Sunday, December 25, 2011

စကားသည် အချစ်ဆေးတစ်ပါး

စကားသည် မည်သည့်အလုပ်၌မဆို လိုအပ်၏။
စကားပြောအတတ်ကို ကြီးပွားချမ်းသာလိုသူ၊
တိုးတက်လိုသူမှန်သမျှ လေ့ကျင့်သင်၏၊
အပြောအဟောကောင်းသူ၊ ပြောတတ်သူများသာ
လူရာဝင်၏၊ အများအထင်ကြီးလေးစားမှုကို ခံရ၏။
အပြောကောင်းသူ၊ အလိမ်ကောင်းသည်ဟူသော စကားကို ကျွန်တော်ဘ၀င်မကျပါ။ အဘယ့်ကြောင့်ဆိုသော် အ ပြောကောင်းသူတိုင်း အလိမ်ကောင်းကြသည်မဟုတ်သောကြောင့်တည်း။
လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ညာဖြန်းခြင်း စသည်တို့သည် လုပ်ဆောင်သူ၏ ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည် ဟု ထင်သည်။
လိမ္မာမှစကားတတ်သည်၊ ပြောမတတ်တော့ဆဲဟူသော စကားစုနှစ်ခုသည် စကားပြောခြင်းနှင့်ဆိုင်သော ဆုံးမစ ကားများဖြစ်ပါ၏။
လူတစ်ယောက်တွင် အရည်အချင်းမည်မျှရှိသည်ကို သိလိုလျှင် ထိုသူပြောဆိုသော စကားသွား စကားလာကို လေ့ လာခြင်းဖြင့် သိနိုင်၏။
ရှေးလူကြီးသူမများက-
ပညာရှိဟု သိအပ်ခြင်းရာ၊ လက္ခဏကား၊ ကောင်းစွာအကြံ၊ ကောင်းမှုစကား၊ ကောင်းသောအမှု၊ ဤသုံးခုကိုပြုဘိမှ သာ၊ ပညာရှိဟု၊ သတိချပ်ရ၊ လွယ်နိုင်မျှ ဟူ၍ သွန်သင်ညွှန်ပြထားလေသည်။
အထက်ပါဆုံးမစကားကို ဆန်းစစ်လျှင် လူတစ်ယောက်၏ အကြံအစည်၊ သူပြောပြသောစကား၊ သူလုပ်သောအလုပ် ဤသုံးခုကိုကြည့်ခြင်းဖြင့် ပညာရှိဟုတ်၊ မဟုတ် အကဲခတ်ဆုံးဖြတ်နိုင် သိရှိနိုင်ပါ၏။
စကားသည် အချစ်ဆေးတစ်ပါးဖြစ်၏။ စကားကို သူတစ်ပါးနားဝင်ချိုအောင် မေတ္တာဓာတ်ခံနှင့်ပြောတတ်လျှင် ရန်သူ ပင်စိတ်ပြေ၍ မိတ်ဆွေဘ၀သို့ ကူးပြောင်းရောက်ရှိနိုင်သည်ဟု အဆိုရှိသည်။ မိတ်ဆွေဖြစ်ပြီးသူများကိုမူကား ပို၍ပျော်ရွှင်ချမ်း မြေ့နှစ်သိမ့်ကြည်နူးစေနိုင်ပေလိမ့်မည်။
စကားပြောကောင်းခြင်းသည် ပြောသူကို လူအများ လက်ငင်းချက်ချင်း အထင်ကြီးစေသည်။ မိမိအလိုသို့ လိုက်ပါလာ အောင် စည်းရုံးသိမ်းသွင်းနိုင်၏။ အခြားအရည်အချင်းများ မည်မျှရှိစေကာမူ တဖြည်းဖြည်းမှသာ ထိုအရည်အချင်းများပေါ်နိုင် ၏။ ချက်ချင်းလက်ငင်း အကျိုးမပြနိုင်ပေ။ စကားပြောကောင်းသူအဖို့ အကျိုးကျေးဇူးကို အလျင်အမြန်ခံစားရလေ့ရှိ၏။
စကားသည် မည်သည့်အလုပ်၌မဆို လိုအပ်၏။ စကားပြောအတတ်ကို ကြီးပွားချမ်းသာလိုသူ၊ တိုးတက်လိုသူမှန်သ မျှ လေ့ကျင့်သင့်၏။ အပြောအဟောကောင်းသူ၊ ပြောတတ်သူများသာ လူရာဝင်၏။ အများအထင်ကြီးလေးစားမှုကို ခံရ၏။
စကားပြောကောင်းခြင်းသည် မိမိအားရောက်လိုသော အခြေအနေ၊ ဖြစ်စေချင်သော ရည်မှန်းချက်၊ မျှော်မှန်းသည့် ပန်းတိုင်သို့ လျင်စွာပို့ဆောင်ပေးပေလိမ့်မည်။
စကားပြောကောင်းမှ ခေါင်းဆောင်ကောင်းဖြစ်နိုင်၏။ စကားသည် လူ့ဦးနှောက်ကထွက်သော ဥာဏ်လက်နက်၏ တံခွန်ဖြစ်သည်။ လေကဲ့သို့ပေါ့သော်လည်း မိုးကြိုးကဲ့သို့ ထစ်ချုန်းနိုင်သည်ဟု ဆိုစမှတ်ပြုကြ၏။
ကွယ်လွန်သူ အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းသည် ကျေးတောသားတစ်ဦးဖြစ်ပြီး မိဘများမှာ လွန်စွာ ဆင်းရဲသည်။ ၄င်းသည် ရှေ့ နေများ၊ နိုင်ငံရေးသမားများကို အားကျ၏။ သူတို့လို ကြီးပွားတိုးတက်အောင်မြင်ချင်သည်။ သူတို့ တွင်ရှိသော အရည်အချင်းမျိုး သူ့တွင်ရှိလာအောင် ကြိုးစားသည်။ ထိုအရည်အချင်းမှာ စကားပြောကောင်းသူဖြစ်ရန် လိုအပ် ကြောင်း သူကောင်းကောင်းသိမြင်သည်။ ဤသို့ဖြင့် သူသည် စကားပြောကောင်းသူဖြစ်ရန် အပြင်းအထန်လေ့ကျင့်၏။ စကား ပြောကောင်းသူဖြစ်ရန် အာဝဇ္ဇန်းရွှင်ဖို့လိုသည်။ စကားလုံးပြောင်မြောက်ဖို့လိုသည်။ ချက်ကျလက်ကျပြောတတ်ဖို့လိုသည်။ ထို့အပြင် ပညာအဆင့်အတန်းရှိသော ပရိသတ်ရှေ့ တွင် စကားပြောဆိုသည့်အခါ စကားလုံးအသုံးအနှုန်းများ အံဝင်ခွင်ကျဖြစ် ရန် အရေးကြီးသည်။ သဒ္ဒါဝါကျမှန်ကန်စွာ သုံးစွဲရန် လိုအပ်သည်။
ဤမျှနှင့် မလုံလောက်သေး၊ လင်ကွန်းသည် စာကြီးပေကြီးများကို ရှာဖွေဖတ်ရှုသည်။ ခါခမ်၏ သဒ္ဒါကျမ်းကို လေ့လာ ဖတ်ရှုသည်။ နားမလည်သောအပိုင်းများကို တတ်ကျွမ်းသူထံ မေးမြန်းပြီး ဆည်းပူးသင်ယူသည်။ စာသားများကို အလွတ် ကျက်မှတ်သည်။ လင်ကွန်းသည် အဘိဓာန်များ၊ ရေးထုံးကျမ်းများ ဥပဒေကျမ်း၊ နိုင်ငံရေးကျမ်းများစွာကို ကျေညက်အောင် ဖတ်ရှုလေ့လာသည်။ နောင်အခါတွင် လင်ကွန်းသည် စာတတ်ပေတတ်၊ ပညာတတ်ကြီးများ၏ လေးစားမှုကိုခံရပြီး ပညာဗဟု သုတပြည့်ဝသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။
စကားပြောကောင်းသူတစ်ဦးဖြစ်ရန် စာများများဖတ်ခြင်း၊ စကားပြောကောင်းသူတို့၏ ဟောပြောချက်ကို နားထောင် ခြင်း၊ မိမိကိုယ်တိုင်ပြောနိုင်၊ ဆိုနိုင်အောင် လေ့ကျင့်ခြင်းဖြင့် စကားပြောကောင်းသူတစ်ဦးဖြစ်လာရန် ပျိုးထောင်ရပေမည်။
စာရေးဆရာကြီးများသည် အများအားဖြင့် စကားပြောကောင်းကြသည်။ ၄င်းတို့၏ စဉ်ဆက်မပြတ်စာပေရေးသား ခြင်း၊ စာဖတ်ခြင်းအလေ့အကျင့်သည် စကားပြောရာတွင် လွန်စွာအထောက်အကူရစေသည်။ နေရာ၊ ဒေသအလိုက်၊ ပရိ သတ်အမျိုးအစားအလိုက်ပြောဆိုရန် ဝေါဟာရစကားလုံးများ၊ အသုံးအနှုန်းများ ထိုစာရေးဆရာကြီးတွင် အသင့်ရှိနေသည်။ စကား၏ပြောသည့်အခါ ဝေါဟာရစကားလုံးများ၊ အသုံးအနှုန်းများ ထိုစာရေးဆရာကြီးတွင် အသင့်ရှိနေသည်။ စကားပြော သည့်အခါ ဝေါဟာရစကားလုံးများ အစီအရီထွက်လာသည်။ ပုံတိုပတ်စပြောဖို့လိုလျှင် ပြောရသည်။ ဟာသပြောသင့်က ပြော ရ၏။ နားထောင်သူပရိသတ် မငြီးငွေ့စေရန် ဟန်ပန်မူရာ၊ လေယူလေသိမ်းမှအစ သတိထား၍ လှုပ်ရှားပြောဆိုရ၏။
စကားပြောဆိုရာတွင်ဖြစ်စေ၊ ပရိသတ်ရှေ့ ဟောပြောရာတွင်ဖြစ်စေ မိမိကိုယ်စွမ်းကို ယုံကြည်စွာနှင့် ရဲရင့်စွာပြောဆို နိုင်ရန် အရေးကြီးသည်။ မကြောက်မရွံ့  ရဲဝံ့စွာပြောဆိုဖို့လိုသည်။ ထိုသို့ပြောဆိုနိုင်ရန် ကြိုတင်ပြင်ဆင်မှုကို ပြည့်စုံအောင် ပြု လုပ်ထားသင့်သည်။
(၁)    မိမိပြောဆိုမည့် အကြောင်းအရာသည် မိမိအတွက် စိတ်အားထက်သန်သည့် အကြောင်းအရာဖြစ်ရမည်။
(၂)     အကြောင်းအရာ အချက်အလက်ကို အစမှအဆုံး သေချာစွာနားလည်ထားပြီး ပရိသတ်ထဲမှ တစ်စုံတစ် ယောက်က ထ၍မေးလျှင် ရှင်းပြနိုင်ရမည်။
(၃)    စကားပြောဆိုရာတွင်ဖြစ်စေ၊ ဟောပြောရာတွင်ဖြစ်စေ အသံ၏ ကောင်းခြင်းရှိရန်လိုသဖြင့် အသံကောင်း အောင် ထိန်းသိမ်လေ့ကျင့်ထားရမည်။ (မှတ်ချက်- အသံချဲ့ စက်ကို အသုံးပြုမည်ဆိုလျှင် စက်ကောင်းမ ကောင်း ဦးစွာ စစ်ဆေးကြည့်ရန်)
ကျွန်တော်နှင့်အတူ စာပေဟောပြောပွဲတစ်ခုတွင် ပါဝင်ပြောဆိုဖူးသော စာရေးဆရာကြီးတစ်ဦးဆိုလျှင် လွန်စွာစေ့စပ် သူဖြစ်သည်။ စကားပြောစင်၏ အနိမ့်အမြင့်ကိုလည်းကောင်း၊ အသံချဲ့ စက်၏ အခြေအနေကိုလည်းကောင်း ၄င်းကိုယ်တိုင် စစ်ဆေးပြီးကျေနပ်မှသာ ဟောပြောသည်။ ပထမတွင် ကျွန်တော်သည် ၄င်းအား ကြီးကျယ်သည်ဟု ထင်မိခဲ့သော်လည်း ကိုယ်ကိုယ်တိုင်ဟောပြောသည့် အလုပ်ကိုလုပ်ရသည့်အခါ ကြိုတင်လေ့လာစစ်ဆေးထားခြင်းမရှိသဖြင့် အဆင်မပြေမှုနှင့် ကြုံခဲ့ရဖူးလေသည်။
မည်သည့်အလုပ်ကို လုပ်သူပင်ဖြစ်စေ စကားနှင့်ကင်း၍ မရနိုင်ပေ။ ပညာတတ်ချင်း၊ အလုပ်ကောင်းချင်းတူသူနှစ် ယောက်တွင် အခြားအရည်အချင်းများတူနေကြလျှင် တစ်ယောက်ကစကားပြောကောင်း၍ တစ်ယောက်က စကားပြောမ တတ်လျှင် ပထမလူသည် ဒုတိယလူထက် အဆင့်အတန်းမြင့်လာရမည်မှာ သေချာသည်။
ထို့ကြောင့် ကျွန်တော်တို့သည် စကားပြောကောင်းသူဖြစ်ရန် ကြိုးစားခြင်းဖြင့် မိမိဘ၀၏ အောင်မြင်တိုးတက်မှုကို ရယူပိုင်ဆိုင်နိုင်ကြစေရန် အကြံပြုရပါ၏။


မူရင်း-ညချစ်သူ


No comments: