Saturday, December 31, 2011

နှင်းခိုတဲ့ငှက်



ညကလှတယ်။လကလဲသာနေတယ်။ညမွှေးပန်းလေးတွေရဲ့ ရနံ့လေးက တစ်လမ်းလုံးသင်းနေတယ်။
ဒီဇင်ဘာနှင်းမှုန်တွေကြားမှာ မြက်ခင်းစိမ်းလေးတွေပေါ်မှာနားခိုနေတဲ့ နှင်းစက်လေးတွေကိုကြည့်ရင်း
တစ်ဆောင်းသစ်ပြန်ပြီနော်။အခုဆို ဆောင်းငှက်လေးတွေရဲ့ တွန်ကျူးသံတွေကြားရတော့မယ်။
ရိုးပြတ်တောကြီးရဲ့ အလယ်မှာ စိမ်းလမ်းတဲ့ စိုက်ခင်းတွေ၊လမ်းတစ်ဖက်တစ်ချက်က ချောင်းရေစီးသံတွေနဲ့
သာယာတဲ့ညနေခင်းတွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းလာပြီနော်။တကယ်ဆို နှင်းမကွဲတဲ့ နံနက်ခင်းအလင်းမှုန်ပြပြမှာ
လမ်းလျှောက်ထွက်လာကြတဲ့ အရွယ်စုံ အားကစားသမားတွေရယ်၊ပြည်သူ့ရင်ပြင်ထဲမှာ သွေးပူလေ့ကျင့်ခန်းဆင်းနေကြတဲ့ သူတွေရယ်၊
သူတို့အားလုံးဟာ ဆောင်းရာသီရဲ့ အလှကို အပြည့်အ၀ခံစားနေကြလေရဲ့။ကျွန်တော်လဲ ဒီနေ့အစောကြီးနိုးနေတာနဲ့
တစ်ယောက်တည်းလမ်းလျှောက်ထွက်လာတာပေါ့။တစ်လမ်းဝင်တစ်လမ်းထွက်လျှောက်နေရင်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့
ကျွန်တော်ခဏနားပြီး ရေနွေးပူပူလေးသောက်ကြည့်တယ်။နေနတ်သားလေးနိုးထလာတဲ့အချိန်မို့ လောကကြီးကသာယာလိုက်တာ။
ဒီလိုဆောင်းနံနက်ခင်းတွေကုန်ဆုံးမှာကိုတော့ နှမျောမိတယ်ဗျာ။ဘာလိုလိုနဲ့ အခုဆို ဒီဇင်ဘာနေ့ရက်တွေကုန်ဆုံးတော့မယ်။
မကြာခင်နှစ်တစ်နှစ်ဆီကိုကူးပြောင်းကြတော့မယ်။နေ့၊လ၊ရက်တွေ ပြောင်းလို့ ဟောင်းနွမ်းကုန်တဲ့ အတိတ်နေ့ရက်တွေလဲ
အခုဆိုလွမ်းနေရပြီပေါ့။ကျွန်တော်ဆောင်းငှက်လေးတစ်ကောင်ဖြစ်ချင်တယ်။ဆောင်းရာသီမှာ နယ်ပြောင်းလာကြတဲ့ဆောင်းငှက်လေးကို
သဘောကျတယ်ဗျာ။ဒီဇင်ဘာရဲ့ အအေးဒဏ်ကိုသူတို့ ခံနိုင်ရည်ရှိကြတယ်။မြက်ခင်းတွေပေါ်မှာ တွဲလဲခိုနေတဲ့ နှင်းရည်လေးတွေကို သူတို့သောက်သုံးကြတယ်။
ထွက်သစ်စအဖူးအညွန့်လေးတွေကိုသူတို့ စားသုံးကြတယ်။ညရောက်တော့ ညမွှေးပန်းပင်ပေါ်မှာ သူတို့အိပ်စက်ကြတယ်။
ချယ်ရီပန်း၊စပယ်ပန်းတွေပွင့်တဲ့ ဆောင်းမှာ ကျွန်တော်ခရေပန်းလေးကိုပိုကြိုက်တယ်။အနံ့လေးကသင်းတယ်။နောက်ပြီး ခရေပန်းလေးတွေကောက်ရတာကိုသဘောကျတယ်။
ကျွန်တော်ငယ်ငယ်ကဆိုရင် ညီတွေ၊ညီမတွေနဲ့ မနက်တိုင်း ဘုန်းကြီးကျောင်းထဲမှာ ခရေပန်းသွားကောက်ကြတဲ့အချိန်လေးတွေကိုသတိရလိုက်တာ။
ခရေပင်းကြီးအောက်ရောက်နေတဲ့အခိုက်မှာ ကျွန်တော်ပြန်ငယ်သွားသလိုခံစားရတယ်။ဒါပေမယ့် အခုတော့ ကျွန်တော့်အနားမှာ ခရေပန်းလေးတွေလဲမရှိတော့ဘူး။
ခရေပင်ကြီးတွေလဲမတွေ့တော့ဘူး။ကျွန်တော့်ဘေးမှာရှိနေတာကတော့ အလွမ်းတွေ၊အဆွေးတွေပဲရှိတော့တယ်။
ဘ၀ရထားကြီးစီးရင်းနဲ့ တစ်ဘူတာပြီး၊တစ်ဘူတာ ဆိုက်တဲ့အခိုက် တစ်ချို့က လက်ပြနှုတ်ဆက်လို့နေခဲ့ကြတယ်။
တချို့က ရထားပြောင်းစီးကြတယ်။တချို့က အခန်းတွဲတွေပြောင်းစီးကြတယ်။အခုတော့ အချိန်ရထားကြီးခုတ်မောင်းလို့
ကြေမွခဲ့တဲ့နှလုံးသား ဆောင်းညတွေမှာဆွေးလို့နေပါပြီ။အိမ်ပြန်ချင်တဲ့အတွေးလေးရင်ဝယ်ပိုက်လို့ အမေ့မျက်နှာမြင်ယောင်ရင်းနဲ့ အလွမ်းတွေကိုမျိုသိပ်နေရပြီပေါ့။
လူပိုလို့ သတ်မှတ်ကြတဲ့ ကျွန်တော့်ကို လမ်းဘေးက လက်ဖက်ရည်ဆိုင်တွေ၊ဘီယာဆိုင်တွေက မျက်စပစ်နေကြတယ်။
အဖေကပြောတယ် ကျောင်းပြီးရင် အလုပ်လုပ်ပါတဲ့။ကျောင်းတုန်းကပျော်စရာလေးတွေပြန်တွေးလို့ မျက်ရည်တွေဝဲနေတဲ့အခိုက်
ဘ၀သံသရာသီချင်းလေးက ကျွန်တော့်ကို အားသစ်တွေပေးခဲ့တယ်။ မျှော်လင့်ချက်တွေကုန်ဆုံးနေချိန်မှာ ကဗျာတွေက အဖော်လုပ်ပေးတယ်။
ကျွန်တော်နေမကောင်းလို့ အိပ်ရာထဲမှာ လဲနေတဲ့အခိုက် ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့မိတ်ကောင်းဆွေကောင်းစာအုပ်လေးတွေက ကျွန်တော့်ကိုအားအင်တွေပေးစွမ်းတယ်။
နေရိပ်ညိုတဲ့ ဆည်းဆာချိန်ရောက်ပြန်တော့ ငှက်ကလေးတွေအိပ်တန်းတက်နေတာငေးရင်း ကျွန်တော့်ရဲ့ အပျင်းတွေကိုပြေစေတာပေါ့။
မနက်မိုးသောက်အလင်းရောက်လို့ အပြင်ထွက်ပြန်တော့ ခိုလေးတွေအစာကျွေးနေတဲ့ကျောင်းသားလေးတွေကိုငေးရင်း ကျွန်တော်လဲ သူတို့လိုပဲကျောင်းသားလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ
ကျွန်တော်သတိရသွားပြန်တယ်။ကားဂိတ်မှာ ဘတ်စ်ကားအလာစောင့်နေတုန်း မျှော်လင့်မထားတဲ့ ငယ်သူငယ်ချင်းတွေနဲ့တွေ့တော့ ပျော်လိုက်တာ အရမ်းပဲ။
လက်ဖက်ရည်ဆိုင်ထဲမှာ အားရပါးရ စကားတွေပြောရင်း အလုပ်သွားချိန်ရောက်တော့ လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့တဲ့ ကျွန်တော့်ကို သူတို့အားပေးစကားတွေပြောသွားသေးတယ်။
လူကြပ်ကြပ်ဘတ်စ်ကားပေါ်မှာ တန်းလေးကိုမနည်းတွယ်ထားရင်းနဲ့ ငယ်ငယ်က စက်ဘီးအတူတူစီးခဲ့တဲ့ သူငယ်ချင်းတွေကို မယောင်မလည် သတိရမိသွားသေးတယ်။
အချိန်ကုန် လူပန်းလို့ နေ့တစ်နေ့ ကုန်ခါနီးအဆုံးမှာ မြူမှုန်လေးတွေကိုငေးမောရင်းအိမ်ပြန်ချိန် ရောက်ပြန်ပြီပေါ့။ကျွန်တော်အိမ်ပြန်တော့မယ်ဗျာ။
အိမ်ရောက်ရင် ဆောင်းငှက်လေးတွေဝရန်တာမှာ ကျွန်တော်လာတာကိုစောင့်နေရောပေါ့။အေးစက်တဲ့ နှင်းစက်တွေကြားမှာ နိုးထလာရဦးမယ့်
အာရုံဦးနေ့သစ်တွေ နောက်ထပ်နောက်ထပ်ဖြတ်သန်းချင်သေးတယ်။ကျွန်တော်ပြန်တော့မယ်။ငှက်ကလေးတွေလဲ အိပ်တန်းတက်ကြတော့မယ်။
အမှောင်ထုကြီးက ဖုံးလွှမ်းသွားလို့ ကြယ်တွေ၊လတွေတောင် အထက်ကောင်းကင်ယံမှာ နေရာယူနေကြပြီ။အိပ်တန်းတက်ဖို့ ဆောင်းငှက်လေးတွေလဲ
နေရာဦးနေကြပြီ။ဘတ်စ်ကားပေါ်ရောက်တော့ လွတ်နေတဲ့နေရာလေးမှာ ၀င်ထိုင်ရင်း ကုန်လွန်သွားပြန်ပြီ။ကုန်ဆုံးသွားပြန်ပြီ တစ်နေ့။
တစ်နေ့....ပြီးတော့ နောက်တစ်နေ့...ဒီလိုနဲ့ နှင်းခိုတဲ့ဆောင်းငှက်လေးတွေ...နေရပ်ကိုပြန်ဖို့နီးကပ်လာပြီနော်။
သူတို့အပြန် ကျွန်တော်နှုတ်ဆက်ချင်ပါသေးတယ်။နောင်နှစ်ဆောင်းမှာ ဆုံကြပါဦးစို့.....

No comments: