲမှာ နာကျင်ခဲ့တာကိုတော့ ကျွန်တော်သိခဲ့ရတယ်။ အဲဒါပါပဲဗျာ။
သူပြောတဲ့ သူ့ချစ်သူက အရမ်းမာနကြီးတယ်။မိုးထိအောင် အတ္တကြီးတယ်။
သူဒီလောက်ထိချစ်တာကို သူ့ချစ်သူက အသိအမှတ်မပြုနိုင်လောက်အောင် အသည်းမာတယ်နဲ့တူပါတယ်ဗျာ။
နောက်ဆုံးတော့ အချစ်စစ်နဲ့ချစ်တဲ့သူ၊ တစ်ဘ၀လုံးနဲ့ရင်းပြီး ချစ်တဲ့ သူသာ အသည်းတွေကွဲလုမတတ်ခံစားရတယ်။
တန်ဖိုးထားတတ်တဲ့သူသာ တန်ဖိုးမဲ့တဲ့သူ ဖြစ်သွားတာပါပဲ။
 ဒီဇာတ်လမ်းလေးကို သိသွားတဲ့ ဘော်ဒါတွေလည်း ကိုယ့်ကိုချစ်နေတဲ့သူရှိရင် အဲဒီလူကို  နာကျင်အောင်မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။












No comments: