Friday, March 9, 2012

တစ်ခါကဆောင်း



ဆောင်းဦးမှာ ဆောင်းနှင်းတွေဝေတယ်။ဆောင်းပန်းလေးတွေပွင့်ကြတယ်။
ဆောင်းရဲ့ သင်္ကေတ အေးစက်ခြင်း၊အေးချမ်းခြင်းပဲပေါ့။
ဆောင်းရောက်တော့ ဆောင်းဦးရွက်တွေကြွေကျတယ်။
ဆောင်းဦးမှာ ရွက်နုတွေလဲဝေကြတယ်။
ပုရစ်ဖူးလေးတွေစီတွဲနေတဲ့ ရွက်နုလေးတွေထက်မှာ နှင်းစက်လေးတွေခိုးနားကြတယ်။
အေးစက်တဲ့နှင်းမှုန်လေးတွေက မျက်နှာကိုလာထိတဲ့အခါတိုင်း အရိုးထဲထိအောင်ခိုက်ခိုက်တုန်တယ်။
ဆောင်းမနက်ခင်းလေးမှာ ဆောင်းနှင်းတွေဝေတယ်။နှင်းမြူတွေနဲ့အုံ့ဆိုင်းနေတယ်။
လူမကွဲ သူမကွဲတဲ့ နှင်းမြူတွေကြားမှာ နှင်းငွေ့လေးတွေလည်နေတယ်။
နှင်းစက်နှင်းပြောက်လေးတွေ အိမ်ရှေ့ကမြက်ခင်းစိမ်းလေးမှာကျနေတာကိုမြင်တိုင်း ဆောင်းရဲ့အဓိပ္ပါယ်ကိုလေးနက်စေတယ်။
ဆောင်းကချမ်းပါတယ်။ချမ်းလွန်းလို့ နှုတ်ခမ်းတွေတောင်ပြာလာတယ်။
တိတ်တဆိတ်တိုးလာတဲ့ လေညင်းလေးနဲ့ထိတိုက်မိတဲ့အခါတိုင်း ဒူးတွေတုန်အောင်ချမ်းပါတယ်။
ဆောင်းက တိတ်ဆိတ်တယ်။ဆောင်းက လျှို့ဝှက်တတ်တယ်။
ဆောင်းနှင်းလေးတွေက ကဗျာဆန်တယ်။ဆောင်းသီချင်းလေးတွေက နားဝင်ချိုတယ်။
ဆောင်းညလေးမှာ လေညင်းလေးနဲ့အတူတူပျံ့လွင့်လာတဲ့ ညမွှေးပန်းရနံ့လေးကိုသတိရပါတယ်။
ဆောင်းနှင်းစက်လေးတွေနဲ့ ဆောင်းနှင်းပွင့်လေးတွေကိုငေးမောရင်း...
ဆောင်းအတိတ် ဆောင်းအရိပ်အောက်မှာ ဆောင်းသီချင်းလေးတွေဆိုညီးရင်း....
လွမ်းရပါတယ်....ဆွေးရပါတယ်....ကြေကွဲခဲ့ရပါတယ်။
ဆောင်းကလျှို့ဝှက်တယ် ဆောင်းအိပ်မက်တွေက ကဗျာဆန်တယ်။
ဆောင်းညလေးက ရှည်လျားပေမယ့် ဆောင်းမနက်လေးကတော့ အေးစက်ပါတယ်။
ဆောင်းကို ကျွန်တော်ချစ်တယ်။ကျွန်တော်မြတ်နိုးတယ်။ဆောင်းပြန်လေးညှင်းလေးတွေတိုက်လို့
ဆောင်းညလေးတွေကုန်လွန်ချိန်ရောက်ရင် ကျွန်တော်ဆောင်းကိုပိုပြီးချစ်မိတယ်။
ဒါပေမယ့် ဆောင်းရယ်.... ဆောင်းအကုန်...နွေကူးချိန်ရောက်လို့ ဥသြလေးတွေတေးဆိုချိန်ရောက်ရင်
ရင်မှာရှင်သန်လာတဲ့ ဆောင်းနှင်းစက်တွေကြောင့် ကိုယ်အခုတော့ ဆောင်းညရှည်တွေကြားမှာ
ဆောင်းဦးရွက်ကြွေတွေနဲ့အတူ လွင့်မျောခဲ့ပါပြီ။ဆောင်းကုန်လို့ နွေရောက်တိုင်း ဆောင်းကိုအမြဲသတိရနေမယ်နော်....ဆောင်း....

No comments: