Saturday, January 21, 2012
ဘဝ
လူတိုင်းမှာ ဘ၀ကိုယ်စီရှိကြတယ်။ကျွန်တော်လဲ ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့။
အမိတက္ကသိုလ်ကနေခွဲခွါလို့ လောကလမ်းတွေပေါ်ရောက်ရှိလာတော့ ကျွန်တော်သိပ်ကြောက်မိတာပေါ့။
လူတိုင်းက ကိုယ့်အတ္တနဲ့ကိုယ်ရှိကြလေတော့ တစ်ခါတစ်လေတော့လဲစိတ်ညစ်ရတာပေါ့လေ။
စိတ်ညစ်ရတဲ့နေ့တွေများလာတော့ လောကကြီးကိုစိတ်ကုန်မိလာပေါ့။ဒါပေမယ့်....
ကျွန်တော့်မှာခံနိုင်ရည်ရှိပါတယ်။ဒီလောက်တော့မမှု့ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ အရာရာတိုင်းအပေါ်
နားလည်သည်းခံပြီး ကိုယ့်ကိုယ်ကိုအားပေးရတာပေါ့။ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတော့လဲ ကျွန်တော်ဟာ မလဲရုံတစ်မယ်ပါပဲ။
ကျွန်တော်သိပ်ပြီးမထူးခြားလာပါဘူး။သိပ်ပြီးတော့လဲအပြောင်းအလဲမမြန်ပါဘူး။ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်
ကြိုးစားရင်းနဲ့ အရှုံးတွေကိုတောင့်ခံနေရတယ်။တစ်ခါတစ်လေတော့လဲ စိတ်လေမိတာပေါ့။
လိုတာမရတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုတောင် သတ်ပစ်ချင်လာတယ်။ဒါပေမယ့်..ကျွန်တော်မရူးမိုက်ပါဘူး။
အဲလောက်ထိလဲ သတ္တိမရှိပါဘူး။ကျွန်တော်လဲပြိုနေတာကို လက်ပိုက်ကြည့်နေနိုင်သူတွေကို အံသြမိတယ်။
လူတွေအများကြီးကြားမှာ ကျွန်တော်ဟာတစ်ယောက်တည်းဖြစ်နေတာကို ကျွန်တော်ကိုယ်တိုင်ပဲသိလိုက်ရတယ်။
ကျွန်တော့်ရဲ့ ချစ်သူငယ်ချင်းတွေကလဲ တစ်ယောက်ပြီးတစ်ယောက် လက်ပြနှုတ်ဆက်လို့ ကျွန်တော်တစ်ယောက်တည်း
လျှောက်လှမ်းနေရတဲ့ရက်တွေကလဲ မနည်းတော့ပါလား။လူဆိုတာ ကံကြမ္မာအတုံ့အလှည့်ကို ရင်ဆိုင်ရဲရမယ်လေ။
သာတုန်းတော့ စံရသလို နာရတော့လဲ ခံရတာပေါ့။ဘ၀ရဲ့ လှည့်ကွက်တွေကြားမှာ လဲရာကထ၊ကျရာတက်၊
ရှေ့သို့ဆက်လို့ အားတင်းထားတဲ့စိတ်ကို ကျွန်တော်မနည်းမွေးထားရတယ်။လူလူချင်းတူပေမယ့် အဆင့်အတန်းချင်းစကားပြောလာတော့
လမ်းမပေါ်လျှောက်သွားနေရတဲ့ ကျွန်တော့်ကို ဘယ်သူကအဖက်လုပ်မှာလဲ။အခုတော့ ဒါတွေအားလုံးကို ကျွန်တော်နားလည်သွားပါပြီ။
ဘ၀ဆိုတာ လိုတိုင်းတလို့မှမရတာ။ဖြစ်ချင်တိုင်းဖြစ်လို့မှမရတာ။အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့ ဒီကိုယ်ကြီးကိုနေ့စဉ်နဲ့အမျှပြုစုနေရင်းနဲ့
ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံ၊ကဲ့ရဲ့သံတွေကိုတွေလဲ မျက်လုံးမှိတ်၊နားပိတ်လို့ အသာလေးလှည့်ထွက်လာရတဲ့အခါတွေလဲ မနည်းတော့ပါဘူး။
ကိုယ်ပိုင်ဆိုင်တဲ့ ဒီဘ၀ကို ကိုယ်တိုင်ကလွဲရင်ဘယ်သူမှ နိမ့်ကျအောင်လုပ်လို့မရဘူးဆိုတာ ကျွန်တော်ယုံပါတယ်။
ကျွန်တော့်ဘေးက အားပေးသံတွေက ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ကျွန်တော့်ဘေးနားက ဒုက္ခတွေက လှေကားထစ်တွေပါ။
ကျွန်တော်ဒီအတိုင်းပဲ ဆက်သွားဦးမယ်။ကျွန်တော်ငြိမ်ငြိမ်လေးပဲနေလိုက်ဦးမယ်။
ကိုယ်တိုင်သည်သာ ဘ၀ရဲ့အရှင်သခင်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment